သဲကန္တာရ မြေခွေး

သဲကန္တာရ မြေခွေး
Published 28 February 2016
နီမင်းဆွေ

လောကမှာ လူတွေဟာ အသက်နဲ့ရင်းလာရတဲ့ အချိန်မျိုးမှာ အစွဲအလမ်းထားတတ်ကြလေ့ ရှိပါတယ်။ ဗီယက်နမ်စစ်ပွဲတုန်းက အမေရိကန်စစ်သားတွေရဲ့ လက်မောင်းတွေမှာ အဆောင်လက်ဖွဲ့တွေ ပတ်ထားကြတာကို ကမ္ဘာကျော်မဂ္ဂဇင်းကြီးတစ်ခုက ဓာတ်ပုံနဲ့ တကွ ဖော်ပြတာကို တွေ့ခဲ့ရဖူးပါတယ်။ အဲဒီ အဆောင်လက်ဖွဲ့တွေကတော့ သူတို့ကိုးကွယ်ဆည်းကပ်တဲ့ ဘုန်းတော်ကြီးတွေက လုပ်ပေးလိုက်တဲ့ လက်ဖွဲ့တွေတော့ မဟုတ်ကြပါဘူး။ ဗီယက်နမ်ကျေးရွာတွေက ဗီယက်နမ်လူမျိုး ပယောဂဆရာတွေ စီမံပေးလိုက်တဲ့ လက်ဖွဲ့တွေသာဖြစ်ကြပါတယ်။ ကျည်ဆန်ပြီးသလား ဗုံးဆန်ပြီးသလား ဘာသောညာသော တွေးတောမနေတော့ပါဘူး။ဟုတ်သော်ရှိ မဟုတ်သော်ရှိ၊ သူများလုပ်သလို ကိုယ်လိုက်လုပ်လိုက်ရမှ နေသာထိုင်သာရှိသွားတာမို့ လိုက်လုပ်ကြတာပါပဲ။ ဒါဟာလူသားတွေရဲ့ အားနည်းချက်တစ်မျိုးဖြစ်ပြီး ကျဉ်းထဲကျပ်ထဲ ရောက်လာတဲ့အချိန်မျိုးမှာ လူတွေဟာ ကိုယ်ပိုင်စိတ်တန်ခိုး အာနိသင်တွေ လျော့ပါးလာတတ်လေ့ရှိတဲ့ သာဓကတွေပဲဖြစ်ပါတယ်။ ၁၉၅၁ ခုနှစ်မှာ ပေါ်ထွက်ခဲ့တဲ့ 'သဲကန္တာရမြေခွေး’The Desert Foxဆိုတဲ့ ဇာတ်ကားကို ပြန်ကြည့်လိုက်မိတဲ့အခါမှာတော့ ဒီလိုအမူအကျင့်မျိုးတွေဟာ သာမန်အောက်ခြေ ရဲဘော်လေးတွေမှာတင် ဖြစ်တတ်ကြလေ့ရှိတာ မဟုတ်ပါလားဆိုတာကို သိလိုက်ရပါတယ်။
အဲဒီ ရုပ်ရှင်ဇာတ်ကားစပြပြီး မကြာခင် ဇာတ်ဝင်ခန်းတစ်ခန်းမှာ တိုက်ပွဲမှာဖမ်းမိထားတဲ့ ဗြိတိသျှစစ်သည်တွေကို ဂျာမန်စစ်သည်တွေက စောင့်ကြပ် ခေါ်ဆောင်လာတဲ့ အခန်းကို ပြပါတယ်။ နေရာကတော့ အီဂျစ်နိုင်ငံ မြောက်ပိုင်းက“အယ် အယ်လမိန်း”ဆိုတဲ့ စစ်မြေပြင်မှာဖြစ်ပြီး အချိန်ကတော့ ၁၉၄၂ ခုနှစ်မှာပါ။ ဂျာမန်စစ်သည်တွေက မဟာမိတ် စစ်သုံ့ပန်းတွေကို အဲဒီလိုခေါ်ဆောင်လာတဲ့ အချိန်မှာပဲ မဟာမိတ်တွေဘက်က ပစ်လိုက်တဲ့ အမြောက်ကျည်ဆန်တွေဟာ ဟိုကျဒီကျနဲ့ သူတို့အနားမှာ လာလာကျနေကြပါတယ်။ အဲဒီအခါမှာ ဂျာမန်ဗိုလ်မှူးတစ်ယောက်က သုံ့ပန်းတွေထဲမှာ ရာထူးအကြီးဆုံးဖြစ်တဲ့ ဗြိတိသျှ ဒုဗိုလ်မှူးကြီး“ဒက်စမွန်ယန်း”ကို “မင်း ဒီအလံဖြူကို ကိုင်ပြီး မင်းတို့တပ်ဖွဲ့တွေဘက်ကို ပြန်လျှောက်သွား၊ ပြီးတော့ အမြောက်ဆက်မပစ်နဲ့တော့ ငါတို့အားလုံးသေကုန် လိမ့်မယ်လို့ သွားပြောချေ”ဆိုပြီး ခိုင်းလိုက်ပါတယ်။ ဒုဗိုလ်မှူးကြီးယန်းက “ကျွန်တော် အဲသလိုလုပ်လို့ မရပါဘူး။ ကျွန်တော်ဟာ စစ်သုံ့ပန်းတစ်ယောက် ဖြစ်ပါတယ်။ စစ်သုံ့ပန်းတစ်ယောက်ကို ဒီလိုလုပ်ခိုင်းလို့ မရပါဘူး”လို့ပြန်ငြင်းပါတယ်။ ဂျာမန်ဗိုလ်မှူးက “မင်းမလုပ်ရင် မင်းလုပ်အောင်ရတဲ့နည်းနဲ့ ငါခိုင်းပြမယ်”လို့ပြောပါတယ်။ အဲဒီလိုစကားအချေအတင် ဖြစ်နေချိန်မှာပဲ ဂျာမန်ဗိုလ်မှူးဟာ သူ့အထက်က ဂျာမန်စစ်သူကြီးခေါ်လို့ ခဏသွားရပါတယ်။ ယန်းဟာ ဂျာမန်ဗိုလ်မှူးနဲ့ အဲဒီစစ်သူကြီး စကားပြောနေတာကို လှမ်းမြင်တွေ့နေရပေမယ့် ဘာတွေပြောနေ ကြမှန်းတော့ မသိပါဘူး။ အဲဒီဗိုလ်မှူးပြန်လာတဲ့အခါ “အေး ဖီးမာရှယ်ကပြောတယ်ကွ၊ မင်းပြောတာမှန်တယ်တဲ့”လို့ ပြောလိုက်တဲ့အတွက် အံ့သြသွားပါတယ်။ ခဏအကြာမှာတော့ အဲဒီစစ်သူကြီးဟာ ဂျာမန်စစ်သူကြီး “အာဝင်ရွန်မဲ” Erwin Rommel ၁၈၉၁-၁၉၄၄ ဆိုသူ ဖြစ်နေတယ်ဆိုတာကို သိလိုက်ရလို့ ဒုဗိုလ်မှူးကြီးယန်းဟာ သတိဆွဲပြီး လှမ်းအလေးပြုလိုက်ပါတယ်။ ရွန်မဲက သူ့ကိုပြန်ပြီး အလေးတော့ မပြုခဲ့ပါဘူး။ ဒါပေမဲ့ ပြန်ပြီး လက်ပြ နှုတ်ဆက်လိုက်တာကိုတော့ တွေ့လိုက်ကြရပါတယ်။
အဲဒီဗြိတိသျှ ဒုဗိုလ်မှူးကြီး “ဒက်စမွန်ယန်း” ဟာ “သဲကန္တာရမြေခွေး”တစ်နည်းအားဖြင့်”ရွန်မဲရဲ့ဘဝဇာတ်ကြောင်း”ဆိုတဲ့ဝတ္ထုကို ရေးခဲ့သူပါပဲ။  စစ်ကြီးပြီးသွားတဲ့အချိန်မှာ ရွန်မဲရဲ့ ဇနီးဟာ မုဆိုးမဖြစ်နေပါပြီ။ ဂျာမနီမှာ သားဖြစ်သူနဲ့အတူ နေပါတယ်။ သူတို့နှစ်ယောက်အပြင် ဂျာမနီနဲ့ အင်္ဂလန်မှာ နေနေကြပြီး စစ်ကြီးအတွင်းမှာ ပါဝင်ခဲ့ကြတဲ့ သာမန်ရဲဘော်လေးကနေ ဖီးမာရှယ်အဆင့်ထိရှိတဲ့ မဟာမိတ်တွေနဲ့ ဂျာမန်စစ်သည်တွေ တော်တော်များများကို လိုက်လံရှာဖွေ တွေ့ဆုံမေးမြန်းပြီးမှ ဒီဝတ္ထုကို ယန်းက ရေးခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဒီဝတ္ထုထဲက အဖြစ်အပျက်တွေဟာ အမှန်တွေလို့ လူတွေက ခံယူထားကြပါတယ်။
“အယ် အယ်လမိန်း” စစ်ပွဲအပြီး ရွန်မဲ ဆေးရုံတက်နေတဲ့အချိန်မှာ ရွန်မဲတို့ မိသားစုဆရာဝန် ဒေါက်တာ “ခါးလ် စထရိုလင်”ဆို သူဟာ ဆေးရုံကို ရောက်လာပါတယ်။ စထရိုလင်က ဟစ်တလာကိုလုပ်ကြံမယ့် အစီအစဉ် ထဲမှာ ရွန်မဲပါဝင်ဖို့ သွေးဆောင်စည်းရုံးပါတယ်။ ရွန်မဲက လက်မခံခဲ့ပါဘူး။ အဲဒီနောက်ပိုင်း ရွန်မဲဟာ အတ္တလန္တိတ်တံတိုင်းလို့ ခေါ်တဲ့ဥရောပရဲ့ အနောက်ဘက်စစ်မျက်နှာကို ဦးစီးဖို့ ဟစ်တလာရဲ့ တာဝန်ပေးအပ် တာကို ခံခဲ့ရပါတယ်။ ပြင်သစ်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ “ခယ်လေ” ဆိုတဲ့ ပင်လယ်ကမ်းခြေမြို့လေး အနီးအနားတစ်ဝိုက်မှာ တပ်မပေါင်း ၉၀ ပါဝင်တဲ့ ဂျာမန်တပ်တော်ကြီး အမှတ် (၁၅)က ယာဉ်ယန္တရားနဲ့ တပ်ဖွဲ့ဝင်တွေအားလုံးကို အကုန်စုပြုံ တပ်စွဲထားတာ မသင့်ဘူးလို့ ရွန်မဲက ဟစ်တလာကို အကြိမ်ကြိမ်တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဟစ်တလာက လက်မခံခဲ့ပါဘူး။ မဟာမိတ်တပ်တွေ ပြင်သစ်နိုင်ငံတောင်ပိုင်း နော်မန်ဒီအရပ်ဒေသမှာ ၆.၆. ၁၉၄၄ ရက်က ကမ်းတက်ပြီးခဲ့တဲ့ အချိန်မှာ တောင်” အဲဒါဟာ အဓိက စစ်ကြောင်းမဟုတ်သေးဘူး၊ ယောင်ပြတွေကွ၊ တကယ့်အဓိက စစ်ကြောင်းက အခုမကြာခင်မှာမှ ခယ်လေ တစ်ဝိုက်ကနေ ကမ်းတက်တော့မှာ”လို့ ဆိုနေပြန်တော့ အဲဒီအချိန်က သူ့ထက်ရာထူးကြီးတဲ့ ဂျာမန်စစ်သူကြီး ဖီးမာရှယ်”ရွန်းစတက်”နဲ့ ရွန်မဲတို့လည်း  ဘာပြန်ပြောရမှန်းတောင် မသိကြတော့ပါဘူး။                                                                                                    
ဟစ်တလာ အခုလိုလုပ်နေတာဟာ အခုတကယ် ဖြစ်နေတဲ့လက်ရှိ ပစ္စက္ခ အခြေအနေတွေပေါ် မူတည်ပြီး လက်တွေ့ကျကျ ဆင်ခြင်ဆုံးဖြတ်သုံးသပ်ပြီးမှ လုပ်နေတာမျိုးမဟုတ်ဘဲ သူ့အနားမှာရှိနေကြတဲ့ နက္ခတ်ဗေဒင်ပညာရှင်တွေရဲ့ ဟောပြောချက်တွေအတိုင်း ဟစ်တလာ လိုက်လုပ်နေတာလို့ ဖီးမာရှယ် “ရွန်းစတက်”က ရွန်မဲကို ပြောပြခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရွန်မဲဟာ ဟစ်တလာနဲ့ နှစ်ယောက်တည်း တွေ့ပြီး အခြေအနေမှန်ကို ရဲရဲလက်ခံဖို့နဲ့ သဘာဝကျကျ သုံးသပ်ပြီးမှ လုပ်ဖို့ ကြောက်ကြောက်နဲ့ ဇွတ်အတင်း တိုက်တွန်းခဲ့ပါသေးတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ကိုယ်ပြောတဲ့စကားထက် နက္ခတ်ဗေဒင်ဆရာတွေရဲ့ ဟောကိန်းတွေကိုသာ ပိုပြီးယုံကြည်အားထားနေတဲ့ ဟစ်တလာဟာ နိုင်ငံ့အတွက် မှန်းချက်နဲ့ နှမ်းထွက်မကိုက်တော့ပါလား ဆိုတာကို ရွန်မဲ သိလိုက်ရပါပြီ။ ဒီအချက်ဟာ ရွန်မဲကို တွေဝေသွားစေပြီး သူနဲ့ နှစ်နှစ်ဆယ်ကျော်ကြာ ရင်းနှီးခဲ့တဲ့ ဒေါက်တာစထရိုလင် ပြောသွားခဲ့တဲ့ စကားတွေကိုလည်း ပြန်လည် သတိရသွားစေခဲ့တာ ဖြစ်တယ်။ အဲဒီနောက်မကြာခင်မှာ ရွန်မဲဟာ ပြင်သစ်နိုင်ငံထဲ ကားနဲ့ ခရီးသွားနေတုန်း မဟာမိတ် တိုက်လေယာဉ်တွေက ပစ်လိုက်တဲ့ စက်သေနတ်ကျည်ဆန် ထိမှန်သွားလို့ ဆေးရုံတက်ရပါတယ်။ ရွန်မဲဆေးရုံတက်နေတုန်း ၂၀.၇.၁၉၄၄ ရက်မှာ ဂျာမန်ဗိုလ်မှူးကြီး “ရှတောင် ဖင်ဘတ်”ဆိုသူက ဟစ်တလာတို့ အစည်းအဝေး လုပ်နေတဲ့ ခန်းမထဲမှာ ဗုံးထောင်ပါတယ်။ ဗုံးကွဲပြီး လူအများအပြား သေကျေသွားကြပေမယ့် ဟစ်တလာကတော့ အသက်ဘေးကနေ လွတ်မြောက်သွားခဲ့ပါတယ်။ ဒီလုပ်ကြံမှုမှာ ပါဝင်ပတ်သက်တယ်လို့ အထင်ခံရသူ လူငါးထောင်လောက် အသတ်ခံခဲ့ကြရပါတယ်။ တစ်ပေလောက်မြင့်တဲ့ ခွေးခြေလေးပေါ်မှာ မတ်တတ်ရပ်ခိုင်းပြီး Piano Wire လို့ခေါ်တဲ့ သံမဏိကြိုးမျှင်မျှင်လေးနဲ့ ဆွဲကြိုးချ သတ်နည်းမျိုးနဲ့ပဲ အများဆုံး သတ်ခဲ့တာဖြစ်ပါတယ်။
ဒီလို ကွပ်မျက်မှုမျိုးဟာ အင်မတန်မှ ရက်စက်လွန်းပြီး လူမဆန်တာမို့ ကြားရသူတိုင်း သွေးပျက်မတတ် ဖြစ်ကြရပါတယ်။
နောက်မကြာခင်မှာ ဟစ်တလာစေလွှတ်လိုက်တဲ့ ဗိုလ်ချုပ်ကြီး “ဘားဒေါ့” ဆိုသူဟာ ရွန်မဲရဲ့ အိမ်ကို ရောက်လာပါတယ်။ နောက်ပြီး ရွန်မဲကို နည်းလမ်းနှစ်သွယ်ရွေး ခိုင်းပါတယ်။
ပထမနည်းလမ်းကတော့ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စစ်ခုံရုံးတင်စစ်ဆေးပြီး ပြင်းထန်တဲ့ဝေဒနာကို ခံစားပြီးမှ အသက်အသေခံမလား၊ သူယူလာခဲ့တဲ့ သုံးစက္ကန့်အတွင်းမှာ ဝေဒနာမခံစားရဘဲ သေစေနိုင်တဲ့ အဆိပ်ကိုစားပြီး သေမလား၊ အဲဒီလိုအဆိပ်စားပြီး သေလိုက်ရင် တိုက်ပွဲမှာရခဲ့တဲ့ ဒဏ်ရာကြောင့် သေဆုံးကြောင်း ကြေညာပြီး နိုင်ငံတော်ဈာပနနဲ့ သင်္ဂြိႋုဟ်ပေးတာကိုခံရမယ်လို့ ပြောပါတယ်။ အဲဒါတွေထက် အရေးကြီးတဲ့အချက်ကို ရွန်မဲ စဉ်းစားလိုက်မိပါတယ်။ အဲဒါကတော့ ဇနီးသည်နဲ့ သားဖြစ်သူတို့ရဲ့ နောင်ရေးပါပဲ။ ဇနီးသည်နဲ့ သားဖြစ်သူတို့ အနာဂတ်ကာလမှာ အေးအေးချမ်းချမ်းနဲ့ အသက်ရှင် နေထိုင်သွားနိုင်ရေးအတွက် ရွန်မဲဟာ အဆိပ်စားပြီးအသေခံဖို့ အိမ်ကနေကားနဲ့ ထွက်ခွာသွားတဲ့ ပြကွက်နဲ့ ရုပ်ရှင်ကို အဆုံးသတ်လိုက်ပါတယ်။
ဂျာမန်စစ်သူကြီး ရွန်းစတက်နဲ့တကွ ဂျာမန်ပြည်သူတွေကတော့ သူတို့ခေါင်းဆောင်ကြီးအပေါ်မှာ သစ္စာခိုင်မြဲခဲ့ကြပါတယ်။ သွေးတစ်စက်မြေကျပြီးရင် နိုင်ငံအတွင်းမှာ အတောမသတ်နိုင်အောင် သွေးချောင်းစီးနေတတ်တယ်လို့ ခံယူထားကြသူတွေဖြစ်လို့ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲလို့ သဘောထားပြီး သူတို့တစ်တွေ ရင်စည်းခံသွားကြတာပါပဲ။
တော်လှန်သွေဖည်ဖို့ လုံးဝစိတ်ကူးမရှိခဲ့ကြပါဘူး။ အဲဒီလိုလုပ်လိုက်ရင် ပြည်တွင်းစစ်ကြီး ဖြစ်လာမယ်လို့ ယုံကြည်တဲ့အတွက်လည်း မလုပ်ကြတာပါ။ သူတို့ အမှန်တကယ်လိုချင်တဲ့ အရာတစ်ခု ရှိခဲ့တဲ့အကြောင်းကိုတော့ စာရေးဆရာက ဇာတ်ကောင်တစ်ကောင်ဆီမှာ ဝင်ပူးပြီး ပြောသွားခဲ့ပါတယ်။ အဲဒါကတော့ “စစ်မနိုင်ရင်လည်း နေပါစေ၊ ဂုဏ်သရေရှိရှိနဲ့ အရှုံးကို ရင်ဆိုင်သွားဖို့လည်း အဆင်သင့်ပါပဲ၊ ဒါပေမဲ့ နောက်နောင်မှာ အကြောက်တရားနဲ့တော့ လူမလုပ်ချင်ကြတော့ဘူး”ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ ခေါင်းဆောင်တွေဟာ ကိုယ့်တိုင်းပြည်ကောင်းအောင် လုပ်ကြတယ်ဆိုပေမယ့် အန္တရာယ်ကင်းလက်ဖွဲ့ ဆောင်ထားတဲ့သူတွေကိုကြည့်ပြီး “ဒီလုပ်နည်းလုပ်ဟန်ကလည်း သိပ်မဆိုးလှဘူး၊ ကောင်းသားပဲ” ဆိုပြီး မှတ်ချက်ပေးကြမယ်ဆိုရင်တော့ သာမန်လူတစ်ယောက်ထက် အမြင်မပိုတာမို့ သိပ်မနိပ်လှပါဘူး။ ဒါပေမဲ့ တိုင်းပြည် ကျဉ်းထဲကျပ်ထဲရောက်လာတဲ့ အချိန်အခါမျိုးမှာတော့ အရည်အချင်းရှိတဲ့ ခေါင်းဆောင်အနေနဲ့ နက္ခတ်ပညာရှင်တွေထက် အတွေ့အကြုံရင့်ကျက်ပြီး အသိဉာဏ် ထက်မြက်သူ လူတော်လူကောင်းတွေကိုလည်း ကိုယ့်အပါးမှာ ဝန်းရံထားဖို့တော့ လိုလိမ့်မယ်လို့ အောက်မေ့မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခေါင်းဆောင်တစ်ယောက်ဟာ တစ်ချက်ကလေး ဆုံးဖြတ်ချက်မှားသွားတာနဲ့ ပြည်သူအားလုံးမှာတော့ ဘဝနဲ့ရင်းပြီး ခံသွားတတ်ကြရလေ့ရှိလို့ပါပဲ။