ပိုင်ဆိုင်မှုတွေကို ဘယ်လိုနည်းနဲ့ မှန်ကန်စွာ နေရာချထားမလဲ

ပိုင်ဆိုင်မှုတွေကို ဘယ်လိုနည်းနဲ့ မှန်ကန်စွာ နေရာချထားမလဲ
Published 27 February 2016
ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)

လူတစ်ဦးချင်းက လူ့ဘဝအတွင်းကို ရောက်ရှိလာတာနဲ့ တစ်ပြိုင်နက် ပိုင်ဆိုင်မှုတွေနဲ့ ပေးဆပ်မှုတွေ ရှိလာတယ်။ ပိုင်ဆိုင်မှုလို့ဆိုရာမှာ မှန်ကန်တဲ့ ပိုင်ဆိုင်မှုရှိဖို့ လိုအပ်သလို ပေးဆပ်ကြရာမှာလည်း မှန်ကန်တဲ့ ပေးဆပ်မှုတွေရှိဖို့ လိုလာတယ်။ မှန်ကန်တဲ့ ပိုင်ဆိုင်မှုလို့ဆိုရာမှာ တရားသော နည်းလမ်းနဲ့ ရယူပိုင်ဆိုင်မှု ဖြစ်ပါတယ်။ မှန်ကန်တဲ့ ပေးဆပ်တာတွေ ရှိပါမှ မှန်ကန်တဲ့ ပိုင်ဆိုင်မှုတွေ ရှိလာစေမှာဖြစ်တယ်။ ဒါကို အမှန်မသိကြသူတွေက အတ္တလို့ခေါ်တဲ့ ကိုယ်ကျိုးစီးပွား တစ်ခုတည်းကိုသာ ကြည့်ပြီး ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ အဝိဇ္ဇာဖုံးနေတဲ့ မတော်လောဘစိတ်တွေနဲ့ မတော်မတရားရယူ ပိုင်ဆိုင်မှုတွေ လုပ်ခဲ့ကြတယ်။ပျံလွန်တော်မူသွားပြီဖြစ်တဲ့ ဆုထူးပန် ဆရာတော်ရဲ့ သြဝါဒတစ်ခုမှာ "လှူတာဟာ ယူတာပါပဲ" ဆိုတာ မှတ်သားရဖူးတယ်။ စာရေးသူတို့ မြန်မာစကားတစ်ခုမှာ "အလှူပေး သူဌေးဖြစ်" ဆိုတာနဲ့ တစ်သဘောတည်း ဖြစ်ပါတယ်။လှူတာတစ်ခုတည်းနဲ့ ဆင်းရဲခြင်း ကင်းရာ နိဗ္ဗာန်ကို မရောက်နိုင်သေးပေမယ့် ကျင်လည်ရာ ဘဝအဆက်ဆက်မှာ ချမ်းသာသုခကို ခံစားစံစားရနိုင်တဲ့ သဘောဖြစ်တယ်။ ဒီဘဝမှာ ချမ်းသာကြွယ်ဝသူတွေက အဆက်ဆက် ဘဝမှာ အလှူဒါန မျိုးစေ့ချ ကောင်းခဲ့သူတွေ ဖြစ်တယ်ဆိုတဲ့ သဘောဖြစ်တယ်။ဒီဘဝမှာ မင်းစိုးရာဇာအဖြစ် ရောက်ရှိကြတဲ့ သူတွေကလည်း အတိတ်ဘဝကု သိုလ်ကံကြောင့် ဖြစ်တယ်ဆိုတာ ထင်ရှားတယ်။ သို့ပေမဲ့ လက်ရှိဘဝမှာ အတိတ်ကံ အရှိန်နဲ့ အထက်တန်းစား ဘဝမှာ ဖြစ်လာကြရာမှာ မျက်မှောက်ပစ္စုပ္ပန်မှာ ဆက်ပြီး ကောင်းတဲ့လုပ်ဆောင်ချက်တွေ မလုပ်ကြရင်တော့ အထက်ကို မတတ်နိုင်ဘဲ အောက်ဘက်ကို ဆင်းကြမှာ ဖြစ်တယ်။မကြာမီက စာရေးဆရာ စိတ်မိုး ရေးသားပြုစုတဲ့ "သုမေဓာ ဆုတောင်းခန်း" ဆိုတဲ့ စာအုပ်ကို စာရေးသူက အင်္ဂလိပ်လို ဘာသာပြန်ပေးလိုက်ရတယ်။ အဲဒီစာအုပ်ကို ဘာသာပြန်ရာမှာ ဘာသာပြန် လွဲချော်မှု မရှိစေဖို့ စာပါအကြောင်းအရာတွေကို သေချာစွာ ဖတ်ရတယ်။ အဲဒီစာအုပ် ဖတ်ရာကနေ သုမေဓာ ရှင်ရသေ့ရဲ့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလတိုင် ဘဝပေါင်းများစွာ ကျင်လည်ခဲ့ရပြီးမှ စာရေးသူတို့ လက်ရှိကိုးကွယ် ဆည်းကပ်နေတဲ့ မြတ်ဗုဒ္ဓသာသနာရဲ့ အရှင်သခင် ဖြစ်လာခဲ့တယ်။ သုမေဓာရှင် ရသေ့က ဒီပင်္ကရာ မြတ်စွာဘုရား လက်ထက်မှာ ရမ္မာဝတီမြို့ကို ဒီပင်္ကရာ မြတ်ဗုဒ္ဓနဲ့ ရဟန်းတော်လေးသိန်းနဲ့ ကြွချီလာဖို့ လမ်းခင်းပြုပြင်ရာမှာ မြို့သားတွေက မပြီးစီးသေးတဲ့ လမ်းခင်းနေရာမှာ သုမေဓာက ကျောခင်းပေးပြီး တံတားသဖွယ် နင်းဖြတ်လှမ်းကျော်စေရာမှာ သုရှင်ရဲ့ ဗျာဒိတ်တော်အရ ဘဒ္ဒကမ္ဘာမှာ ဂေါတမဘွဲ့ အမည်နဲ့ မြတ်ဗုဒ္ဓအဖြစ် ပွင့်လာခဲ့တယ်။စာဖတ်သူ လေ့လာကြည့်ပါ။ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဘဝများစွာ ကျင်လည်ခဲ့တာကို စာရေးသူတို့ရော ဘဝပေါင်း ဘယ်အတိုင်းအတာအထိ ကျင်လည်ကြရဦးမှာလဲ မသိနိုင်ပါ။ ဒီအတွက် မိမိတို့ တစ်ဦးချင်းရဲ့ ပိုင်ဆိုင်မှုတွေကို မှန်ကန်စွာ နေရာချထားနိုင်စေဖို့ အခုဆောင်းပါးကို ရေးဖြစ်ပါတယ်။ပိုင်ဆိုင်မှုလို့ဆိုရာမှာ ငွေကြေးပိုင်ဆိုင်မှု၊ ရွှေ၊ ကျောက်သံပတ္တမြားတွေ အိမ်၊ ခြံ၊ မြေတွေနဲ့ အသိပညာ ပိုင်ဆိုင်မှုတွေအထိ ပါဝင်နေတာ တွေ့ရမှာဖြစ်ပါတယ်။ မိမိနေ့စဉ် လစဉ်ရှာဖွေ စုဆောင်းလို့ရရှိတဲ့ ငွေကြေးက မိမိနေအိမ်မှာသာ သိမ်းဆည်းထားမယ်ဆိုရင် မူလပမာဏထက် တိုးပွားမလာပါ။ ဒီအတွက် ငွေစုဘဏ်တွေမှာ စုဆောင်းကြရတယ်။ ဘဏ်တွေမှာ စုဆောင်းမှုက ပုံသေအတိုးနှုန်းသာ ရှိတာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ  ငွေတန်ဖိုးက ငွေဖောင်းပွမှုကနေ မိမိဘဏ်မှာ အပ်နှံထားတဲ့ငွေရဲ့ တန်ဖိုးကျဆင်းသွားရင် အတိုးရငွေက မိမိအတွက် အကျိုးမရှိစေတော့ပါ။စာရေးသူတို့ မြန်မာစကားမှာ သမ္မာအာဇီဝနဲ့ မဟုတ်ဘဲ ရယူထားတဲ့ ငွေကြေးဥစ္စာတွေက မတည်မြဲဘူးဆိုတာ ရှိပါတယ်။  ဒါကြောင့် လူတစ်ဦးချင်းစီမှာ မိမိရှာဖွေစုဆောင်း ရရှိတဲ့ ငွေကြေးဥစ္စာ ပစ္စည်းတွေက ခိုင်မြဲစေရတာဖြစ်တယ်။ လှူဒါန်းကြတဲ့ အခါမှာလည်း သမ္မာအာဇီဝနဲ့ ရှာတဲ့ငွေကြေးတွေက သန့်ရှင်း ပစ္စည်းက သန့်ရှင်းတဲ့အတွက် သန့်ရှင်းတဲ့ အကျိုးကို ခံစားကြရမှာဖြစ်တယ်။  တစ်ခါက အတိတ်ကာလ ပုဂ္ဂိုလ်တစ်ယောက် ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ သိန်း ၃၀၀ ကျပ် လှူဒါန်းမှုမှာ ကိုယ်တိုင်လှူတာ ဖြစ်ပေမယ့် ကြေညာတဲ့အခါ အမည်မဖော်လိုသူ တစ်ဦးလို့ လှူသွားတာကြား သိရတယ်။ သူ့ကိုယ်သူ မလုံမလဲ ဖြစ်နေလို့ ထင်ပါရဲ့။ရေထဲကလာတဲ့ ငွေရေထဲ ပြန်သွားတယ်ဆိုတာ ကြားဖူးကြမှာပါ။ ပန်နီထဲကလာ ပန်နီထဲပြန်သွားတယ် ဆိုတာလေ။ စာရေးသူရဲ့ သင်တန်းသား တစ်ယောက်က ငါးပုစွန်တွေကို နိုင်ငံခြားပို့တဲ့ လုပ်ငန်းလုပ်တယ်။ ငွေကလည်း သောက်သောက်လဲ ဝင်တယ်လို့ သိရတယ်။ သို့ပေမဲ့ မကြာပါဘူး။ နည်းလမ်းပေါင်းစုံနဲ့ ပြန်ကုန်သွားတယ်လို့ သိလိုက်ရတယ်။ သမ္မာအာဇီဝနဲ့ ရှာဖွေရရှိထားတဲ့ ငွေကြေးမဟုတ်ရင် အဲဒီငွေကြေးတွေက မခိုင်မြဲဘူးလို့ လူကြီးသူမတွေပြောတာ မှတ်သားရဖူးပါတယ်။စာရေးသူ သနားမိတာက အာဏာနဲ့မတရား ရယူပိုင်ဆိုင်ထားသူတွေ အာဏာရှိသူတွေနဲ့ ပေါင်းပြီး မိမိချမ်းသာအောင် မသမာသော နည်းလမ်း၊ မလုပ်အပ်တဲ့ နည်းလမ်းတွေနဲ့ ရယူပိုင်ဆိုင်ထားတာတွေက မမြဲဘူး ဆိုတာဖြစ်တယ်။စာရေးသူတို့ နိုင်ငံက စတော့ရှယ်ယာ ဈေးကွက်ဖွင့်လိုက်ပြီ ဖြစ်ပေမယ့် ဒီစတော့တွေရဲ့ သဘောတရားတွေကို သေချာဂန မသိသူတွေကို နည်းလမ်းပေါင်းစုံနဲ့ မက်လုံးပေး ဆွဲဆောင်နေတာ တွေ့နေရတယ်။ လုပ်ငန်းတစ်ခုကဆို လုပ်ငန်းမည်မည်ရရ အကောင်အထည် မဖော်ရသေးဘဲ လက်ရှိမှာ ကုန်ကျစရိတ်တွေသာ ရှိနေတဲ့အကြောင်းမှာ သူတို့ရဲ့ ရှယ်ယာဈေးက မူလတန်ဖိုး ကျပ် ၁၀၀၀၀ ကနေ ကိုးသောင်းအထိ တက်သွားတယ်လို့ သိရတယ်။စတော့အနေနဲ့ ထုတ်ရောင်းတာလည်း မဟုတ်ဘဲနဲ့ စာရင်းဝင် ကုမ္ပဏီအဆင့်မှာ ထည့်ဝင်ထားတဲ့ ရှယ်ယာတွေကို စတော့ပုံစံ ဈေးတက်တယ်လို့ လုပ်ဆောင်ပြီး လူတွေကို မက်လုံးပေးနေကြတယ်။ ဒါတွေကို မသိနားမလည်သူတွေ ဝယ်မိရင် ငါးစာကတော့ ကြီးပါရဲ့ အထဲမှာ မြှုပ်ထားတဲ့ ငါးချိတ်ကို မမြင်ကြရင်တော့ ခံကြပေတော့ပဲ။ အဓိက,က လောဘသတ်နိုင်ကြဖို့ပါ။ အလောသုံးဆယ် မလုပ်ကြဖို့ အကြံပြုချင်တယ်။ လောဘကို ရှေ့တန်းတင်လိုက်မယ် ဆိုရင်တော့ မိမိ ချွေးနှဲစာ စုဆောင်းထားတာလေးတွေ ကုန်သွားလိမ့်မယ်။ဒါကြောင့် မိမိပိုင်ဆိုင် ထားတာတွေကို မှန်ကန်စွာ နေရာချထားနိုင်ဖို့ စတော့ရှယ်ယာနဲ့ ပတ်သက်တဲ့ သဘောတရားတွေကို ထဲထဲဝင်ဝင် သိအောင်လုပ်ဖို့ လိုအပ်တယ်လို့ ဆိုချင်ကြောင်းပါ။