အချိန်သည် လူငယ်ကို မစောင့်

အချိန်သည် လူငယ်ကို မစောင့်
Published 27 February 2016
မောင်တင်ဦး (မြောင်းမြ)

အချိန်အချိန်ကို လူတွေမသိမီကပင် အချိန်ရဲ့ စေစားမှုကို ခံစားခဲ့ကြရတယ်။ မိုးချုပ်တယ်။ မှောင်သွားပြီ။ လျှပ်စစ်မရှိ။ ဖယောင်းတိုင်မရှိ။မီးထွန်းတဲ့ အတတ်မသိ၊ အလင်းရောင် ရရှိအောင် ရနိုင်တဲ့နည်းပညာ မရှိ။ အမှောင်ထဲမှာ လုပ်စရာမရှိ။ အိပ်ကြရုံပဲ။ နာရီသိလို့မဟုတ်။ အချိန်ကိုသိလို့မဟုတ်။ မှောင်လို့အိပ်တာ။ နေထွက်လာတယ်။ မျက်စိကျိန်းတယ်။ ဒါနဲ့အိပ်ရာကနိုးတယ်။ အစာရှာမယ်။ အမဲလိုက်မယ်။ ငါးဖမ်းမယ်။ သစ်သီးသစ်ဥ ခူးမယ်။ စားကြ။ သောက်ကြ။ ပြီးလုပ်စရာ ရှိတာလုပ်ကြ။ လုပ်စရာ မရှိရင်အိပ်။ ဒါပဲ။ တွေးကြည့်တော့ အချိန်ရှိပေမယ့် အချိန်မသိတဲ့ လူသားဘဝဟာ ပူပင်ကြောင့်ကြမှု ကင်းသား။ အတိတ်မရှိ။ အနာဂတ်မရှိ။ တည့်တည့် ပစ္စုပ္ပန်တည့်တည့်။ဒီအခြေအနေမှာ သဘာဝကို သတိပြုမိလာတဲ့ လူအချို့ကြောင့် နေဝင်၊ နေထွက်တာ။ မိုးလင်း၊ မိုးချုပ်တာ။ စည်းစနစ်ကျကျ ဖြစ်ပေါ်လာမှန်း သိလာတယ်။ ဒါပေမဲ့ ဘယ်လို စည်းစနစ်မှန်းသိဖို့ ကြိုးပမ်းတာဟာ နှစ်ပေါင်းများစွာ ကြာခဲ့ရတယ်။အချိန်ကို ပထမဆုံး သတိပြုမိလာသူတွေက အီဂျစ်လူမျိုးတွေ ဖြစ်တယ်။ နွေနေပူတယ်။ ဆောင်းလေအေးတယ်။ ဒါက တစ်ကြိမ်တစ်ခါတည်းဖြစ်တာ မဟုတ်ဘူး။ နောက်တစ်ကျော့ပြန် ဖြစ်လာတယ်။ ထိုထိုသော နောက်တစ်ကျော့တွေ ဖြစ်လာတာကို သတိပြုမိလာတဲ့ အီဂျစ်လူမျိုးတွေက ဒါဟာ ဖန်တလဲလဲ Cycle ဖြစ်တယ်ဆိုတာ နောက်ဆုံးမှာ သိလာကြတယ်။ ဒီတစ်ခါ ဖြစ်ပေါ်လာတဲ့နွေနဲ့ နောက်တစ်ကြိမ် ဖြစ်ပေါ်လာတဲ့နွေ ဘယ်လောက်ကြာသလဲ။ ဒီတစ်ခါအေးတဲ့ ဆောင်းနဲ့ နောက်တစ်ကြိမ် ဖြစ်ပေါ်လာတဲ့ ဆောင်းဘယ်လောက်ကြာသလဲ။ သတိထား တွက်ချက်မိတဲ့သူက ရက်ပေါင်း ၃၆၅  ရက် ကြာတာကို သိလာကြတယ်။ ဒါကိုတစ်နှစ် (a year) လို့ သတ်မှတ်ကြတယ်။ ဂရီဂိုရီယန် (Gregorian) ဆိုတဲ့ ဘုန်းတော်ကြီးက စနစ်တကျ တွက်ချက်ခဲ့တယ်။ နောက်တစ်နေ့တာကို တွက်ချက်ရာမှာ ၂၄ နာရီ ကြာမြင့်တာကို တွေ့ရှိလာကြတယ်။ ဒီလိုနဲ့ ၂၄ နာရီ တစ်ရက်။ ရက်၃၀ မှာ တစ်လ။ ၃၆၅ ရက်မှာ တစ်နှစ်ဆိုတဲ့ အချိန်တွေ ဖြစ်လာတယ်။ထိုမှစက္ကန့်ခြောက်ဆယ် တစ်မိနစ်၊ မိနစ်ခြောက်ဆယ် တစ်နာရီဆိုတဲ့ အချိန်ကို အသေးစိတ် စိတ်ကြည့်ပြန်တယ်။ ခုဆို နာနို Nano ဆိုတဲ့ အလွန်အသေးစိတ်တဲ့ အချိန် အထိတိုင်းတာမှု နည်းပညာ Nanometer တွေ တိုးတက်လာပြန်ပြီ။ အတိုင်းအတာ မှန်သမျှ  (အချိန်၊ အကွာအဝေး၊ အလေးချိန်တို့ကို) တစ်ဘီလျံပုံ တစ်ပုံ one billionth အထိ တိုင်းတာနိုင်နေပြီ။လူငယ်တွေသိဖို့ဒီလိုအချိန်အကြောင်း အစချီရေးနေတာဟာ လူငယ်တွေ သတိပြုမိဖို့။ အချိန်ရဲ့ တန်ဖိုး၊ အချိန်ရဲ့ရှေ့ကို ရွေ့နေတဲ့နှုန်း၊ ပြန်အစားထိုးလို့ မရတဲ့အချိန်တွေ ဒါတွေကိုသိကြဖို့ ဖြစ်တယ်။ လက်ရှိတိုးတက်နေတဲ့ ပတ်ဝန်းကျင်မှာ အချိန်ဟာ အဖိုးတန် လှသလို ဆွဲထားလို့ မရဘူး။ ပြန်ယူလို့ မရဘူးဆိုတာ လူငယ်တွေ သဘောပေါက်ကြရမယ်။ အခြားအရာတွေ အားလုံးဟာ ပြန်ရှာလို့ ရချင်ရမယ်။ ကုန်ဆုံးပြီးတဲ့ အချိန်ကတော့ ဘယ်တော့မှ ပြန်မရတော့ဘူး။ဂိမ်းတွေ၊ ဖုန်းတွေ Chatting တွေနဲ့ အချိန်ကုန်နေကြတဲ့ လူငယ်ဘဝဟာ ဘယ်တော့မှ ပြန်မရတော့တဲ့ အချိန်တွေဖြစ်တယ်။ ရယ်မောပျော်ရွှင်တာဟာ ဘဝဖြစ်ပေမယ့် အချိန်ဖြုန်း ကုန်ဆုံးပစ်တာကတော့ အလွန်မှနှမြောဖို့ ကောင်းတယ်။ ကြိုးစားလုပ်ကိုင်နေတဲ့ သူတွေအတွက် အချိန်မလောက်မင ကုန်လွယ်နေချိန်မှာ အချိန်ပိုနေတဲ့၊ လုပ်စရာ မရှိဖြစ်နေတဲ့သူတွေ ရှိနေတာဟာ လောကအတွက် အနုတ်လက္ခဏာပဲ။ သဘာဝက ပေးထားတဲ့ ၂၄ နာရီကို အကျိုးရှိရှိ အသုံးမချနိုင်ရတဲ့ သူတွေပဲ။ အချို့ပညာရှင်တွေအဖို့ တစ်နေ့ ၂၄ နာရီမလောက်ငလို့ မနက်ဖြန်ကနေ ချေးယူလို့ရရင် ချေးယူချင်တယ်လို့ ညည်းတွားနေကြတယ်။ ဒါဆိုလူငယ်တွေ လုပ်စရာ မရှိကြတာလား။ လုပ်ချင်စိတ် မရှိကြတာလား။ခြင်းခတ်၊ ဘောလုံးကန်၊ ဂီတာတီး၊ ပန်းချီဆွဲ၊ ကဗျာစပ်၊ သီချင်းနားထောင်စတဲ့ အပန်းဖြေ ဖျော်ဖြေမှုတွေက လူငယ်တွေအတွက် လိုအပ်ချက်ဖြစ်တယ်။ ကျန်းမာရေး ကောင်းတယ်။ လူမှုပတ်ဝန်းကျင် ကျယ်ပြန့်တယ်။ မိတ်ဆွေတိုးတယ်။ လုပ်သင့်လုပ်ထိုက်တဲ့ အရေးတွေဖြစ်တယ်။ ဒါပေမဲ့ အနားယူ အပန်းဖြေတာထက် အရည်မရ အဖတ်မရ အချိန်ဖြုန်းတာကိုတော့ ခွဲခြားနားလည်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ အချိန်ကရှေ့ ဆက်နေတာ။ ဘယ်သူ့ကိုမှ စောင့်မခေါ်ဘူး။ မနေ့ကခတ်တဲ့ ခြင်းပေါက်နဲ့ ဒီနေ့ခတ်တဲ့ခြင်းပေါက် အတူတူပဲဆိုရင် အဲဒီလူငယ်ဟာ ဒီနေ့ကို ရောက်လာပေမယ့် မနေ့က လူငယ်အတိုင်းပဲ ရှိသေးတယ်ဆိုတာ မိမိကိုယ်ကိုယ် သတိပြုသင့်တယ်။ မနေ့ကတီးတဲ့ ဂီတာလက်ကွက်က ဒီနေ့လည်း ဒီလက်ကွက်ပဲဆိုရင် တစ်ရက်ကို အလကား ဖြုန်းတီးပစ်လိုက်တာပဲ။ ၂၄ နာရီကို အလဟဿ ဖြုန်းတီးပစ်လိုက်တာပဲ။ နာနိုနဲ့တွက်ကြည့် အချိန်ဘီလျံချီ ကုန်ဆုံးသွားတာပဲ။ဒီနေ့ဟာ မနေ့ကထက် တစ်ခုခု တိုးတက်နေရမယ်။ ခြင်းခတ်သူဆို ခြင်းပေါက်တစ်ပေါက် တိုးတက်နေရမယ်။ ဂီတာတီးသူက လက်ကွက်တစ်ကွက် တိုးတက်နေရမယ်။ အချိန်က လူငယ်ကို မစောင့်သလို လူငယ်က အချိန်နဲ့ တစ်ပြေးညီ အမီလိုက်နေရမယ်။အိုင်တီခေတ်မှာ အချိန်က နာနိုနဲ့အညီ ပြေးနေတယ်။ ဒီနေ့နည်းပညာဟာ နောက်တစ်နေ့အတွက် ခေတ်မမီတော့ဘူး။ အနာဂတ်အထဲကို ဘာမှမပြင်ဆင်ဘဲ ဝင်ရောက်လာရင် နည်းပညာ ချို့တဲ့မှုကြောင့် ကြောင်တောင်တောင် ယောင်နနနဲ့ အအ အိပ်မက်သလို ဖြစ်နေမှာ။အချိန်ကို မသိခြင်း၊ အချိန်ကို တန်ဖိုးမထားခြင်းတွေဟာ လူငယ်တစ်ယောက်အတွက်  အလွန်မိုက်မဲတဲ့ လုပ်ရပ်ဖြစ်တယ်။ အရက်သောက်၊ ဖဲရိုက်နေသူထက် ပိုလို့ဆိုးရွားတယ်။Readinessအဆင်သင့်ဖြစ်မှုဟာ IT နည်းပညာခေတ်မှာ လူငယ်တစ်ယောက်အတွက် ကြိုတင်သိရှိထားမှ ကြိုတင်ပြင်ဆင်ထားမှ တော်ကာကျမှာပါ။ အနိမ့်ဆုံး အလုပ်သမား ဘဝသည်ပင်လျှင် အဆင်သင့်ဖြစ်အောင် ကြိုတင်ပြင်ဆင်ထားရမယ်။ သဲအချိုး၊ ဘိလပ်မြေအချိုး ကျောက်စရစ်အချိုး စတာတွေကို သူ့နေရာနဲ့ သူသိနေရမယ်။ ဒါကကျွမ်းကျင်မှု နည်းပညာပါသေးတာ မဟုတ်ဘူး။ သဲ၊ ကျောက်စရစ်၊ ဘိလပ်မြေ အချိုးမှန်ရုံနဲ့ ကိစ္စက မပြီးသေးဘူး။ ရေများသွားတာ၊ ရေနည်းသွားတာဟာလည်း သတိပြုသိထားရမယ့် အချက်ပဲ။ဒီထက်နည်းပညာ ဆန်လာတဲ့ လုပ်ငန်းတွေမှာ ဒီထက်ပိုသိရမယ်။ CCTV ကင်မရာ တပ်ဆင်တဲ့ အတတ်ပညာ တတ်ထားပေမယ့် အမြင့်တက်ရမှာ ကြောက်တာကြောင့် အလုပ်ရပြီးမှ ပြန်ထွက်လိုက်ရတာမျိုးတွေ။ ဆရာဝန် လုပ်ချင်ပေမယ့် သွေးမြင်ရင် ရှော့ခ်ဖြစ်တတ်လို့ ဒုတိယနှစ်က ထွက်ရတာမျိုးတွေ ရှိနေတယ်။ ဒါတွေဟာ အဆင်သင့်ဖြစ်မှု မရှိလို့ပဲ။ မိမိကိုယ်ကိုယ် မသိခြင်းနဲ့ လုပ်ငန်းသဘာဝကို မလေ့လာခြင်းတို့ကြောင့် ရင်ဆိုင်ရတဲ့ ပြဿနာတွေပဲ။လူငယ်ဆိုတာ ပညာကို (စမ်းတဝါးဝါး) သင်ယူစ။ အလုပ်ကို ကောင်းနိုးရာရာ (စမ်းတဝါးဝါး) ရှာဖွေဆဲ၊ ဝင်ရောက် လုပ်ကိုင်ဆဲ။ ထို့အတူ ဘဝကြင်ဖော် ရှာနေဆဲ။ ဘဝတစ်ခု တည်ထောင်ဖို့ အစပြုဆဲဖြစ်တယ်။ ဘဝရဲ့ အရာရာတိုင်းဟာ လူငယ်တွေအတွက် သင်ယူဖို့ လိုအပ်နေတယ်။ သင်ယူတယ်ဆိုတာ သင်တန်းတက်မှ သင်ယူနိုင်တာ မဟုတ်ဘူး။ သင်ယူလိုစိတ်ရှိရင် ပတ်ဝန်းကျင် တစ်ခုလုံးမှ သင်ယူလို့ရတယ်။နဂိုအချိန်နဲ့ အလွန်လျင်မြန်စွာ ပြောင်းလဲနေတာကို လူငယ်တွေက ပုံမှန်ဝီရိယနဲ့ လိုက်လို့မမီနိုင်ဘူး။ ရိုးရိုးလှေကားကို လက်ရန်းကိုင်ပြီး တစ်ထစ်ချင်း တက်သွားနိုင်တယ်။ ဓာတ်လှေကားကျတော့ ခလုတ်တွေပါလာပြီ။ open တွေ close တွေ အထပ်ထပ် နံပါတ်တွေ emergency ခလုတ်တွေ ရှုပ်လာပြီ။ သိမ်ထားလို့ မရဘူး။ အထပ်မြင့် အခန်းတိုင်းကို ပစ္စည်းသွားပို့ရမယ့် လူငယ်အတွက် ဒါဟာမသိမဖြစ်ဘဲ ဒါတွေဟာ အချိန်နဲ့အမျှ (စက္ကန့်ထက်မြန်တဲ့) နည်းပညာတွ လူမှုပတ်ဝန်းကျင်တွေထဲမှာ ရှိနေတဲ့ ကိရိယာ တန်ဆာပလာတွေဟာ ပြောင်းလဲနေတာ။ ဓာတ်ဆီနဲ့ မောင်းတဲ့ကားကို လျှပ်စစ်နဲ့မောင်းတယ်။ ပြီး ရေနဲ့မောင်းဦးမယ်။ နောက် လေနဲ့မောင်း လို့မရဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။အချိန်ကို မသိကျိုးကျွန်နေတဲ့ သူတွေ၊ လေ့လာဆည်းပူးမှု မရှိသူတွေ၊ စာမဖတ်သူတွေကို အချိန်က စောင့်ခေါ်မှာ မဟုတ်တော့ဘူး။ အချိန်က သူ့အရှိန်နဲ့သူ ဘယ်သူ့မျက်နှာမှ မထောက်ဘဲ ရွေ့လျားနေတာ။ အသက် ၈၀ ပြည့်တဲ့သူဟာ နောက်တစ်နှစ် အကြာမှာ ၈၁ နှစ်ပြည့်မယ်။ ထိုတစ်နှစ်အတွင်း အသက် ၈၀ အရွယ် ပုဂ္ဂိုလ်အတွက် ပြင်ဆင်စရာပြင်ဆင်။ လုပ်စရာရှိတာလုပ်။ ၈၁ နှစ်ပြည့်ရင် လောကထဲက သူ့ကိုခေါ်ထုတ်သွားရင် ငြင်းဆန်နေရစ်လို့ မရဘူး။ ထို့အတူပဲ သူ့မှာ တိုးတက်စရာလည်း ထူးထူးခြားခြား မရှိတော့ဘူး။ဒါပေမဲ့ အသက်၂၀ အရွယ် လူငယ်တစ်ယောက်အတွက် နောက်တစ်နှစ်ပြည့်ရင် ၂၁ နှစ်ဖြစ်လာမယ်။ သူမသေနိုင်သေးဘူး။ ဒါဆို တစ်နှစ်အတွင်း ဘာတွေတိုးတက်လာလဲ။ နည်းပညာအရ အရှေ့ကို လိုက်နိုင်ရဲ့လား။ မိမိအတွေး၊ အသိဘယ်လောက် တိုးတက်လာသလဲ။ ဒါမှမဟုတ် မိမိအသက် ၂၁ နှစ် အရွယ်မှာတင် အသက်မသေသေးပေမယ့် ဘဝဟာ သေသွားပြီလား။ အသက် ၈၁ နှစ် အရွယ် လူအိုကြီးဘဝရော လူပါသေဆုံးသွားတာဟာ နှမြောစရာ မကောင်းပေမယ့် အသက်၂၁ နှစ်အရွယ် လူငယ်ခမျာ အသက်မသေဘဲ ဘဝသေနေတာ အလွန်နှမြောဖို့ ကောင်းတယ်။ ဘဝမှာ ယောင်ချာချာနဲ့ ထွက်သွားတဲ့ အချိန်ကို လှမ်းခေါ်လို့ မရတော့ဘူး။ လွမ်းဆွတ်လို့ မရတော့ဘူး။လူငယ်ဆိုတာ လူအိုလို မဟုတ်ဘူး။ လူငယ်မှာ လုပ်စရာတွေ အများကြီး။ လူအိုတစ်ယောက်လို အနာဂတ်က တိုတိုလေးမဟုတ်ဘူး။ ဥစ္စာရှာရမယ်။ ပညာရှာရမယ်။ ချစ်သူရှာရမယ်။ အိုးအိမ်ထူထောင်ရမယ်။ သားသမီးတွေ မွေးမြူရုံတင် မကဘူး။ သူတို့ဘဝကို ပြုစုပျိုးထောင်ပေးရမယ်။ တာဝန်အရရော၊ မိမိဘ၀ တိုးတက်မှုအရရော အနာဂတ်ထဲ တိုးဝင်ဖို့ လုပ်စရာတွေ အများကြီးမှ အများကြီး။ ဆိုတော့အချိန်က ဘယ်လူငယ်ကိုမှ ရပ်တန့်ပြီး စောင့်ခေါ်သွားမှာ မဟုတ်တော့ဘူး။ရှေးနှစ်ပေါင်းများစွာက ပြုပြင်ပြောင်းလဲမှု တစ်ခုကို နှစ်ငါးဆယ်၊ တစ်ရာတိုင် စောင့်ဆိုင်းခဲ့ရတယ်။ Wright ညီနောင်တို့ လေယာဉ်ပျံ တီထွင်မှုဟာ နှစ်များစွာကြာခဲ့တယ်။ James Watt ရေနွေးငွေ့ တီထွင်မှုလည်း နှစ်များစွာ ကြာခဲ့တယ်။ ဆိုတော့ တီထွင်မှုနှေးနေမှုကြောင့် ထိုစဉ်က လူငယ်တွေအတွက် ခေတ်နောက်ကျတာ သိပ်မရှိခဲ့ဘူး။ အချိန်အကြောင်း သိပ်မသိကြသေးဘူးလေ။ခုတော့စက္ကန့်နဲ့ ပြေးနေတဲ့ အချိန်ပြဘားတန်းနဲ့အတူ ကျရှုံးသူတွေ၊ အောင်ပွဲခံသူတွေဟာ ခုလိုအချိန်အတွင်း တစ်မုဟုတ်ချင်း ပြောင်းလဲဖြစ်ပေါ်နေတယ်။ ဦးဆောင်ဂိုး ရထားလို့ အောင်မြင်မှုဟာ စိတ်ချရတာ မဟုတ်ဘူး။ မိနစ်ကိုးဆယ်ပြည့်ပေမယ့် အောင်ပွဲခံလို့ မရသေးဘူး။ အချိန်ပိုမိနစ်၊ အချိန်ပို စက္ကန့်တိုင်းဟာ ရလဒ်အဖြေကို ပြောင်းလဲပစ်နိုင်တယ်။ဆိုလိုချင်တာက အချိန်တွေဟာ ရလဒ်အဖြေတွေကို တစ်မုဟုတ်ချင်း ပြောင်းလဲပစ်နိုင်တယ်။ လူငယ်တွေအတွက် နာနိုအချိန်အတွင်း ဘာမဆို ဖြစ်သွားနိုင်တယ်။ သဘောပေါက်။နာနိုနဲ့အညီဒါကြောင့် အချိန်ကို ပိုမိုအသေးစိတ် တိုင်းတာလာနိုင်သည်နှင့် အမျှ လူငယ်တွေအတွက် စိန်ခေါ်မှုတွေဟာ ပိုမိုများပြားလာတယ်။ ဒါကိုလူငယ်တွေ သတိကြီးစွာထားရမှာ ဖြစ်တယ်။ ယခင်ကာလများကလို အေးအေးဆေးဆေး နေလို့မရတော့ဘူး။ နိုင်ငံတကာမှာ လူငယ်တွေ ဘာကြောင့် သွားသုတ်သုတ်၊ လာသုတ်သုတ် ဖြစ်နေရတာလဲ။ သူတို့ အချိန်ရဲ့ သဘောတရားကို နားလည်တယ်။အချိန်က လူတိုင်းအတွက် ဖြစ်ပေမယ့် မကြိုးစားတဲ့ လူငယ်တွေကို စောင့်မှာမဟုတ်ဘူး။ လိုက်လိုသူလိုက်ကြ။ မလိုက်လိုသူတွေ နေရစ်ကြ။ နေရစ်သူတွေဟာ လူသာအသက်ရှင်နေမှာ။ ဘဝက သေဆုံးနေမှာဆိုတာ သဘောပေါက်သင့်တယ်။ Electronics ပစ္စည်းတစ်ခု၊ ကိုယ့်ရှေ့မှာ တွေ့နေပါလျက်နဲ့ မကိုင်တတ်၊ မတွယ်တတ်ဖြစ်နေတာဟာ ဘဝသေတာနဲ့ အတူပဲ။ ဆိုတော့ အချိန်က နာနို  Nano နဲ့အမျှ ရွေ့နေမှာပါ။ ပြောင်းလဲခြင်းကို မသိကျိုးကျွန်ပြုနေရင် မိမိသာလျှင် ကျန်ရစ်သူဖြစ်နေမှာ ဖြစ်ကြောင်း အသိပေးရပါတယ်။ အချိန်ကို ကောင်းစွာကိုင်တွယ် အသုံးချနိုင်ကြပါစေ... လူငယ်များ။