သမိုင်းဝင် ကျိုက်ခေါက် ဘုရားပွဲတော်

သမိုင်းဝင် ကျိုက်ခေါက် ဘုရားပွဲတော်
Published 26 February 2016
အေးမို့မို့အောင်သူ

ရန်ကုန်မြို့ သန်လျင်မြို့နယ် အတွင်းမှာရှိတဲ့ ကျိုက်ခေါက် စေတီတော်ကြီး မြန်မာနိုင်ငံရဲ့ တန်ခိုးကြီး ဘုရားများမှာ ပါဝင်တဲ့ စေတီတော် ဖြစ်တဲ့အပြင် နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိတဲ့ ကျိုက်ခေါက် ဘုရားပွဲကလည်း မသိသူ မရှိလှအောင် ထင်ရှားကျော်ကြားလှတဲ့ ပွဲတော်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။တပို့တွဲလဆန်း ၈ ရက်ကတည်းက ပြုလုပ်လေ့ရှိပြီး ရန်ကုန်မြို့မှာ ရက်အရှည်ကြာဆုံးနဲ့ လူအစည်းကားဆုံး ဘုရားပွဲတော်ကြီးလို့လည်း ဆိုနိုင်ပါတယ်။ဘုရားပွဲတော်ကြီးက ပြီးဆုံးသွားပြီ ဆိုပေမယ့် အခုရက်ပိုင်းမှာ ကျောင်းသား၊ ကျောင်းသူအချို့ရဲ့ အတန်းတင် စာမေးပွဲ ရှိတဲ့အတွက် သွားရောက်လည်ပတ်ခွင့် မရလိုက်တဲ့ လူကြီး၊ လူငယ်တွေအတွက် ဘုရားပွဲတော်ရဲ့ မြင်ကွင်းတွေကို ပြန်သိရှိ ခံစားနိုင်အောင် ရေးသားဖော်ပြပေးမှာ ဖြစ်ပါတယ်။ကျိုက်ခေါက် ဘုရားပွဲက နေ့ရောညပါ ကျင်းပတဲ့ ဘုရားပွဲတော်ဖြစ်ပြီး အနယ်နယ် အရပ်ရပ်က ဘုရားဖူးပေါင်းများစွာ လာရောက်ပြီး ရွှေသင်္ကန်း ကပ်လှူကျလေ့ရှိပါတယ်။ တပို့တွဲလဆန်း ၈ ရက်မှ လပြည့်ကျော် ၁ရက်အထိ ကျင်းပလေ့ ရှိပါတယ်။ကျိုက်ခေါက် ဘုရားပွဲက လူသိများ ထင်ရှားတဲ့ ဘုရားပွဲတော် ဖြစ်တဲ့အတွက်ကြောင့် ဘုရားပွဲတော် ကျင်းပတဲ့ ရက်တွေမှာဆိုရင် ဇာတ်သဘင်၊ အနယ်နယ်အရပ်က လာရောက်ရောင်းချတဲ့ ဈေးသည်တွေ၊ ချား၊ ရဟတ်၊ လှေ၊ ပျော့ပျော့အိအိ ကစားကွင်း၊ မျက်လှည့်ပွဲ၊ ဆက်ကပ်ပွဲ၊ မိုးကြိုးငှက်ငယ်လေးများ၊ နတ်မိမယ်လေးများ ပဒေသာကပွဲ၊ မြန်မာနိုင်ငံရဲ့ အထင်ကရ ဇာတ်ကြီးတွေ ဖြစ်ကြတဲ့ ဟန်ဇာမိုးဝင်း၊ ဖိုးချစ်တို့ရဲ့ ဇာတ်ပွဲတွေက နှစ်စဉ်နှစ်တိုင်း လာရောက်ကပြလေ့ ရှိပါတယ်။ဘုရားပွဲကြီးမှာ ဈေးလာရောက် ရောင်းချတဲ့ ဆိုင်ခန်းပေါင်း၂၀၀၀ ကျော်ခန့်ရှိပြီးတော့ မြန်မာ့ရိုးရာ သနပ်ခါး၊ မြန်မာ့ရိုးရာ မုန့်ပဲသရေစာ၊ ဖျာ၊ ခေါင်းအုံး၊ စောင်၊ အဝတ်အထည်၊ ကလေးကစားစရာ၊ အလှကုန်၊ ဖိနပ်၊ ကြွေပုဂံ၊ စတီးပန်းကန် အရောင်းဆိုင်၊ တက်တူးထိုးဆိုင်များ၊ ကျောက်ပြင်၊ ငရုတ်ဆုံစတဲ့ အမျိုးမျိုးသော ပစ္စည်းတွေကို ရောင်းချတဲ့ ပျော်ရွှင်ဖွယ်ရာ ဈေးအရောင်းပွဲတော်ကြီး တစ်ခုပါ။ရန်ကုန်မြို့မှာဆိုရင် ရေကျော်ပွဲဈေး၊ လသာပွဲဈေးတွေနဲ့ နှိုင်းယှဉ်လို့ မရအောင် လူစိတ်ဝင်စားလှတဲ့ ပွဲတော်ဖြစ်တဲ့အပြင် ဘုရားပွဲတော်ရက် မတိုင်ခင် ကတည်းက လာရောက်ရောင်းချတာကို တွေ့မြင်ရပါ။ ဒီကျိုက်ခေါက် ဘုရားကြီးရဲ့ ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးက မြန်မာလူမျိုး၊ မြန်မာ့ယဉ်ကျေးမှုတို့ကို ထင်ဟပ်စေတဲ့ ပွဲတော်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။နောက်ပြီး မြန်မာလူမျိုးတွေရဲ့ သဒ္ဓါတရား ထက်သန်မှုတွေကို တွေ့မြင်နိုင်မှာ ဖြစ်တဲ့အပြင် ဘုရာပွဲကျင်းပတဲ့ ကိုးရက်အတွင်းမှာ အနည်းဆုံး ငါးရက်ခန့် စတုဒီသာ ကျွေးမွေးလေ့ ရှိတာကိုလည်း တွေ့မြင်ရမှာပါ။စတုဒီသာ ကျွေးမွေးခြင်းကို အလှူရှင် အဖွဲ့ပေါင်းစုံတို့က စုပေါင်းလှူဒါန်း ကျွေးမွေးတာ ဖြစ်ပါတယ်။ လပြည့်နေ့ မတိုင်ခင် ရက်မှာဆိုရင် ကျိုက်ခေါက် ဘုရားရှင်အား ဆွမ်းဦးကပ်လှူချင်တဲ့အတွက် နယ်ဝေးမှ  ဘုရားဖူး လာရောက်ကြတဲ့သူတွေက ဇာတ်ပွဲကြည့်ရင်း၊ ဘုရားရင်ပြင်တော်မှာ အိပ်စက်ရင်း မနက်စောစောမှာ ဘုရားရှင်ထံ သစ်သီးဆွမ်း ကပ်လှူပူဇော်လေ့ ရှိပါတယ်။အဖွဲ့ပေါင်းများစွာမှ ဘုရားဂေါပက အဖွဲ့ဆီမှ သွားရောက်၍ နေရာယူကာ နှစ်စဉ်မပျက် လာရောက်ပူဇော်လေ့ရှိတာကို တွေ့မြင်ရပါတယ်။ဒီနှစ်အတွက် သန်လျင်ကျိုက်ခေါက် ဘုရားပွဲကို သွားရောက် မလည်ပတ်နိုင်ပေမယ့် နောက်နှစ်တွေမှာ အရောက်သွားဖို့ ဆိုချင်ပါတယ်။ ကျိုက်ခေါက် ဘုရားပွဲတော်ကြီးက အနော်ရထာမင်း လက်ထက်ကတည်းက ယခုနှစ်တိုင် စည်းကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိတဲ့ ပွဲတော်တစ်ခု ဖြစ်ပါတယ်။ဒါကြောင့် ကျိုက်ခေါက်ဘုရားပွဲက သမိုင်းဝင် ပွဲတော်ကြီး ဖြစ်သလို မြန်မာ့ရိုးရာ ယဉ်ကျေးမူကိုလည်း ပြသပေးတဲ့ ပွဲတော်လေးတစ်ခု ဖြစ်ပါတယ်။ဆက်လက်ပြီး ကျိုက်ခေါက် စေတီမြတ်ကြီးရဲ့သမိုင်းကြောင်းနဲ့ ရာဇဝင်တွေကိုလည်း သိရှိအောင် ဖော်ပြပေးပါဦးမယ်။သမိုင်းဝင် ကျိုက်ခေါက် စေတီတော်မြတ်ကြီးသည် မြန်မာနိုင်ငံရဲ့ တန်ခိုးကြီးဘုရားကြီးတွင် ပါဝင်သည့် စေတီတော်ကြီး ဖြစ်သည့်အပြင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ရှေးမြန်မာဘုရင်၊ မွန်ဘုရင်တို့က တည်ထားတဲ့ ကိုးကွယ်ခဲ့တဲ့ စေတီတော်ကြီးတစ်ဆူ ဖြစ်ပါတယ်။ရန်ကုန်မြို့ တစ်ဖက်ကမ်း သန်လျင်မြို့နယ်မှာ တည်ရှိတဲ့ ကျိုက်ခေါက် စေတီတော်မြတ်ကြီးက သာသနာတော်နှစ် ၂၄၁ ခုနှစ်မှာ ဂေါတမ ဘုရားသခင်ရဲ့ ဆံတော်ဓာတ်မြတ် ခြောက်ဆူကို ဌာပနာပြီး သန်လျင်မြို့ရဲ့ အချက်အချာ ဗဟိုနေရာလို့ သတ်မှတ်ထားတဲ့ ဥတ္တရင်္ဂကုန်းမှာ စတင်ပြီတော့ တည်ထားကိုးကွယ်ခဲ့ပါတယ်။တိုက်စေတီအဖြစ် စတင်တည်ထား ကိုးကွယ်ခဲ့တဲ့ ကျိုက်ခေါက် စေတီတော်မြတ်ကြီးက မြန်မာသက္ကရာဇ် ၄၂၄ ခုနှစ် သသနာနှစ် ၁၀၆၂ ခုနှစ်မှ စတင်၍ အနော်ရထားမင်းက တိုက်စေတီမှ သင်းတိုက်စေတီ အဖြစ်သို့ တည်ဆောက်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းများကို တွေ့ရှိရပါတယ်။အနော်ရထားမင်းကြီးက ဉာဏ်တော် ၂၇ တောင်ရှိ သင်တိုင်းစေတီတော်ကို တည်ထားခဲ့တာဖြစ်ပြီး ထိုသို့စတင်ပြီး ခေတ်အဆက်ဆက် ဟံသာဝတီ ဆင်ဖြူရှင် ဗညားဦး၊  ရာဇာဓိရာဇ်မင်း၊ ဘုရင့်နောင် မင်းတရားကြီး၊ ဆင်ဖြူရှင်မင်း စတဲ့မင်းတွေများက ပြန်လည်တည်ဆောက်ခဲ့ရာမှ မြန်မာသက္ကရာဇ်  ၁၁၃၀ ခုနှစ်မှာ ဉာဏ်တော် ၁၀၈ တောင်ရှိတဲ့ ရွှေတိဂုံ စေတီတော်မြတ်ကြီးနဲ့ ပုံစံတူ စေတီတော်အဖြစ် တည်ထားကိုးကွယ်ခဲ့ပါတယ်။ကျိုက်ခေါက်စေတော်မြတ်ကြီးက မြန်မာသက္ကရာဇ် ၁၂၉၂ ခုနှစ်မှာ လှုပ်ခေတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ခေါင်းလောင်းပုံ အထက်ပိုင်းကနေ ပြိုကျခဲ့ပါတယ်။ ဒါကြောင့် အခုဖူးမြော် မြင်တွေ့နေရတဲ့ ကျိုက်ခေါက် စေတီတော်ကို စေတီတော် ဂေါပကအဖွဲ့က ကြီးကြပ်ပြီး အလှူရှင်ပေါင်းစုံတို့က စုပေါင်းပြုပြင် တည်ထားခဲ့ရာ ဉာဏ်တော် ၁၂၃ တောင်ရှိ ကျိုက်ခေါက်စေတီကြီး ဖြစ်ပါတယ်။ကျိုက်ခေါက်စေတီတော်မြတ်ကြီးက သမိုင်းဝင် စေတော်မြတ်ကြီး တစ်ဆူဖြစ်သည့်အလျှောက် ရာဇဝင်၊ ဒဏ္ဍာရီနှင့် သမိုင်းဝင် မှတ်တမ်းများစွာ ရှိပါတယ်။ စေတီတော်ကြီးရဲ့ မြောက်ဘက်စောင်းတန်း အဆင်းမှာတော့ မြန်မာ့သမိုင်းမှာ ထင်ရှားကျော်ကြားခဲ့တဲ့ ရတုဘုရင် နတ်သျှင်နောင်ရဲ့ အရိုးဂူစေတီကို လည်းကောင်း၊ ရတု၊ ကဗျာ၊ ပျို့၊ ဧချင်းတို့ကို ရေးသားတဲ့ နန်းတွင်းစာဆိုတော်ဝန်ကြီး ပဒေသရာဇာရဲ့ ဂူဗိမာန်ကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ယခုကဲ့သို့ ရာဇဝင် သမိုင်းတွင်ခဲ့တဲ့ စေတီကြီးတစ်ခု ဖြစ်တဲ့အတွက်ကြောင့် ကျိုက်ခေါက် စေတီတော်ကြီးက မြန်မာလူမျိုးတို့ရဲ့ သမိုင်းတွင် စေတီတော်မြတ်ကြီး တစ်ဆူပဲဖြစ်တယ်။ ဒါ့အပြင် နှစ်စဉ်တပို့တွဲလမှာ ကျင်းပလေ့ရှိတဲ့ ကျိုက်ခေါက်ဘုရားပွဲက အောက်ပြည်အောက်ရွာမှာ အလွန်ထင်ရှားတဲ့ ပွဲတော်တစ်ခုဖြစ်ပါ။ဒါကြောင့် ဒီသမိုင်း ကျိုက်ခေါက်ဘုရား ပွဲတော်ကြီး တစ်ခေါက်မှ လာရောက်ဆင်နွှဲခြင်း မရှိဖူးသေးတဲ့သူတွေ အနေနဲ့ နောင်နှစ်တွေမှာ ကျင်းပမယ့် ဘုရားပွဲကို သွားရောက်ဖို့ တိုက်တွန်းချင်ပါတယ်။ကျိုက်ခေါက် စေတီတော်မြတ်ကြီးရဲ့ ဘုရားပွဲတော်မှာ ကုသိုလ်ယူကာ ပျော်ရွှင်စွာ ဆင်နွှဲဖို့ဆိုရင်း။

Most Read

Most Recent