မတ်လ ၁၄ ရက်သည် 'အပြည်ပြည်ဆိုင်ရာ မြစ်များနေ့' ဖြစ်သည်။ သို့ဆိုလျှင် ကမ္ဘာမှ မြစ်များကို အထူးဂရုပြု အလေးထားသည်ဟု ဆိုနိုင်ပါသည်။မြန်မာစာပေတွင် မြစ်ကို အလေးပေး တွင်ကျယ်စွာ သုံးစွဲရေးသားကြသည်။ အဆူဆူသော မြတ်စွာဘုရားရှင်တို့ ပွင့်ခဲ့ကြသည်ကို 'ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူသည်'ဟု ဂင်္ဂါမြစ်အတွင်း သဲများကို ဥပမာပေး ရေးသားခဲ့သည်။ အင်းဝခေတ် စာဆိုရှင် ရှင်မဟာသီလဝံသ၏ ပါရမီခန်းပျို့တွင် ဘုရားရှင် နေရဉ္ဇရာမြစ်အနီး ဆွမ်းဘုဉ်းပေးခဲ့ပုံကို 'နရဉ္ဖရာ၊ မြစ်သာချောင်းနား၊ နေ့ဆွမ်းစား'ဟု ရေးဖွဲ့ခဲ့သည်။ ရှင်အုန်းညိုကလည်း ဘုရားရှင်၏ ဇာတိမြေ ကပိလဝတ်ပြည်သည် ရောဟဏီ မြစ်အနီး တည်ရှိပုံကို 'ရာဟဏီမြစ်၊ ကူးတုံလစ်က သျှင်ချစ်ဋ္ဌာန၊ ကပီလနှင့်'ဟု ရေးဖွဲ့ထားသည်။ (သတ်ပုံမူရင်း) မင်းဘူးဆရာတော် ဦးသြဘာသကလည်း မဟာသဓာဇာတ်တော်ကြီးတွင် ဘုရားရှင် သီတင်းသုံးနေထိုင် စံမြန်းတော်မူခဲ့သော သာဝတ္ထိပြည် စေတဝန်ကျောင်းကို ဖော်ပြရာတွင် 'အစီရဝတီမြစ်ကြီး၏ ကမ်းနဖူး၌ တည်ရှိသော'ဟု မြစ်၏ အမည်နှင့် ယှဉ်တွဲလျက် ရေးသားပါသည်။လောကနီတိဆရာက 'ဣတ္ထိဝင်္ကံ' ဟု မိန့်ခဲ့သည်။ မြစ်တို့ ကောက်ကွေ့စွာ စီးဆင်းတတ်ပုံကို သိရသည်။ တောင်ဖီလာဆရာတော်၏ ဖျက်စု ၂၀ တွင် 'မြစ်မရေနက် သောင်ပြင်ဖျက်' ဟုဆိုပေရာ မြစ်သဘာ၀ ပျက်စီးရပုံကို သိရသည်။ မြန်မာစကားပုံတို့တွင် 'ချောင်းကိုပစ်၍ မြစ်ကိုရှာ၊ ရေသာများ၍ ငါးမတွေ့'ဟု မြစ်သဘာဝ၊ ချောင်းသဘာဝကို လေ့လာထားသည်။ ရေပျော်ငါးတို့ သဘာဝကိုလည်း လေ့လာခွင့်ရသည်။ 'မြစ်မမြင်ဘူး၊ မူးမြစ်ထင်' ဟုလည်း ရှိသည်။ 'မြစ်ကြီးတော့ ရေစီးသာ' ဟုလည်း ရှိပါသည်။ မြစ်တို့သည် ကျယ်ပြန့်လေ ရေစီးညင်သာလေ ဖြစ်သည်။မြန်မာသီချင်းများတွင် မြစ်အကြောင်း ရေးဖွဲ့သီဆိုကြ၏။ အဆိုတော်ကြီး ရီရီသန့် ၏ 'စစ်ကိုင်းတောင်' သီချင်းတွင် 'ဧရာဝတီ ရေဇလာနဒီ စစ်ကိုင်းတောင်တစ်ခွင်လုံး ပတ်ရံသည်'ဟု ပါရှိသည်။ အခြားသီချင်းတစ်ပုဒ်တွင် 'ဧရာဝတီ စီးဆင်းပုံ လှပသည်' ဟု တွေ့ရသည်။ နောက်အခြားတစ်ပုဒ်တွင်လည်း 'နေဝင်ဆည်းဆာ မြစ်ဧရာပေါ် ပျံကာဝဲလာ ငှက်ရွှေစင်ရော်' ဟု မြစ်အလှကို ဖွဲ့ဆိုထားသည်။ ဆရာကြီး မြို့မငြိမ်း၏ နာမည်ကြီး 'မန်ဒါလီ' သီချင်းမှာလည်း မြစ်အကြောင်း စီကုံးရေးဖွဲ့ထားသည်။'ပြည်စုန်မော်ကွန်း' သည် မြစ်ကြောင်းချီ စစ်ပွဲများကို မှတ်တမ်းတင်ထားသည်။ အင်းဝဘုရင် ဒုတိယမင်းခေါင်နှင့် ဟံသာဝတီပြည့်ရှင် ရာဇာဓိရာဇ်တို့ မွန်-မြန်မာ နှစ် ၄၀ ဘုန်းတန်ခိုး ပြိုင်ပွဲများမှာလည်း ဧရာဝတီမြစ်ကြောင်းချီ စစ်ပွဲများသာဖြစ်သည်။ မြန်မာသီချင်းတစ်ပုဒ်ဖြစ်သော 'သီတာ သီတာ မြသား' မှာလည်း မြစ်ဖွဲ့ကြိုး သီချင်းသာဖြစ်သည်။ မြစ်တို့၏ ပင်ကိုအလှကို လူသားတို့ စွဲမက်ကြပါသည်။ ရွှေမြန်မာတို့သည် မြစ်တို့၏ သဘာဝ၊ မြစ်တို့၏အလှ၊ မြစ်တို့၏ တန်ဖိုးကို စွဲမက်သူများတွင် ပါဝင်ကြသည်။ ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီးသည် ဖောင်စကြာဖြင့် ရေကြောင်းခရီး ချီတော်မူခဲ့ကြောင်း ရာဇဝင်ဆရာတို့ ရေးမှတ်ခဲ့ကြ၏။ပန်းချီဆရာတို့သည် မြစ်တို့၏ အလှအမျိုးမျိုးကို ရေးဆွဲကြ၏။ နီးဝေးမြင် အနုစိတ် ရိုးရာဟန်၊ ဥရောပဟန်ဆီဆေး၊ ရေဆေး၊ ခဲမင်တို့ဖြင့် အမွှမ်းတင် ရေးဆွဲကြ၏။ ထို့အတူ မြစ်တို့၏ အလှသဘာဝအမျိုးမျိုးကို ဓာတ်ပုံဆရာတို့က နေထွက်ချိန်၊ နေဝင်ချိန်၊ ညရှုခင်း၊ တိမ်တောက်နေပုံ၊ လှေများရွက်လွှင့်နေပုံ၊ ဆိပ်ကမ်းသာယာပုံများကို အမျိုးမျိုးပုံရိပ်ဖမ်း ရိုက်ကူးကြ၏။ကမ္ဘာပေါ်တွင် နိုင်းမြစ်၊ မစ္စစ္စပီမြစ်၊ ယန်စီမြစ်တို့သည် မြစ်ကြီးများ ဖြစ်ကြ၏။ နိုင်းမြစ်သည် အီဂျစ်ပြည်၏ လက်ဆောင်မွန်ဟုလည်း ဆိုမိန့်ကြ၏။ မစ္စစ္စပီမြစ်သည် အမေရိကန်ပြည်ထောင်စု၏ ဂီတသံဖြစ်၏။ ယန်စီမြစ်သည် တရုတ်ပြည်သူ သန်းခြောက်ထောင်ကျော်သော လူဦးရေတို့အနက် လူဦးရေ သန်းသုံးထောင်ကျော်ကို သောက်သုံးရေဖူလုံစေ၏။ ယန်စီမြစ်သည် အာရှတိုက်တွင် အကြီးဆုံးသောမြစ်ဖြစ်သည်။ မိုင်ပေါင်း ၃၉၅၀ ရှည်လျား၍ အကျယ် တစ်မိုင်ခန့်ရှိသည်။ အနောက်ဘက် တိဗက်ကုန်းပြင်မြင့်မှ မြစ်ဖျားခံ၍ အရှေ့တောင်တရုတ် ပင်လယ်ထဲသို့ စီးဝင်သည်။ မိုင်ရှည်ခရီးဝေး စီးဆင်းရာတွင် ပြည်နယ် ၁၃ ခုကို ဖြတ်ကျော်ခဲ့သည်။ တရုတ်တို့က ယန်စီမြစ်ကို Da Jiang'တာ့ဂျန်' ကြီးမားသာမြစ်၊ 'မြစ်ကြီး'ဟု သိကြသည်။ တစ်ဖန် (Chang Jiang) 'ချန်ကျန်' ရှည်လျားသောမြစ်ဟုလည်း ဆိုကြသည်။ ချုံကင်းမြို့ သူမြို့သားများက ယန်စီမြစ်ကို 'ရွှေသဲမြစ် ရွှေမြစ်၊ ရွှေရောင်မြစ်'ဟု တင်စားခေါ်ဆိုကြသည်။ ၎င်းမြစ်သည် သုံးရာသီစလုံး တစ်မျိုးစီ လှသည်ဟု ဆိုကြသည်။ အချို့က အပြောင်းအလဲများသော ဒဏ္ဍာရီဆန်သောမြစ်ဟုလည်း ဆိုကြပါသည်။ ဆိပ်ကမ်းမြို့များစွာကို ပိုင်ဆိုင်ပြီး မြစ်ကြီးပေါ်တွင် (Three Gorges Dam) ခေါ် ဆည်ကြီးသုံးဆည် တည်ရှိပါသည်။ ဇီလင်ဂျော့မြို့အနီးတွင်ဖြစ်သည်။ ယန်စီမြစ်ကြီးထဲသို့ အခြားသော မြစ်ချောင်းငယ် ၇၀၀ ခန့် စီးဝင်၏။ ထူးခြားမှုအနေဖြင့် ယန်စီလင်းပိုင်ကို တွေ့ရခြင်းဖြစ်သည်။ ယန်စီလင်းပိုင်သည် ဧရာဝတီလင်းပိုင် မျိုးနွယ်ဝင်ဖြစ်၏။ ဧရာဝတီလင်းပိုင်သည် ကမ္ဘာကျော် ရေနေနို့တိုက်သတ္တဝါ ဖြစ်သည်။စာရေးဆရာ(Paul Theroux) ပေါလ်သီရိုးက ယန်စီမြစ်သို့ မိုင် ၁၅၀၀ ထိ သင်္ဘောဖြင့် လေ့လာခဲ့သည်။ အခြားယန်စီမြစ် အကြောင်းသိသူ တရုတ်သင်္ဘော မာလိန်မှူး 'လျူ}က ယန်စီမြစ်ကို ၄၅ နှစ်တိုင်တိုင် ကျွမ်းဝင်ခဲ့သူ ဖြစ်သည်။ ၎င်းက ယန်စီမြစ်အကြောင်းကို သိလိုလျှင် စာအုပ်ထဲတွင် ဖတ်၍မရ။ ကျောင်းများတွင် သင်ယူရုံဖြင့် ခရီးမပေါက်။ မြစ်ထဲသို့လာ၍ နှစ်ရှည်လေ့လာရမည်ဟု အကြံပေးသည်။ တရုတ်ဆိုရိုးတစ်ခုတွင် ယန်စီမြစ်ညှာသို့ မရောက်ဖူးသူသည် အခြားမည်သည့်နေရာသို့မျှ ရောက်ဖူးတော့မည် မဟုတ်ဟု ဆိုပါသည်။ ယန်စီမြစ်ညှာမှာ သွားလာရ လွယ်ကူပေသည်။ (Yangtze River) ယန်စီမြစ်နှင့် မြစ်ဝါမြစ် (Yellow River) တို့သည် မြစ်ကြီးများဖြစ်၏။ တရုတ်ပြည်သည် ကမ္ဘာပေါ်တွင် ရေအရင်းအမြစ် အကြွယ်ဝဆုံး ဖြစ်ရသည်မှာ မြစ်ကြီးနှစ်စင်း၏ ကျေးဇူးကြောင့် ဖြစ်သည်။ဂင်္ဂါမြစ်၊ အိန္ဒုမြစ်၊ ဗြဟ္မပုတ္တမြစ်တို့သည် အိန္ဒိယပြည်၏ ဘဝနှင့်ဆိုင်သော မြစ်များဖြစ်ကြသည်။ ၎င်းပြင် ယဉ်ကျေးမှုဆိုင်ရာ၊ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ မြစ်များလည်း ဖြစ်ကြသည်။ ဂင်္ဂါမြစ်အတွင်းသို့ ရေချိုးဆင်းသော ဟိန္ဒူဘာသာဝင်များ၏ 'ကမ်ဘာမီလာ' ပွဲတော်သည် ထင်ရှားသည်။ ၎င်းပွဲတော် နှစ်စဉ် ကျင်းပလာခဲ့သည်မှာ ၁၂ နှစ်ကြာခဲ့ပြီး နှစ်စဉ်လူပေါင်း ၃၆ သန်းခန့် လာရောက်ခဲ့ကြသည်။ အလာဟာဘတ်ဘူတာအနီး ပွဲတော်လများ တံတားကျိုးပြီး လူနင်းခံရသဖြင့် ၃၆ ယောက် သေဆုံးခဲ့သည်။ဘုရားရှင်လက်ထက် မြစ်ရေခွဲဝေသုံးစွဲမှု ပဋိပက္ခတစ်ခု ပေါ်ပေါက်ခဲ့သည်။ ကပီလနှင့် ကောလိယနှစ်ပြည်ထောင် ရေအငြင်းပွားမှုကို ဘုရားရှင်က တရားရေအေး တိုက်ကျွေးခဲ့ရသည်။ ရောဟဏီမြစ်တွင်ဖြစ်သည်။ နယုန်လတွင် ရေရှားပါးချိန်တွင် ဖြစ်သည်။ ထိုလတွင်ပင် ဘုရားရှင်သည် မဟာသမယသုတ်တော်ကို ဟောကြားခဲ့သည်။ ဂင်္ဂါမြစ်သည် ဟိမဝန္တာတောင်အလယ်မှ မြစ်ဖျားစသည်။ ဟိမဝန္တာတောင်၏ အနောက်ဘက် အိန္ဒုမြစ် မြစ်ဖျားခံ၍ စီးဆင်းသည်။ ဗြဟ္မပုတ္တမြစ်သည် ဟိမန္တာ၏အရှေ့ဘက်မှ မြစ်ဖျားခံ၍ စီးဆင်းသည်။ ထိုမြစ်ကြီးသုံးသွယ်သည် ဇာတိတူ မြစ်ကြီးများဖြစ်ပြီး နှင်းရည်သောက် မြစ်ကြီးများလည်း ဖြစ်၏။ ဧရာဝတီ၊ သံလွင်၊ မဲခေါင်မြစ်တို့မှာလည်း နှင်းရည်သောက် မြစ်ကြီးများသာ ဖြစ်သည်။ ဧရာဝတီသည် မိုင်ပေါင်း ၁၂၃၈ မိုင်ရှည်၍ မေခ၊ မလိခပေါင်းဆုံရာမှ ဖွားမြင်လာသည်။ မြန်မာ့အသက် သွေးကြောမြစ်ကြီးဖြစ်ပြီး သမိုင်းခေတ် အဆက်ဆက် စီးဆင်းခဲ့သော မြစ်ကြီးဖြစ်၍ သမိုင်းမြစ်ကြီးတစ်စင်းလည်း ဖြစ်သည်။သံလွင်မြစ်သည် မိုင်ပေါင်း ၁၇၀၀၀ ကျော်ရှည်ပြီး ယူနန်၊ မြန်မာနှစ်နိုင်ငံတွင် စီးဆင်းသောမြစ်ဖြစ်သည်။ ယူနန်ဘက်တွင် မိုင်ပေါင်း ၁၀၀၀ ကျော်ခန့် စီးဆင်းပြီး မြန်မာနိုင်ငံဘက်တွင် မိုင်ပေါင်း ၇၀၀ ခန့်စီးဆင်းသည်။ ယူနန်တို့က သံလွင်ကို (Nu) 'နုမြစ်' ဟုခေါ်ပြီး ထိုင်းတို့က သံလွင်မြစ်ကို 'ဆယ်လုံ' ဟု ခေါ်ဆို၏။ သံလွင်မြစ်ကို ကံကောင်းသော မြစ်ဟုလည်း ခေါ်ကြသေးသည်။ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်တို့ကို ဖြတ်ကျော်စီးဆင်းပြီး ရေစီးသန်သည်။ သစ်မျှောချရန် အသုံးဝင်ပြီး မော်လမြိုင်မြို့ဝန်းကျင် ၅၅ မိုင်ခန့် လှေ၊ သင်္ဘောများ ခုတ်မောင်းနိုင်သည်။ မြန်မာနိုင်ငံတွင် ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ အတ္ထရံမြစ်၊ ဂျိုင်းမြစ်၊ မဏိပူရမြစ်၊ မြစ်သာမြစ်၊ မြစ်ငယ်မြစ်၊ ဇော်ဂျီမြစ်၊ တိုးမြစ်၊ လှိုင်မြစ်၊ လေးမြို့မြစ်၊ ပဲခူးမြစ်၊ တနင်္သာရီမြစ် အစရှိသဖြင့် ထင်ရှားသော မြစ်များစွာ စီးဆင်းပါသည်။'မဲခေါင်မြစ်သည် အာရှ၏နိုင်းမြစ်' ဟု တင်စားခံရသည်။ သံလွင်မြစ်နှင့် ညီအစ်ကိုဟုလည်း သုတေသီများက ကောက်ချက်ချကြသည်။ မဲခေါင်လေးနိုင်ငံ စီမံကိန်းများaကြာင့် ထင်ရှားသည်။ သုတေသီများက သန်း ၆၀ သော လူများ၏ မှီခိုရာဟု ၎င်းမြစ်ကို တင်စားကြသည်။ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံတို့၏ အဓိကဖြစ်သည်။ မဲခေါင်မြစ်တွင်း ကျက်စားနေသော ငါးမျိုးစိတ် ၁၃၀၀ ခန့်ရှိရာ ရာဂဏန်းခန့် ငါးမျိုးစိတ်များ ပျောက်ကွယ်လု ဖြစ်နေသည်။မြစ်တို့သည် လူတို့၏ မိတ်ဆွေဖြစ်သည်။ မြစ်တို့သည် သဘာဝအလှ၊ သမိုင်းအလှ၊ ယဉ်ကျေးမှုအလှ၊ ဖွံ့ဖြိုးတိုးတက်မှုအလှတို့ နှင့် ဆက်နွှယ်နေပါသည်။ ၎င်းအလှများ ဆက်လက်တည်တံ့ရန် ရေရှည်မပျက်စီးစေရန် စဉ်းစားသင့်ပါသည်။ ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံကိန်းအတွက် ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း ၁၀၀ ချေးယူ၍ ထိန်းသိမ်းကာကွယ် စောင့်ရှောက်မည် ဖြစ်ပါသည်။ အခြားမြစ်များကိုလည်း တိုးတက်ဖွံ့ဖြိုးစေရေးအတွက် ဆောင်ရွက်သင့်ကြပါသည်။ မြစ်ချစ်သူများ အသင်း ပေါ်ပေါက်လာ၍ မြစ်များ၏ ပင်ကိုအလှကို ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်ကြရပါမည်။ကျမ်းကိုး-၁။ ရှင်မဟာသီလဝံသ-ပါရမီခန်းပျို့(ဟံသာဝတီ ပုံနှိပ်တိုက်)၊၂။ ရှင်အုန်းညို-ဂါထာခြောက်ဆယ် ပျို့ (ဟံသာဝတီပုံနှိပ်တိုက်)၊၃။ မြန်မာစာဌာန- မြန်မာစကားပုံများ (ရန်ကုန်တက္ကသိုလ်)၊၄။ ဦးသြဘာသ-မဟောသဓာဇာတ်တော်ကြီး (ကျောင်းသုံးကော်မတီ ၃၆၁)၊ ၅။ Weekly Eleven ဂျာနယ် -ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံ ကိန်း၊၆။ စိုးမင်းဦး-မြစ်မဟာ ယန်စီမြစ်ပေါ်က ခရီးသည် (ဈေးကွက်ဂျာနယ်)










