တောင်ပူစာ

တောင်ပူစာ
Published 25 February 2016
မောင်ကြည်

သူသည် မောပန်းနွမ်းနယ်ကာ အားအင်တွေ ကုန်ခန်းလုလု ဖြစ်နေသည်။ အသက်ကိုမျှဉ်းပြီး ရှူနေရသောကြောင့် ရင်အစုံသည် ဖားဖိုကြီးလို နိမ့်လိုက်၊ မြင့်လိုက်။ တောအုပ်တစ်ခုထဲမှ သူပြေးထွက်လာခြင်း ဖြစ်သည်။ ရှေ့ခပ်လှမ်းလှမ်းမှာ တောင်ကုန်းတစ်ခု။ အဲဒီတောင်ကုန်းကို ဖြတ်ကျော်ပြီးရင် လွတ်မြောက်နယ်မြေ တစ်ခုကို သူရောက်ပြီ။ ဟုတ်တယ်။ ဒါသူ့အတွက် နယ်မြေသစ်။ သူမရောက်ဖူးသေးတဲ့ လွတ်မြောက်နယ်မြေသစ်။လောလောဆယ် သူခြေကုန်လက်ပန်း ကျနေပြီ။ ရေတစ်ပေါက်လောက် သောက်ချင်သည်။ ရေကြည်တစ်ပေါက်လောက်။ ပတ်ပတ်လည်ကို မျှော်ကြည့်သည်။ မတွေ့။ ဘာဆိုဘာမှ မတွေ့။ ရေတွင်းပျက်တောင် မတွေ့။ စမ်းရေကျသံကတော့ ဝေလာဝေး။ ဟူး...။ လေပူတစ်ချက် မှုတ်ထုတ်ကာ ထိုင်ချလိုက်သည်။ မျက်လုံးတွေက ရီဝေေ၀။ အသာလှဲချလိုက်သည်။ သူ့ကျောအောက်မှာ မြက်ခင်းပြင်လား။ ကန္တာရသဲသောင်ပြင်လား။ မစဉ်းစားမိ။ သို့သော် သူ့မျက်နှာပေါ်မှာတော့ မိုးကောင်းကင်။ အပြာရောင်လဲ့လဲ့သန်းလို့။ ထိုစဉ် အာအအော်မြည်သံ ကြားလိုက်ရသည်။ ကျီးငှက်သံလား။ ဒါမှမဟုတ်။ လင်းတတွေများလား။ ကောင်းကင်ပေါ်မှာ ထိုးပျံဝဲနေကြသည်။ သူ့မျက်လုံးတွေပဲ ဝါးလာလို့လား။ နားတွေပဲ အူလာလို့လား။ ကြည့်ရင်း ကြည့်ရင်း သူ့နားထဲမှာ အော်သံတွေဆက်တိုက် ကြားလာရသည်။ သူ့နားမှာ လင်းတတွေ ဝဲပျံနေပြီဆိုတော့...။ ဘုရားရေ သူသေတော့မှာလား။အိပ်ပျော်သွားမှာစိုးလို့ သူကျုံးထလိုက်သည်။ အို အကြောအခြင်တွေက တောင့်တင်းနေပါလား။ ဒီနေရာမှာပဲ လှဲချလိုက်ရင် ကောင်းမလား။ ဟင့်အင်း မဖြစ်သေးပါဘူး။ ရှေ့ဆက်သွားရဦးမယ်။ ဒီတောင်ကုန်းတစ်ခုကို ဖြတ်သန်းရဦးမယ်။ အံကိုကြိတ်အားတင်းကာ ဒူးထောက်လိုက်သည်။ အား ကျွတ် ကျွတ် ကျွတ်။ မျက်လုံးတွေ ပြာစပြုပြီ။ လူက မိုက်ခနဲ ဖြစ်သွားသည်။ သူ့ပတ်ဝန်းကျင် တစ်ခုလုံး ချာချာလည်နေသည်။ ကျီးသံတွေ...။ လင်းတတွေ ဝဲပျံလာပြန်ပြီ။ နေပါဦး တောင်တွေက ဘယ်မှာလဲ။ ပဲ့တင်ပြန်စရာ တောင်တွေမှ မရှိဘဲ။ ရှိတာဆိုလို့ ဟောဟိုမှာ တောင်ပူစာလိုလို ပြောင်ချောချော ကုန်းမို့တစ်ခု။ ဟုတ်ပါ့။ သူလာခဲ့တဲ့ အရပ်မှာ တောင်တွေမရှိတော့ဘူး။ တောအုပ်...။ နေဦး တောအုပ်တစ်ခုကို သူဖြတ်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါတောအုပ်မှ မဟုတ်ဘဲ။ ချုံနွယ်ပိတ်ပေါင်းတွေပဲ ရှင်သန်ပေါက်ဖွားနေတဲ့ ချုံတောကြီးပါ။ ဘယ်မှာ သစ်ပင်ရယ်လို့ ကြီးကြီးမားမား ရှိတော့လို့လဲ။ အရိပ်တွေစိပ်စိပ်နဲ့ နေပြောက်မထိုးတဲ့ သစ်ပင်ကြီးတွေ...။ခြေလှမ်းတွေကို တရွတ်တိုက်ဆွဲပြီး ဆက်လှမ်းသည်။ လျှောက်စမ်း...လျှောက်။ အားတင်းပြီးလျှောက်။ ဟောဟိုမှာ တောင်ပူစာ တစ်ခု။ သူ့အတွက် မျှော်လင့်ခြင်း တောင်ပူစာကလေး။ သူ့ကိုစောင့်ကြိုနေပြီ။ လျှောက်ရင်း လျှောက်ရင်း နားထဲမှာ အသံတွေအူလာပြန်သည်။ ညတုန်းက သေနတ်သံတွေ ကြားထဲမှာ ပျော်တစ်ချက် မပျော်တစ်ချက် အိပ်စက်ခဲ့ရသည်။ အိပ်လိုက် လမ်းထလျှောက်လိုက်။ သေနတ်သံတွေကို သူမုန်းသည်။ အဲဒီအသံတွေနဲ့ ဝေးရာကို ပြေးထွက်ချင်နေတာကြာပြီ။ နေ့နေ့ညည အဲဒီနှစ်ဖက် ညှပ်ပိတ်ပစ်ခတ်နေကြတဲ့ အသံတွေကို စိတ်နာတယ်။ အလကား။ ဘာမှကောင်းကျိုး မပေးတဲ့ သေနတ်သံတွေ။ တန်ဖိုးရှိတဲ့ အချိန်တွေ။ တိုင်းပြည်တည်ဆောက်ရမယ့် အချိန်မှာ တိုင်းပြည်ကို ဆန်ခါပေါက်ဖြစ်အောင် ကျည်ဆန်တွေနဲ့ပဲ ပစ်ခတ်နေကြတယ်။ခက်မာကြမ်းတမ်းသည့် မြေပပ်ကြားအက်တွေထဲမှ သူ့ခြေထောက်တွေကို တရွတ်တိုက် ဆွဲလာမိသည်။ အလို သူ့ပခုံးပေါ်မှာ လာနားခိုတာ ဘာကောင်လေးပါလိမ့်။ အို သွေးအလိမ်းလိမ်းနဲ့ ငှက်ကလေးတစ်ကောင်။ ဒါ ဒါ ချိုးဖြူငှက်ကလေး။ အိုကွယ် အဖြူရောင် ငှက်ကလေး သွေးရောင်တွေ လွှမ်းလို့ပါလား။ ခမျာအတောင် ညောင်းရှာလို့ ထင်ပါရဲ့။ အားအင်ချည့်နဲ့နေတဲ့လက်နဲ့ သူအတောင်လေးကို စမ်းကြည့်မိသည်။ မှုန်မှိုင်းနေတဲ့ မျက်လုံးနှစ်လုံးက သူ့ကိုပြန်ကြည့်နေသည်။ မင်းက ငြိမ်းချမ်းရေး ချိုးဖြူငှက်ကလေးပါလား။ မငြိမ်းချမ်းတဲ့ အရပ်ကနေ မင်းခရီးပြင်းနှင်လာပုံ ရပါရဲ့။ သူသိလိုက်ပါပြီ။ သူ့မှာ အဖော်ရှိသွားပြီ။ အတောင်ညောင်းနေတဲ့ ချိုးဖြူလေးနဲ့အတူ သူခရီးဆက်ရဦးမယ်။ အားမငယ်ပါနဲ့ ချိုးဖြူလေးရယ်။ မင်းနဲ့ငါက ဘဝတူတွေပါကွယ်။ သူ့ရင်ထဲက စကားသံတွေကို နားလည်ပုံရပါရဲ့။ ချိုးဖြူလေးက သူ့ပခုံးပေါ်မှာ အတူလိုက်ပါလာသည်။ မဝေးတော့ဘူး။ ဟောဟိုမှာကြည့်။ နေရောင်အောက်မှာ ပျပျလေး မြင်နေရပြီလေ။ အဲဒါ ငါတို့ရဲ့ မျှော်လင့်ချက် တောင်ပူစာလေးပဲ။တက်လာတဲ့နေက တဖြည်းဖြည်း ပူပြင်းလာသည်။ သူနဲ့ချိုးဖြူလေးတို့ သစ်ငုတ်တို တစ်ခုဘေးမှာ အသာထိုင်ချလိုက်သည်။ ချိုးဖြူ လေးကို လက်နှစ်ဖက်နှင့် ယုယစွာ ပွေ့ကိုင်ရင်း သစ်ငုတ်တိုပေါ် တင်ပေးလိုက်သည်။ မင်းဗိုက်ဆာနေပြီလား ချိုးဖြူလေး။ ငါလည်း ဘာမှမစားရသေးပါဘူးကွာ။ တစ်ညလုံး သေနတ်သံတွေ ကြားထဲမှာ အလုအယက်ပြေးရင်း မိုးလင်းခဲ့ရတာပါ။ ငါတို့အနားမှာလည်း စားစရာဆိုလို့ သစ်သီးသစ်ဥသစ်ဖုတွေလည်း မရှိ။ တောပန်း တောင်ပန်းတွေလည်း မမြင်။ ရေသောက်စရာဆိုလို့ တစ်စက်တစ်ပေါက်မှ မတွေ့။ သြော်မင်းမှာလည်း သွေးအလိမ်းလိမ်း။ ငါ့မှာလည်း ဖုန်အလိမ်းလိမ်းနဲ့။ ငါတို့ နှစ်ယောက်က ကံတူအကျိုးပေးတွေပါလားကွာ။ ကြည့်ပါဦး။ နားခိုစရာ အရိပ်မရှိတဲ့ လွင်တီးခေါင်အရပ်က သစ်ငုတ်တိုဘေးမှာ။ ချိုးဖြူလေးရေ... အားတင်းထားဦးနော်။ မသေလိုက်ပါနဲ့ဦး။ ဟောဟိုအရပ်ဆီရောက်ရင် မင်းကိုမနာမကျင်ရအောင် ဆေးလိမ်းပြီး ကုသပေးပါ့မယ်ကွာ။ ငါကိုယ်တိုင်လည်း ရေမိုးချိုးလို့ သန့်စင်ရဦးမယ်။ အင်းလောလောဆယ်တော့ တို့တွေ ဆက်လျှောက်ကြရဦးမှာပေါ့။ချိုးဖြူလေးကို ပခုံးပေါ် အသာတင်ရင်း လာခဲ့တဲ့အရပ်ကို မျှော်ကြည့်မိသည်။ မီးခိုးငွေ့ တအူအူနဲ့။ ကောင်းကင်မှာ ဝဲပျံနေတဲ့ ကျီးအတွေ...။ တစ်ချက်တစ်ချက် ခပ်သဲ့သဲ့ကြားရတဲ့ သေနတ်သံ။ သေနတ်သံတွေ ကြားထဲမှာ နို့ဆာလို့ ငိုကြွေးနေတဲ့ ကလေးငိုသံ။ နောက်ရှိုက်သံသဲ့သဲ့။ ကျောင်းသွားချင်နေတဲ့ ကလေးတွေရဲ့အသံ။ ကျောင်းမပို့နိုင်လို့ ဝမ်းနည်းနေတဲ့ မိခင်တွေရဲ့ ငိုကြွေးသံ။ အိမ်မပြန်နိုင်ရှာသေးတဲ့ ဒုက္ခသည်စခန်းက ဒဏ်ရာရနှလုံးသားတွေရဲ့ ရှိုက်ငင်သံ...။ အိုသူ့နားထဲမှာ အသံပေါင်းစုံ။ ယောင်ယမ်းကာ နားနှစ်ဖက်ကို ပိတ်လိုက်မိသည်။သို့သော်အသံတွေက တိတ်မသွား။ ဒါ.. ဘာသံတွေလဲ။ ရုံးစု ရုံးစုနဲ့ ဟစ်ကြွေးနေတဲ့ လူအုပ်ကြီးရဲ့အသံ။ ဆန္ဒပြတောင်းဆိုသံတွေပါလား။ တရားမျှတမှုကို တောင်းဆိုနေတဲ့ အသံတွေ။ လူ့အခွင့်အရေး ပြန်ပေးဖို့ တောင်းဆိုနေသံတွေ။ အမှန်တရားအတွက် တိုက်ပွဲဝင်တဲ့ အသံတွေ။ အဲဒီအသံတွေ သူ့နောက်မှာ ကျန်ရစ်ခဲ့ပြီ။ သို့သော် သူ့နားထဲမှာ မြည်ဟိန်းနေဆဲ။ ပွက်ပွက်ညံနေဆဲ။ အဲဒီအသံတွေကို သေနတ်သံတွေက ဖုံးကွယ်မသွားနိုင်ကြပါလား။ အမိန့်ပေးသံတွေက တိတ်အောင် မလုပ်နိုင်ကြပါလား။ချိုးဖြူလေးရေ...။ မင်းလည်း ငါ့လိုပဲ ကြားယောင်မိနေမှာပါပဲ။ ငါတို့အတွက် မတိတ်နိုင်သေးတဲ့ အသံတွေ။ ညည အိပ်မက်ထဲအထိ ရောက်လာဦးမယ့် အသံတွေ။ ဒါသွေးမတိတ်သေးတဲ့ ဒဏ်ရာတွေ။ ပတ်တီးအထပ်ထပ်နဲ့ ရစ်ပတ်လို့မဆုံးတဲ့ အနာတွေ။ မင်းအတောင်တွေ ညောင်းသလို ငါ့တစ်ကိုယ်လုံးလည်း ညောင်းညာကိုက်ခဲနေတာ ကြာပေါ့ကွာ။ ရှိစုမဲ့စု အင်အားလေးနဲ့ မင်းဆက်ပြီး ပျံသန်းနေရဦးမယ်။ အေးငါလည်း နွမ်းယဲ့ယဲ့ ခွန်အားနဲ့ ဆက်လျှောက်ရဦးမယ်။ ကြည့်မဝေးတော့တဲ့ တောင်ပူစာလေး။ ကန္တာရအလယ်မှာ အထီးကျန်ဆန်နေတဲ့ တောင်ပူစာလေး။ လူသူ မရောက်သေးတဲ့ တောင်ပူစာလေးပေါ့။ ဘူဒိုဇာတွေ၊ ဘက်ဟိုးတွေရဲ့ အဝါးအမျို မခံရသေးတဲ့ တောင်ပူစာလေးပေါ့။ တူးရွင်းတွေ၊ ပေါက်ပြားတွေ၊ လောဘ၊ ဒေါသ၊ မောဟတွေ မဖုံးလွှမ်းသေးတဲ့ တောင်ပူစာလေး။ ငါတို့အလာကို ခမျာမှာဆီးကြိုလို့ ထွေးဖက်ဖို့အသင့်အနေအထား ပြင်ဆင်နေတဲ့ တောင်ပူစာလေးပေါ့ကွယ်။

Most Read

Most Recent