အင်ဒိုနီးရှား အစိုးရက ၂၀၁၉ ခုနှစ်မတိုင်မီ ဆောင်ကြာမြိုင်နေရာ အားလုံးကို ပိတ်ပစ်ရန် စီစဉ်

အင်ဒိုနီးရှား အစိုးရက ၂၀၁၉ ခုနှစ်မတိုင်မီ ဆောင်ကြာမြိုင်နေရာ အားလုံးကို ပိတ်ပစ်ရန် စီစဉ်
Published 24 February 2016

မြို့တော် ဂျကာတာရှိ ဆောင်ကြာမြိုင်နေရာ တစ်ခုကို ရှင်းလင်းရန် အငြင်းပွားဖွယ် လုပ်ဆောင်ခဲ့ပြီးနောက် အင်ဒိုနီးရှား အစိုးရသည် နိုင်ငံတစ်ဝန်းရှိ ဆောင်ကြာမြိုင်နေရာ အားလုံးကို ၂၀၁၉ ခုနှစ်မတိုင်မီ ပိတ်ပစ်ရန် စီစဉ်နေကြောင်း လူမှုရေးရာ ဝန်ကြီးဌာနမှ ထိပ်တန်းတာဝန်ရှိသူ ဆွန်နီမာနာလူက ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ ကမ္ဘာပေါ်တွင် မွတ်စလင် အများဆုံး နေထိုင်သည့် အင်ဒိုနီးရှား တစ်ဝန်းရှိ ဆောင်ကြာမြိုင်နေရာ ခန့်မှန်းခြေ ၁၀၀ ကို ပိတ်ပစ်ရန် အစိုးရက ဒေသဆိုင်ရာ အာဏာပိုင်များအား ညွှန်ကြားမည် ဖြစ်သည်။ယင်းဆောင်ကြာမြိုင် နေရာများသည် အနီးအနား နေထိုင်သော ကလေးများကို ဆိုးကျိုး သက်ရောက်စေကြောင်း၊ ပြည့်တန်ဆာ လုပ်ငန်းကို ကမ္ဘာပေါ်မှ ပျောက်ကွယ်အောင် မည်သည့် အခါမျှ မလုပ်ဆောင်နိုင်ကြောင်း၊ သို့သော် မိမိတို့၏ လူငယ်များကို အကျင့်ပျက်စေသည့် ယင်းလုပ်ငန်းများအား ရပ်တန့်ရန် ကြိုးစားသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဂျကာတာရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော ကာလီဂျိုဒိုဟုခေါ်သည့် ဆောင်ကြာမြိုင်နေရာ တစ်ခုကို ပိတ်ပစ်ရန် အာဏာပိုင်များက သီတင်းပတ်နှင့်ချီ ကြိုးပမ်းခဲ့ကြပြီး ပန်းခြံများဖြင့် အစားထိုးခဲ့ပြီးနောက် ယခု အစီအစဉ် ထွက်ပေါ်လာခဲ့သည်။ မြစ်ကမ်းဘေးတဲစု ရပ်ကွက်တွင် အရက်မူးသူ တစ်ဦးကြောင့် ယခုလ အစောပိုင်း၌ လူသေဆုံးစေသည့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ဂျကာတာ အာဏာပိုင်များက အရေးယူ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယင်းအစီအစဉ်ကြောင့် လာမည့်ရက်များအတွင်း နေအိမ်များ ဖျက်ခံရပြီး ဖယ်ရှားခံရမည့် ဒေသခံများက ဒေါသထွက်ခဲ့ကြသည်။Ref: AFP

Most Read

Most Recent