ဆိုင်ကလုန်း ဝင်စတန်ကြောင့် ဖီဂျီတွင် သေဆုံးသူ ၄၂ ဦးအထိ မြင့်တက်လာ

ဆိုင်ကလုန်း ဝင်စတန်ကြောင့် ဖီဂျီတွင် သေဆုံးသူ ၄၂ ဦးအထိ မြင့်တက်လာ
Published 24 February 2016

အင်အားပြင်း ဆိုင်ကလုန်း ဝင်စတန် ဝင်ရောက်တိုက်ခတ်မှုကြောင့် ဝေးလံခေါင်သီသော ဖီဂျီနိုင်ငံသည် အကူအညီများကို စောင့်မျှော်နေစဉ် မုန်တိုင်းကြောင့် သေဆုံးသူ ဦးရေသည် ဖေဖော်ဝါရီ ၂၄ ရက်တွင် ၄၂ ဦးအထိ မြင့်တက်လာခဲ့သည်။နိုင်ငံတကာမှ အကူအညီများလည်း ပိုမို ရောက်ရှိလာပြီဖြစ်ပြီး နယူးဇီလန်က စစ်သင်္ဘော နှစ်စင်းနှင့်အတူ ကူညီကယ်ဆယ်ရေး အဖွဲ့နှစ်ဖွဲ့ကို စေလွှတ်လိုက်မည်ဟု ဆိုသည်။ သို့သော် ပြီးခဲ့သည့် သီတင်းပတ်ကုန်ရက်တွင် ဆိုင်ကလုန်း ဝင်ရောက်တိုက်ခတ်ပြီး ကတည်းက အချို့သော ဒေသများသို့ ကယ်ဆယ်ရေးများ မသွားရောက်နိုင်သေးပေ။ သေဆုံးသူ ဦးရေသည် ဖေဖော်ဝါရီ ၂၃ ရက်က ၂၉ ဦးရှိရာမှ ၂၄ ရက်တွင် ၄၂ ဦးအထိ ခုန်တက်လာခြင်းဖြစ်သည်။ ကျွန်းနိုင်ငံ ဖီဂျီ၏ အစွန်အဖျား ဒေသများနှင့် အဆက်အသွယ် မရသေးသဖြင့် သေဆုံးသူ ဦးရေသည် ပိုမို မြင့်တက်လာနိုင်သည်ဟု ကြက်ခြေနီ အဖွဲ့က ထုတ်ပြန်ခဲ့သည်။ “ကျွန်တော်တို့ အဆက်အသွယ်တွေ ပိုပြီး ရလာလေ သေဆုံးသူ ဦးရေဟာ ဆက်ပြောင်းလေ ဖြစ်နေဦးမှာပါပဲ” ဟု ကြက်ခြေနီအဖွဲ့၏ ပစိဖိတ် ဒေသဆိုင်ရာ ဌာနချုပ်မှ အာမတ်ဆာမီက ဆိုသည်။အင်အားပြင်း အပူပိုင်း ဆိုင်ကလုန်း ဝင်စတန်သည် ပစိဖိတ် သမုဒ္ဒရာထဲမှ ကျွန်းနိုင်ငံ ဖီဂျီကို ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းက ဝင်ရောက်တိုက်ခတ်သွားခြင်းဖြစ်သည်။ တစ်နာရီ လေတိုက်နှုန်း ၃၂၅ ကီလိုမီတာ (၂၀၂ မိုင်) ရှိပြီး ဖြတ်သန်းသွားရာလမ်းကြောင်း တစ်လျှောက်တွင် အပျက်အစီးများ ဖြစ်၍ ကျန်ခဲ့သည်။ဖီဂျီတွင် လွန်ခဲ့သည့် နှစ်ရက်က ဆိုင်ကလုန်းကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူ ဦးရေသည် ၈၄၀၀ ကျော်ရှိရာမှ ဖေဖော်ဝါရီ ၂၄ ရက်တွင် ၃၄၀၀၀ ခန့်အထိ များစွာ မြင့်တက်လာသည်ဟု Care Australia က ထုတ်ပြန်ခဲ့သည်။ လက်ရှိ အဓိက ရင်ဆိုင်ရမည့် စိန်ခေါ်မှုမှာ ကူးစက်ရောဂါများ မဖြစ်ပွားရေး ဖြစ်သည်ဟု သိရသည်။“ကျွန်တော် အသက် ၇၅ နှစ် ရှိပါပြီ။ ဒီလိုမျိုး အပျက်အစီးတွေ ဖြစ်သွားတာ ကျွန်တော့် တစ်သက်မှာ အဆိုးရွားဆုံး ဖြစ်ရပ်ပါပဲ” ဟု ဒေသခံတစ်ဦးက နယူးဇီလန် အသံလွှင့်ဌာနသို့ ပြောကြားခဲ့သည်။ဖီဂျီ ဝန်ကြီးချုပ် ဗိုရီကီဘိုင်နီမာရာမာက လက်ရှိ ကြုံတွေ့နေရသည့် ပြဿနာကို သိရှိနားလည်ကြောင်း၊ ဆိုင်ကလုန်း တိုက်ခတ်ခံရသည့် နေရာများမှ ပြည်သူများ အနေဖြင့် စိတ်ရှည်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။ ဖီဂျီ၏ သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံရေး ညွှန်ကြားရေးမှူးကလည်း ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများမှာ ကာလရှည်ကြာ ကြာမြင့်မည်ဟု ဆိုခဲ့သည်။                                                 Ref: AFP

Most Read

Most Recent