တောင်တရုတ် ပင်လယ်ထဲမှ ဒုံးကျည်များ ချထားသော ကျွန်းပေါ်တွင် တရုတ်က တိုက်လေယာဉ်များ တပ်ဖြန့်

တောင်တရုတ် ပင်လယ်ထဲမှ ဒုံးကျည်များ ချထားသော ကျွန်းပေါ်တွင် တရုတ်က တိုက်လေယာဉ်များ တပ်ဖြန့်
Published 24 February 2016

တရုတ်က မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ ချထားခဲ့သည့် တောင်တရုတ်ပင်လယ်ထဲမှ ကျွန်းပေါ်မှာပင် တိုက်လေယာဉ်များကိုလည်း တပ်ဖြန့်ထားကြောင်း အမေရိကန် အစိုးရ အရာရှိများက ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ပြီးခဲ့သည့် ရက်အနည်းငယ်က ပဋိပက္ခများ ဖြစ်ခဲ့သည့် ပါရာဆဲကျွန်းစုထဲမှ ဝူဒီကျွန်းပေါ်တွင် Shenyang J-11 နှင့် Xian JH-7 စစ်လေယာဉ်များကို အမေရိကန် ထောက်လှမ်းရေး ဌာနက တွေ့ခဲ့ရသည်ဟု အမည်မဖော်လိုသော အမေရိကန် အစိုးရ အရာရှိများက ပြောကြားခဲ့ကြောင်း Fox News သတင်းဌာနတွင် ဖော်ပြခဲ့သည်။အမေရိကန်၏ ပစိဖိတ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သော ရေတပ်ဗိုလ်မှူးကြီး ဒါရင်ဂျိမ်းက တရုတ်သည် ထိုကျွန်းပေါ်တွင် ယခင်ကလည်း တိုက်လေယာဉ်များကို အသုံးပြုခဲ့ဖူးသည်ဟု ဆိုသည်။ ထိုင်ဝမ်နှင့် ဗီယက်နမ်တို့ကလည်း ပိုင်ဆိုင်သည်ဟု ပြောကြားထားသော ဝူဒီကျွန်းပေါ်တွင် တရုတ်သည် ၁၉၉၀ ပြည့်နှစ်ကတည်းက လေယာဉ်ကွင်း တည်ဆောက်ခဲ့သည်။ ထို့နောက် J-11 လေယာဉ် ရပ်နားရန် ပြီးခဲ့သည့်နှစ်က လေယာဉ်ကွင်းကို အဆင့်မြှင့်တင်ခဲ့သည်။“တရုတ်ဟာ ဒီအငြင်းပွားကျွန်းပေါ်မှာ အဆင့်မြင့် လက်နက်တွေကို ဆက်ချထားဦးမလား ဆိုတာ ကျွန်တော်တို့ စိုးရိမ်မိပါတယ်” ဟု ဂျိမ်းစ်က ပြောကြားခဲ့သည်။ ဝါရှင်တန်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီတို့ တွေ့ဆုံချိန်တွင် ယခုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ဝူဒီကျွန်းပေါ်တွင် တရုတ်ချထားသော မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များမှာ HQ-9 အမျိုးအစားများ ဖြစ်နိုင်ပြီး ၁၂၅ မိုင် (၂၀၀ ကီလိုမီတာ) အထိရောက်အောင် ပစ်နိုင်ကြောင်း အမေရိကန် အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံခြားဝန်ကြီး ဝမ်ယီသည် ပင်တဂွန်သို့ ဖေဖော်ဝါရီ ၂၃ ရက်တွင် သွားရန် စီစဉ်ထားသော်လည်း ခရီးစဉ် စီစဉ်မှုတွင် အကျပ်အတည်း ဖြစ်သွားသောကြောင့် အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်ဟု သိရသည်။ဂြိုဟ်တုဓာတ်ပုံများအရ စပရက်တလီ ကျွန်းစုတွင် တရုတ်ဆောက်လုပ်ထားသော ကျွန်းတုတစ်ခု၌ လှိုင်းနှုန်းမြင့် ရေဒါတစ်ခု တပ်ဆင်ထားပုံရသည်ဟု ဝါရှင်တန် အခြေစိုက် မဟာဗျူဟာနှင့် အပြည်ပြည်ဆိုင်ရာ လေ့လာရေးဌာနက ဖေဖော်ဝါရီ ၂၂ ရက်တွင် ဆိုသည်။Ref: AFP

Most Read

Most Recent