နီဗားဒါးတွင် ရီပက်ဘလီကင် ပါတီကိုယ်စားပြု သမ္မတလောင်း ရွေးချယ်ပွဲ၌ ဒေါ်နယ်ထရန့် အနိုင်ရ

နီဗားဒါးတွင် ရီပက်ဘလီကင် ပါတီကိုယ်စားပြု သမ္မတလောင်း ရွေးချယ်ပွဲ၌ ဒေါ်နယ်ထရန့် အနိုင်ရ
Published 24 February 2016

ဖေဖော်ဝါရီ ၂၃ ရက်က နီဗားဒါး ပြည်နယ်တွင် ရီပက်ဘလီကင်ပါတီ ကိုယ်စားပြု သမ္မတလောင်း ရွေးချယ်ပွဲများ၌ ဒေါ်နယ်ထရန့်က အနိုင်ရခဲ့ရာ ဘီလျံနာ လုပ်ငန်းရှင် ထရန့်သည် ပြည်နယ်သုံးခုဆက် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ CNN နှင့် Fox News စသည့် ရုပ်သံများ၏ ခန့်မှန်းဖော်ပြမှုများအရ ထရန့်သည် ထောက်ခံမဲ ၄၆ ရာခိုင်နှုန်း ရရှိခဲ့ပြီး ဖလော်ရီဒါ အထက်လွှတ်တော်အမတ် မာကိုရူဘီယိုက ထောက်ခံမဲ ၂၄ ရာခိုင်နှုန်းနှင့် တက္ကဆက် အထက်လွှတ်တော်အမတ် တက်ခရုဇ်က ထောက်ခံမဲ ၂၁ ရာခိုင်နှုန်းစီ ရရှိခဲ့ကြောင်း သိရသည်။ကျန်သော ကိုယ်စားလှယ်လောင်း နှစ်ဦးဖြစ်သည့် အငြိမ်းစား အာရုံကြော အထူးကု ဘင်ကာဆန်နှင့် အိုဟိုင်းယိုးပြည်နယ် အုပ်ချုပ်ရေးမှူး ဂျွန်ကာဆက်တို့က ထောက်ခံမဲ ခြောက်ရာခိုင်နှုန်းနှင့် လေးရာခိုင်နှုန်းစီသာ ရရှိခဲ့ကြောင်း သိရသည်။ ယခု ရွေးချယ်ပွဲသည် ရီပက်ဘလီကင်ပါတီ ကိုယ်စားလှယ်လောင်းများ၏ လေးကြိမ်မြောက် ပြိုင်ပွဲဖြစ်ပြီး ထရန့်သည် ပွဲဦးထွက် အိုင်အိုဝါတွင် ဒုတိယနေရာ ရရှိခဲ့ပြီးနောက် နယူးဟမ့်ရှိုင်းယား၊ တောင်ကာရိုလိုင်းနားနှင့် နီဗားဒါးတို့တွင် ဆက်တိုက် အနိုင်ရခဲ့ခြင်းဖြစ်သည်။ယင်းကိုယ်စားလှယ်လောင်းများသည် လာမည့် သီတင်းပတ်တွင် အလွန်အမင်း အရေးပါသော ပြည်နယ် ၁၁ ခု ပါဝင်သည့် သမ္မတလောင်း ရွေးချယ်ပွဲ Super Tuesday ကို ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ကိုယ်စားလှယ် အရေအတွက် ၃၀ ခန့် သို့မဟုတ် ရရှိနိုင်သော ကိုယ်စားလှယ် အားလုံး၏ တစ်ရာခိုင်နှုန်း ကျော်ရုံသာရှိသည့် နီဗားဒါးပြည်နယ် သမ္မတလောင်း ရွေးချယ်ပွဲသည် ပြိုင်ပွဲကြီး တစ်ခုလုံးကို သိသာသော သက်ရောက်မှု မရှိနိုင်ပေ။ ယခုပြိုင်ဆိုင်မှုသည် ရီပက်ဘလီကင်ပါတီ ကိုယ်စားပြု သမ္မတလောင်းများက အမေရိကန် အနောက်ပိုင်းတွင် ပထမဆုံးအကြိမ် ယှဉ်ပြိုင်မှုဖြစ်ကြောင်း သိရသည်။ရိုဘီယိုဖြစ်စေ၊ ခရုဇ်ဖြစ်စေ ထရန့်၏ အရှိန်ကို ရပ်တန့်နိုင်ခြင်း ရှိ၊ မရှိနှင့် ၎င်းတို အနက် မည်သူက ဒုတိယနေရာတွင် ရပ်တည်မည်ကို ကျွမ်းကျင်ပညာရှင်များက အာရုံစိုက်နေကြသည်။ ရီပက်ဘလီကင် အများအပြား အထူးသဖြင့် သြဇာရှိ ရှေးရိုးဝါဒီများ၊ အတတ်ပညာရှင်များ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးများက ထရန့်ကို ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် အနိုင်ရမည်ကို အမှန်တကယ်တွင် မလိုလားကြကြောင်း နီဗားဒါး တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ လက်ထောက်ပါမောက္ခ ဒန်လီက ပြောကြားခဲ့သည်။“သူတို့က ခရုဇ်ကို ပြိုင်ပွဲက ထွက်သွားစေချင်ပြီးတော့ ရူဘီယိုက ထရန့်ကို နိုင်သွားစေချင်တာ။ အဲဒါကမှ ထရန့်ကိုနိုင်ဖို့ အကောင်းဆုံး အခွင့်အရေးလို့ လူတွေက ယူဆနေတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ ရီပက်ဘလီကင်ပါတီ ကိုယ်စားပြု သမ္မတလောင်း ရွေးချယ်ပွဲအတွက် စတင်ယှဉ်ပြိုင်စဉ်က ၁၇ ဦးအထိ ပါဝင်ခဲ့ကြသော်လည်း ဂျက်ဘုရှ်က ရလဒ်ဆိုးရွားမှုများကြောင့် ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့မှုနှင့်အတူ ယခုအခါ ကိုယ်စားလှယ်လောင်း ငါးဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။ ဇူလိုင်တွင် ကျင်းပမည့် ပါတီကိုယ်စားပြု သမ္မတလောင်းကို ရွေးချယ်သည့် ညီလာခံတွင် ပြည်နယ် အသီးသီးမှ ရလဒ်များကို အသုံးပြု၍ ဆုံးဖြတ်ကြမည် ဖြစ်သည်။         Ref: AFP

Most Read

Most Recent