တာလီဘန်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မတ်လ မတိုင်မီ ကျင်းပနိုင်မည်ဟု အာဖဂန် ထုတ်ပြန်

တာလီဘန်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မတ်လ မတိုင်မီ ကျင်းပနိုင်မည်ဟု အာဖဂန် ထုတ်ပြန်
Published 24 February 2016

အာဖဂန်နစ္စတန် အစိုးရနှင့် တာလီဘန်တို့၏ တိုက်ရိုက်ထပ်မံ ဆွေးနွေးမှုကို မတ်လမတိုင်မီ စတင်မည်ဖြစ်ကြောင်း အာဖဂန် ခေါင်းဆောင်များနှင့် အမေရိကန်၊ တရုတ်၊ ပါကစ္စတန်တို့မှ တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။အာဖဂန်နှင့် တာလီဘန်တို့ကြား တိုက်ရိုက်တွေ့ဆုံမှုကို ပါကစ္စတန်က အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် သဘောတူညီထားသည်။ ကဘူးတွင် အာဖဂန်၊ အမေရိကန်၊ တရုတ်၊ ပါကစ္စတန် လေးနိုင်ငံ ပူးတွဲအစည်းအဝေး ကျင်းပခဲ့ပြီးနောက် တာလီဘန်တို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ လေးနိုင်ငံ ကိုယ်စားလှယ်များ တွေ့ဆုံနေကြသည်မှာ လေးကြိမ်ရှိပြီ ဖြစ်သည်။ပါကစ္စတန် အပန်းဖြေစခန်းမြို့ မူရီးတွင် ပြီးခဲ့သည့်နှစ် ဇူလိုင်က တာလီဘန်တို့နှင့် သမိုင်းဝင် တိုက်ရိုက်တွေ့ဆုံမှုကို ဆောင်ရွက်နိုင်ခဲ့သည်။ တာလီဘန်ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် တာလီဘန်ခေါင်းဆောင် မူလာအိုမာ သေဆုံးကြောင်း ကြေညာခဲ့သည့် ပြီးခဲ့သည့်နှစ် နွေကတည်းက ရှေ့မဆက်နိုင်တော့ပေ။မူလာအိုမာ သေဆုံးပြီးနောက် ဆက်ခံသူ ရွေးချယ်မှုတွင် တာလီဘန်တို့ကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပွားခဲ့သည်။ မူလာအက္က တာမန်ဆာကို ဆက်ခံသူအဖြစ် ရွေးချယ်ခဲ့သော်လည်း မန်ဆာသည် အိုမာသေဆုံးမှုကို ၎င်းတို့အား လိမ်လည်ခဲ့ကြောင်း တာလီဘန် အများစုက ယူဆထားကြသည်။၂၀၁၅ ခုနှစ်တွင် မူလာရာဆူး ဦးဆောင်သော အဖွဲ့ခွဲသစ်က မန်ဆာ၏ ခေါင်းဆောင်မှုကို စိန်ခေါ်ထားသည်။“နိုင်ငံထဲက သွေးထွက်သံယို ကိစ္စတွေ အဆုံးသတ်စေဖို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်ဖို့ တာလီဘန်တွေကို အာဖဂန် အစိုးရက နောက်တစ်ကြိမ်ထပ်ပြီး ဖိတ်ခေါ်ပါတယ်” ဟု အာဖဂန် နိုင်ငံခြားရေးဝန်ကြီး ဆလာဟူဒင်ရာဘာနီက ပြောကြားခဲ့သည်။အာဖဂန်နှင့် တာလီဘန်တို့ကြား တိုက်ရိုက်တွေ့ဆုံမှုအတွက် အစီအစဉ် အသေးစိတ်ကို ကဘူးအစည်းအဝေး၌ ရေးဆွဲရန် လိုလားကြောင်း ရာဘာနီက ဆွေးနွေးဖက် နိုင်ငံများကို ပြောကြားခဲ့သည်။ဖေဖော်ဝါရီ ၂၃ ရက်မှာပင် အာဖဂန် သမ္မတ အရှရစ်ဂါနီက ငြိမ်းချမ်းရေးကောင်စီ၏ အကြီးအကဲ နေရာတွင် ရာဘာနီကို အစားထိုး ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သော်လည်း အကြောင်းရင်းကို မသိရပေ။ သူပုန်များနှင့် စေ့စပ်ဆွေးနွေးရန် ငြိမ်းချမ်းရေး ကောင်စီကို ဖွဲ့စည်းထားခြင်း ဖြစ်သည်။        Ref: AFP

Most Read

Most Recent