လူ ၂၃ ဦး လိုက်ပါသွားပြီး ပျောက်ဆုံးနေသည့် နီပေါ ခရီးသည်တင် လေယာဉ်၏ အပျက်အစီးများကို တွေ့ရှိ

လူ ၂၃ ဦး လိုက်ပါသွားပြီး ပျောက်ဆုံးနေသည့် နီပေါ ခရီးသည်တင် လေယာဉ်၏ အပျက်အစီးများကို တွေ့ရှိ
Published 24 February 2016

နီပေါနိုင်ငံ၏ တောင်တန်းထူထပ်ပြီး ဝေးလံခေါင်သီသော နေရာတွင် ဖေဖော်ဝါရီ ၂၄ ရက်က ပျောက်ဆုံးသွားသည့် လူ ၂၃ ဦး လိုက်ပါသွားသော လေယာဉ်ကို ကယ်ဆယ်ရေး အဖွဲ့က ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း လေကြောင်းဝန်ကြီးက ပြောကြားခဲ့သည်။ထို Twin Otter လေယာဉ်ကို နိုင်ငံ အနောက်ပိုင်းခရိုင် မိုင်အာဂဒီတွင် ပြန်လည်တွေ့ရှိခဲ့ပြီး အနီးအနား၌ အလောင်းများလည်း ပြန့်ကျဲနေသည်ဟု သိရသည်။ “လေယာဉ် အပျက်အစီးဟာ လုံးဝမီးလောင်ကျွမ်းခံထားရတဲ့ အနေအထားမှာ ရှိပါတယ်။ အလောင်းတွေဟာလည်း ပြန့်ကျဲနေလို့ ဘယ်သူဘယ်ဝါဆိုတာ ပြောလို့ မရနိုင်သေးပါဘူး” ဟု ဝန်ကြီး ပိုခါရယ်က ဆိုခဲ့သည်။မြို့တော် ခတ္တမန္ဒူ၏ အနောက်ဘက် မိုင် ၁၆၀ အကွာ တောင်တန်းထူထပ်သည့် မိုင်အာဂဒီဒေသတွင် ဒေသခံများက လေယာဉ်ပျက်ကျသည်ကို တွေ့ခဲ့သည်ဟု သတင်းပို့ခဲ့ကြသည်။ လက်ရှိတွင် စစ်တပ်သည် ထိုနေရာ၌ ရဟတ်ယာဉ်များနှင့် စစ်သားများကို တပ်ဖြန့်ထားသည်ဟု သိရသည်။လေယာဉ်ပေါ်တွင် လေယာဉ်အမှု ထမ်းသုံးဦးနှင့် ခရီးသည် ၂၀ လိုက်ပါသွားကြောင်း၊ ခရီးသည်များအနက် တရုတ်နှင့် ကူဝိတ်နိုင်ငံသား တစ်ဦးတို့ ပါဝင်ကာ ကျန်အားလုံးမှာ နီပေါနိုင်ငံသားများဖြစ်ပြီး ကလေးနှစ်ဦး ပါဝင်ကြောင်း Tara Air လေကြောင်းလိုင်းက ထုတ်ပြန်ခဲ့သည်။ Twin Otter လေယာဉ်သည် ခရီးသွားများကြားတွင် ထင်ရှားသော နီပေါနိုင်ငံ အနောက်ပိုင်းရှိ ပေါ့ဟာရာမြို့မှ ဖေဖော်ဝါရီ ၂၄ ရက် အစောပိုင်း၌ ထွက်ခွာခဲ့ပြီး ရှစ်မိနစ်အကြာတွင် ဆက်သွယ်မှု ပြတ်တောက်သွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲ၌ ဖော်ပြခဲ့သည်။ လေယာဉ်သည် ဂျွမ်ဆင်သို့ ထွက်ခွာသွားစဉ်က ရာသီဥတု အခြေအနေက ကောင်းမွန်သည်ဟု သိရသည်။ ဂျွမ်ဆင်သည် ဟိမဝန္တာဒေသထဲမှ ထင်ရှားသော လမ်းလျှောက်ခရီးစဉ် သွားရောက်ကြသည့်နေရာဖြစ်သည်။ ပေါ့ဟာရာမြို့မှ ဂျွမ်ဆင်သို့ လေယာဉ်ဖြင့် မိနစ် ၂၀ ကြာ သွားရောက်ရသည်။ကားလမ်းများ အကန့်အသတ်ရှိသော နီပေါနိုင်ငံတွင် လေကြောင်းဖြင့် ခရီးသွားမှု များပြားသည်။ နိုင်ငံတွင်းရှိ အထူးသဖြင့် တောင်တန်းဒေသများတွင် နေထိုင်သူတို့သည် တစ်နေရာနှင့် တစ်နေရာသို့ ခြေလျင် (သို့) လေယာဉ်ဖြင့်သာ သွားလာကြသည်။ နီပေါလေယာဉ်မှူး အများစုမှာ အတွေ့အကြုံနည်းပြီး၊ စီမံထိန်းချုပ်နိုင်စွမ်း နည်းပါးသည့်အပြင် လေယာဉ်များကို ပြုပြင်ထိန်းသိမ်းမှုမှာလည်း အားနည်းကြောင်း သိရသည်။လွန်ခဲ့သည့် နှစ်နှစ်က နိုင်ငံပိုင် နီပေါလေကြောင်းလိုင်းမှ Twin Otter လေယာဉ်တစ်စင်းသည် ပေါ့ဟာရာရှိ တောင်တန်းဒေသ တစ်ခုမှာပင် ပျက်ကျခဲ့ရာ လေယာဉ်ပေါ်တွင် လိုက်ပါသွားသူ ၁၈ ဦးစလုံး သေဆုံးခဲ့သည်။        Ref: AFP

Most Read

Most Recent