ယခုနှစ်အထိ မြေထဲပင်လယ်ကိုဖြတ်၍ ဥရောပသို့ ဝင်ရောက်လာသည့် ရွှေ့ပြောင်း အခြေချ အရေအတွက် ၁၁၀၀၀၀ ကျော်လွန်လာ

ယခုနှစ်အထိ မြေထဲပင်လယ်ကိုဖြတ်၍ ဥရောပသို့ ဝင်ရောက်လာသည့် ရွှေ့ပြောင်း အခြေချ အရေအတွက် ၁၁၀၀၀၀ ကျော်လွန်လာ
Published 24 February 2016

ယခုနှစ် ယခုအချိန်အထိ ရွှေ့ပြောင်း အခြေချနှင့် ဒုက္ခသည် ၁၁၀၀၀၀ ကျော်သည် မြေထဲပင်လယ်ကို ဖြတ်၍ ဂရိနှင့် အီတလီတို့သို့ ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း၊ ယင်းသို့ လာရောက်စဉ် လမ်းခရီး၌ လူပေါင်း ၄၁၃ ဦး သေဆုံးခဲ့ရကြောင်း အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအခြေချအဖွဲ့ (IOM) က ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီ ၂၃ ရက် နံနက်အထိ ဂရိသို့ ရွှေ့ပြောင်းအခြေချ ၁၀၂၅၄၇ ဦး ဝင်ရောက်ခဲ့ပြီးဖြစ်ပြီး ယခုနှစ်ဆန်းနောက်ပိုင်း အီတလီသို့ ၇၅၀၇ ဦး ဝင်ရောက်ခဲ့ကြောင်း IOM က ထုတ်ပြန်ခဲ့သည်။ပြီးခဲ့သောနှစ်ကမူ နွေရာသီအတွင်း ဥရောပသို့ ဝင်ရောက်သူ ၁၀၀၀၀၀ သို့ ရောက်ရှိခဲ့ကြောင်း IOM ပြောခွင့်ရပုဂ္ဂိုလ် အီတာယီဗီရီရီက ပြောကြားခဲ့သည်။ ဥရောပသို့ ရောက်ရှိရန် ကြိုးပမ်းစဉ် လမ်းခရီး၌ လူပေါင်း ၄၁၃ ဦး သေဆုံးခဲ့ရပြီး ၎င်းတို့အနက် ၃၂၁ ဦးသည် ဂရိသို့ သွားရောက်စဉ် လမ်းတွင် သေဆုံးခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ တစ်လတည်းတွင် ဂရိကျွန်းစုများသို့ ရွှေ့ပြောင်းအခြေချနှင့် ဒုက္ခသည် ခန့်မှန်းခြေ ၃၅၀၀၀ အထိ ရောက်ရှိခဲ့ပြီး ၎င်းတို့အနက် ထက်ဝက်နီးပါးသည် ဆီးရီးယားများဖြစ်ကာ လေးပုံတစ်ပုံသည် အာဖဂန်မှဖြစ်ကြောင်း၊ ၁၇ ရာခိုင်နှုန်းသည် အီရတ်မှဖြစ်ကြောင်း အီတာယီဗီရီရီက ဆိုသည်။၎င်းတို့သည် ဂရိသို့ ရောက်ရှိချိန်တွင် အားလုံးနီးပါးသည် ရှေ့ဆက်ရန် ကြိုးပမ်းခဲ့ကြကြောင်း၊ ခန့်မှန်းခြေ ၂၆၀၀၀ အထိသည် ဖေဖော်ဝါရီ တစ်လတည်းအတွင်း မက်ဆီဒိုးနီးယားနှင့် ဂရိနယ်စပ်ကို ဖြတ်သန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ယင်းအချိန်တွင် မက်ဆီဒိုးနီးယားက ၎င်း၏ နယ်စပ်ကို ရုတ်တရက် ပိတ်ပစ်ခဲ့သဖြင့် ဂရိတွင် ထောင်နှင့်ချီသော အာဖဂန် ဒုက္ခသည်များ သောင်တင်သွားခဲ့ပြီး ဥရောပတိုက်၏ ရွှေ့ပြောင်းအခြေချ ပဋိပက္ခကို တုံ့ပြန်ရန် ဥရောပနိုင်ငံများက အပူတပြင်း ကြိုးပမ်းနေစဉ် နောက်ထပ် နှောင့်နှေးမှုတစ်ခု ဖြစ်ပေါ်စေခဲ့သည်။ နယ်စပ်တွင် ဆီးရီးယားနှင့် အီရတ်ရွှေ့ပြောင်း အခြေချနှင့် ဒုက္ခသည်များကို တဖြည်းဖြည်း ဖြတ်သန်းခွင့်ပြုခဲ့သည့်တိုင် ဖေဖော်ဝါရီ ၂၃ ရက်တွင် လူပေါင်း ၄၀၀၀ ခန့်သည် နယ်စပ်၌ သောင်တင်နေဆဲဖြစ်ကြောင်း ဂရိရဲတပ်ဖွဲ့က ဆိုသည်။ယခုနှစ်အတွင်း ဂရိသို့ ရေလမ်းမှနေ၍ အာဖဂန် ၂၀၀၀၀ နီးပါးနှင့်အတူ ဆီးရီးယား ၃၁၀၀၀ နီးပါးနှင့် အီရတ် ၁၂၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း IOM က ထုတ်ပြန်ခဲ့သည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) ပြောခွင့်ရ ပုဂ္ဂိုလ် ကရင်ဒီဂရူဂျီက မက်ဆီဒိုးနီးယား၏ လုပ်ရပ်သည် ရောက်ရှိနေသော ရွှေ့ပြောင်းအခြေချနှင့် ဒုက္ခသည်များအတွက် အခက်အခဲများစွာ ဖြစ်ပေါ်စေခဲ့သည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ရွှေ့ပြောင်းအခြေချ ပဋိပက္ခနှင့် ပတ်သက်၍ ဘော်လ်ကန်နိုင်ငံများ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၄ ရက်တွင် မပြုလုပ်မီ ဥရောပ နိုင်ငံများအကြား တင်းမာမှုသည် ပိုမို ဆိုးရွားလာခဲ့သည်။ ယင်းဆွေးနွေးပွဲသို့ ဂရိကိုယ်စားလှယ်များအား ဖိတ်ခေါ်ခြင်း မရှိသဖြင့် ဂရိနိုင်ငံခြားရေး ဝန်ကြီးဌာနက ယင်းဆွေးနွေးပွဲသည် တစ်ဖက်သတ်ဆန်ပြီး ရင်းနှီးဖော်ရွေမှု မရှိကြောင်း၊ ဥရောပနိုင်ငံများအကြား  ပူးတွဲတုံ့ပြန် ဖြေရှင်းရေး သဘောတူညီချက် ရရှိရန် ကြိုးပမ်းနေမှုကို အားလျော့အောင် သြစတြီးယားက လုပ်ဆောင်နေကြောင်း စွပ်စွဲခဲ့သည်။သြစတြီးယားက ယင်းဆွေးနွေးပွဲသည် ပုံသေ ဆွေးနွေးပွဲ တစ်ခုသာ ဖြစ်ပြီး အကျဉ်းချုပ်ကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ဥရောပသမဂ္ဂ ပြည်ထဲရေးနှင့် တရားရေး ဝန်ကြီးများကို ပေးဝေမည်ဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။ သြစတြီးယားကလည်း ဂျာမနီသည် ရှေ့နောက်မညီသော ရွှေ့ပြောင်းအခြေချဆိုင်ရာ မူဝါဒကို ကျင့်သုံးနေသည်ဟု ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။Ref: AFP

Most Read

Most Recent