နယ်ကလူငယ်တွေ သိစေချင်ပါတယ် (၃)

နယ်ကလူငယ်တွေ သိစေချင်ပါတယ် (၃)
Published 24 February 2016
ဒေါက်တာ ဖြိုးသီဟ

လူငယ် တော်တော်များများမှာ တွေ့ရတတ်တဲ့ နောက်ထပ်ပြဿနာတစ်ခုကတော့ လက်ရှိအလုပ်မှာ မပျော်ရွှင်နေကြတာပါပဲ။ ဒါကလည်း ပညာရေးက အားနည်း၊ ကိုယ့်အိပ်မက် ကိုယ်မသိ၊ ကိုယ့်ဝါသနာ ကိုယ်မသိဘဲ အဆင်ပြေရာ အလုပ်တစ်ခုကို ဝင်လုပ်နေကြရတဲ့ အနေအထားရဲ့နောက်ဆက်တွဲလို့ပဲ ဆိုရပါမယ်။ အဲဒီလိုမပျော်မရွှင် ဖြစ်နေကြတဲ့အခါ သူကိုယ်တိုင်လည်း မတိုးတက်ဘူး၊ သူလုပ်နေတဲ့ အဖွဲ့အစည်း၊ နောက်ဆုံးသူနေထိုင်တဲ့ နိုင်ငံပါ မတိုးတက်တော့ပါဘူး။ အဲဒီလို လူငယ်တွေအတွက် အတုယူထိုက်တဲ့ နာမည်ကျော်ပုဂ္ဂိုလ်တစ်ဦးအကြောင်း ပြောပြပါရစေ။ကမ္ဘာကျော် သံမဏိသူဌေးကြီး အင်ဒရူးကာနက်ဂျီ (၁၈၃၅-၁၉၁၉) ဖြစ်ပါတယ်။သူဟာ အင်မတန် ဆင်းရဲတဲ့ မိသားစုက နေမွေးဖွားလာခဲ့တယ်။ ဆယ်ကျော်သက်ဘဝမှာ ကြေးနန်းစာပို့သမားလေးအဖြစ် အလုပ်စလုပ်ခဲ့တယ်။ အဲဒီကောင်လေးက သူ့အလုပ်ကို အင်မတန် အလေးထားတယ်။ ကြေးနန်းစာတွေကို သက်ဆိုင်တဲ့သူလက်ထဲ အမြန်ဆုံး ရောက်ဖို့  ကြိုးစားတယ်။ သူကြေးနန်းစာဝေရမယ့် အိမ်တစ်အိမ်ချင်းစီကို အမည်နာမ၊ အိမ်ရှင်ရဲ့ရုပ် စသဖြင့် တွဲသိနေအောင် မှတ်ထားတယ်။သူပေးပို့ရမယ့် ကြေးနန်းစာတွေ အမြန်ဆုံး လိုက်ဝေပြီးပြီဆိုတာနဲ့ ရတဲ့အချိန်လေးတွေမှာ ကြေးနန်းရိုက်နည်း သင်တယ်။ အချိန် ပိုရင်ပိုသလိုလည်း ကူလုပ်ပေးတယ်။ အဲဒီအခါမှာ သူ့ကြိုးစားမှုကိုမြင်တဲ့ အထက်လူကြီးတွေက သူ့ကိုအော်ပရေတာအဖြစ် ခန့်လိုက်တယ်။အဲဒီနောက်မှာလည်း ကြိုးကြိုးစားစား လုပ်နိုင်ခဲ့တဲ့အခါ သိပ်မကြာတဲ့ ကာလမှာပဲ မီးရထားကုမ္ပဏီတစ်ခုရဲ့ ကြေးနန်းစာရေး ဖြစ်လာခဲ့တယ်။ ဒီအလုပ်ကို ပြောင်းခဲ့တာ တော့ မီးရထားလုပ်ငန်းဟာ နောင်တစ်ချိန်မှာ ပိုပြီး အခွင့်အလမ်း များလာနိုင်တယ်ဆိုတာကို မြင်လို့ပါပဲ။ ဒါကလည်း သူ့ရဲ့ စာဖတ်အားကြောင့်ပါ။ ဂျိမ်းစ်အန်ဒါဆန်ဆိုတဲ့ လူတစ်ယောက်က အလုပ်လုပ်နေရတဲ့ ကျောင်းသားအရွယ် လူငယ်တွေအတွက် သူစုဆောင်းထားတဲ့ စာအုပ်တွေကို စနေနေ့တိုင်း ငှားပေးခဲ့တယ်။ အဲဒီမှာ အင်ဒရူးကာနက်ဂျီက ပင်တိုင် အငှားသမား ဖြစ်နေခဲ့တာ။ သူ့ရဲ့အအုံပညာ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဒါတွေအတွက် ကိုယ်ထူကိုယ်ထ လေ့လာခဲ့ရသူ ဖြစ်ပါတယ်။ မီးရထား စာရေးဘဝမှာလည်း ဒီလိုပဲ၊ သူ့အလုပ်သူ တာဝန်ကျေရုံတင် မဟုတ်ဘူး၊ အချိန် ရရင်ရသလို လေ့လာတယ်၊ စာဖတ်တယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ သူ့အထက် အရာရှိတွေ တစ်ယောက်မှ မရှိတဲ့အချိန်၊ ရထား အဝင်အထွက် အစီအစဉ်တွေ ချိတ်ဆက်မှုလွဲမှားပြီး ဘယ်ရထားမှ ဝင်မရထွက်မရ ဖြစ်နေခဲ့တယ်။ ဒါတွေကို ဘယ်လိုစီစဉ်ပေးရသလဲ လေ့လာထားတဲ့ အင်ဒရူးကာနက်ဂျီက ဝင်ပြီး စီစဉ်ညွှန်ကြားလိုက်တဲ့အခါမှာ လမ်းကြောတွေ အကုန်ရှင်းသွားပြီး ရထားတွေလည်း ပုံမှန်အတိုင်း လည်ပတ်နိုင်ခဲ့တော့တယ်။ အဲဒါကို ကုမ္ပဏီလူကြီးတွေ သိသွားတော့ သူ့ကို အရာရှိအဆင့်ကို တိုးပေးခဲ့တော့တယ်။အဲဒီလို အလုပ်ကြိုးစားပြီး လေ့လာအားကောင်းတဲ့ ဒီလူငယ်လေးဟာ နောင်တစ်ချိန်မှာ ကမ္ဘာကျော် သံမဏိသူဌေးကြီး ဖြစ်လာခဲ့တာကတော့ အထူးပြောစရာ လိုတော့မယ် မထင်ပါဘူး။ သူဘာကြောင့် အောင်မြင်ခဲ့သလဲဆိုတာကို ပြန်ကြည့်တဲ့အခါမှာ ထင်ထင်ရှားရှား တွေ့ရတဲ့ အချက်တွေကတော့ အလုပ်ကြိုးစားတာရယ်၊ ကိုယ့်အလုပ်နဲ့ နီးစပ်ပတ်သက်တဲ့ တခြားလုပ်ငန်းပိုင်းတွေကိုပါ သိအောင်၊ တတ်အောင် လေ့လာခဲ့တာတွေပဲ ဖြစ်ပါတယ်။သူကိုယ်တိုင်လည်း ပြောခဲ့ပါတယ်။Do your duty and a little more,and the future will take care of itself.
တာဝန်ကို ကျေပွန်အောင်လုပ်၊ နည်းနည်းထပ် လေ့လာ၊ ဒါဆိုအနာဂတ်က သူ့အလိုလိုဖြစ်လာလိမ့်မယ်တဲ့။ ဒါကြောင့် လူငယ်တွေကို သိစေချင်တဲ့ မက်ဆေ့ချ်နံပါတ်(၃)ကတော့ ကိုယ့်ပညာရေး အားနည်းချင်နည်းခဲ့မယ်။ လက်ရှိမှာ ကိုယ်ဝါသနာ မပါတဲ့ အလုပ်တစ်ခုကို လုပ်ချင်လုပ်နေရမယ်၊ စိတ်မပျက်ပါနဲ့။ အပြစ်တင်၊ ညည်းညူရုံနဲ့ အောင်မြင်သွားကြတဲ့ လူတွေတစ်ယောက်မှ မရှိပါဘူး။ ဘဝက ပေးလာတဲ့ အခြေအနေပေါ်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြရမှာပဲ ဖြစ်ပါတယ်။ဒါကြောင့် အင်ဒရူးကာနက်ဂျီရဲ့စကားကိုပဲ ထပ်ပြောလိုက်ပါရစေ။အလုပ်ကို တာဝန်ကျေပွန်အောင် လုပ်ပါ။ ပြီးတော့ ထပ်လေ့လာပါ။ အနာဂတ်က ကိုယ့်အတွက် အလိုလို ဖြစ်လာပါလိမ့်မယ်။Ref: သူတို့ ဒီနေရာကို ဘယ်လို ရောက်လာကြသလဲ။

Most Read

Most Recent