အယ်လ်နီညို၊ အယ်လ်နီညိုနှင့် ခုတလော စာလုံးဖြင့် တညိုတည်းညိုနေကြ၊ အသံဖြင့် တညိုတည်း ညိုနေကြသည်ကို သတိကြီးစွာထားမိသည်။ အယ်လ်နီညို (EL Nino) သာမက သူ၏နှမချောဖြစ်သူ လာနီညာ (La Nina) သည်လည်း သူပေါ်လာပြီးလျှင် ဆက်တိုက် ပေါ်လာတတ်သည်ဟု ပြောဆိုနေကြသည်။ တညိုတည်းညိုပြီးလျှင် တညာပြီး ညာဦးမည်ဆိုလျှင် ဤကမ္ဘာပေါ်ရှိ လူသားများအဖို့ ဒုက္ခပင်လယ်ဝေရန်သာ ရှိတော့မည်။ 'အယ်လ်နီညိုတို့ မောင်နှမ' ဟူသော ဆောင်းပါးတစ်ပုဒ်ကို ဤနေရာတွင် ၁၀-၂-၂၀၁၅ ရက်က ရေးခဲ့ပြီးဖြစ်သည်။အယ်လ်နီညို ဖြစ်ပေါ်ရန် အခြေအနေမှာ တောင်အာဖရိကတိုက်၏ ကမ်းရိုးတန်းဒေသသို့ ပင်လယ်ရေနွေးစီးကြောင်းများ စီးဝင်လာသောအခါ ပင်လယ်ရေအေးများ မျက်နှာပြင်ပေါ်သို့ တက်မလာစေရန် ကန့်သတ်ခံရခြင်း အခြေအနေမျိုးဖြစ်သည်။ ယင်းသို့ဖြစ်ပါက ရေမျက်နှာပြင်သည် သိသာစွာပင် ပို၍ပူနွေးလာသည်။ ရေနေသတ္တဝါ၊ အထူးသဖြင့် ငါးများအတွက် အာဟာရကြွယ်ဝသော အစာများသည်လည်း ပင်လယ်နက်မှ ရေအေးနှင့်အတူ မျက်နှာပြင်သို့ ရောက်ရှိမလာနိုင်တော့ဘဲ ငါးအရေအတွက်ကို များစွာလျော့နည်းသွားစေသည်။ စီးပွားဖြစ် ငါးဖမ်းလုပ်ငန်းကိုလည်း သိသိသာသာထိခိုက်စေသည်။ ထိုဆောင်းပါး၌ ၂၀၁၄ ခုနှစ် ဇွန်မှ ၂၀၁၅ ခု ဇွန်လအတွင်း အယ်လ်နီညိုဖြစ်စဉ် ဖြစ်ပေါ်လာဦးမည်ဟုရေးခဲ့သည်။ ကျွမ်းကျင်ပညာရှင်များက ယခု ၂၀၁၅ ခုနှစ်ကုန်တွင် အယ်လ်နီညိုဖြစ်စဉ် အားအကောင်းဆုံးဖြစ်ခဲ့ပြီး တစ်ဖြည်းဖြည်း အားလျော့လာမည်ဟု ဆိုသည်။ဤဆောင်းပါး၌ တစ်ကမ္ဘာလုံး၏ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာကိစ္စရပ်များနှင့် အမေရိကန်နိုင်ငံကဲ့သို့သော နိုင်ငံကြီး၏ ရှေ့ဆောင်ရှေ့ရွက်ပြုမှုကြောင့် မည်သို့သော ကောင်းကျိုးသက်ရောက်မှုရှိလာမည် ဆိုသည်ကို အကျဉ်းမျှရေးပါမည်။ရာသီဥတုပြောင်းလဲခြင်းဆိုသည်မှာကမ္ဘာကြီးပူနွေးလာခြင်းကိုဆိုလိုသည်။ ကမ္ဘာ့အပူချိန် မြင့်တက်လာခြင်းကြောင့် အယ်လ်နီညိုဖြစ်စဉ် ဖြစ်ပွားရခြင်းဖြစ်သည်ဟု သေချာ တပ်အပ် မသိရှိသေးသော်လည်း ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်းနှင့် အခြားဖန်လုံအိမ် ဓာတ်ငွေ့များကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများဆိုင်ရာ မှတ်တမ်းမှတ်ရာအချက်အ လက်ပမာဏမှာ ထောင်ပုံရာပုံရှိနေပြီဖြစ်သည်။ ယင်းကိစ္စအား တစ်နေရာတစ်ဌာနတည်း၌ ဆောင်ရွက်ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံစုံပါဝင်သည့် ကွန်ရက်တစ်ခုတည်ဆောက်ပြီး ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ညီလာခံတွင် ဆွေးနွေးညှိနှိုင်းရေး ဖြစ်သည်။၂၀၀၉ ခုနှစ် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တွင် ပြုလုပ်သော ရာသီဥတုဆိုင်ရာညီလာခံ၌ ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား သဘောတူညီမှုတစ်ရပ်ရရန် ဦးစားပေးလုပ်ဆောင်ခဲ့ကြသည်။ အားလုံး၏ အာရုံစူးစိုက်မှုသည် တန်းတန်းမတ်မတ် တရုတ်ထံသို့ ရောက်သွားသည်မှာ မဆန်း။ အဘယ့်ကြောင့်ဆိုသော် ယင်းကြီးမားလှသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ နောက်ကွယ်တွင် တရုတ်သည် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု အရေးကိစ္စ ၌ နံပါတ်တစ်နေရာကို မြန်ဆန်စွာ ရရှိနေပြီဖြစ်သောကြောင့် ဖြစ်သည်။ သို့တိုင်အောင် တရုတ်တို့က လူတစ်ဦးချင်းနှုန်းဖြင့် တွက်ချက်ပါက သူတို့၏ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုသည် အနောက်တိုင်းနိုင်ငံ၏ နောက်တွင်ရှိနေသေးကြောင်း ပြောဆိုနေလိုက်သေးသည်။ ဒေသတွင်း စီးပွားရေးချဲ့ထွင်လျက်ရှိသော ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်သည့် ဘရာဇီး၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တူရကီနှင့် တောင်အာဖရိကတို့အပေါ် တရုတ်သည် သြဇာသက်ရောက်မှု အရှိဆုံး နိုင်ငံတစ်ခုအဖြစ် တည်ရှိနေသည်မှာ ယုံမှားဖွယ် အံ့သြဖွယ် မရှိပေ။အဆိုပါ နိုင်ငံတစ်ခုချင်းစီသည် သူတို့၏ ပြည်တွင်းပြဿနာရပ်များနှင့် ရင်ဆိုင်လုံးပန်းနေကြရသည်မှာ အထင်အရှားဖြစ်သည်။ ပမာအားဖြင့် တရုတ်တို့သည် လူဦးရေသန်း ရာပေါင်းများစွာအား ဆင်းရဲမွဲတေမှုအခြေမှ မြှင့်တင်ပေးခဲ့သည်ဟုဆိုစေကာမူ သန်းပေါင်း ၁၀၀ ခန့်သည် ဆင်းရဲတွင်း နက်နေဆဲပင်ဖြစ်သည်။ ယင်းဆင်းရဲမွဲတေမှုအား ကုစားရန်အတွက် မိမိတို့၏ စက်မှုထုတ်ကုန်ကို မြှင့်တင်ရန်လိုသည်။ သို့ ဖြစ်သောကြောင့် ရာသီဥတု ပြောင်းလဲခြင်းကိစ္စကို အလေးပေးကာ ဆောင်ရွက်ဖြေရှင်းနိုင်ပါမည်လား။ လူနေမှုဘဝမညီမျှခြင်း၊ ဆင်းရဲမွဲတေခြင်းတို့ ကြီးစိုးလျက်ရှိနေသော နိုင်ငံတစ်ခုအား အုပ်ချုပ်သူတို့သည် ရာသီဥတု ပြောင်းလဲခြင်းကုစားရန် ရည်ရွယ်ချက် တစ်ခုတည်းအတွက် သူတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို အစားထိုး ပေးဆပ်လိမ့်မည်မဟုတ်ဟု နားလည်သဘောပေါက်ကြသည်။ အမေရိကန်အနေဖြင့် မိမိ၏ ကာဗွန်ထုတ်လွှတ်မှုအား သုညပမာဏသို့ လျှော့ချလိုက်သည်ပဲထား၊ တရုတ်၊ အိန္ဒိယနှင့် အခြားနိုင်ငံများ ကာဗွန်ထိန်းချုပ်မှုမရှိပါက တစ်ကမ္ဘာလုံးဆိုင်ရာ ထုတ်လွှတ်မှုအဆင့်သည် လိုအပ်သောအဆင့်သို့ ရောက်ရှိဦးမည်မဟုတ်။ သို့ဖြစ်၍လည်း ဤဖြစ်စဉ်ကို နိုင်ငံတိုင်းက မျှေ၀ လုပ်ဆောင်ရမည့် မျှဝေတာဝန်ယူရမည့် အခြင်းအရာတစ်ခုအဖြစ် လက်ခံသင့်သည်ဟု ဆိုသည်။ကျွန်းများနှင့် မြေနိမ့်ပိုင်းနိုင်ငံ အများအပြားတို့သည် ရာသီဥတုပြောင်းလဲခြင်း၏ သက်ရောက်မှုကို အထူးစိုးရိမ်ပူပန်နေကြသည်။ ရာခိုင်နှုန်း ၄၀ ခန့်ဖြစ်သော လူသားအားလုံးသည် ကမ်းရိုးတန်းနှင့် မိုင် ၆၀ အကွာ အဝေးအတွင်း နေထိုင်ကြသည်ဖြစ်သောကြောင့် အကယ်၍ ရာသီဥတု ဆက်လက် ပြောင်းလဲပြီး ပင်လယ်ရေမျက်နှာပြင် ဆက်လက်မြင့်တက်လာမည်ဆိုပါက ပြေးစရာမြေနေရာ အဘယ်မှာရှိတော့မည်နည်း။ ထို့ပြင် ထိလွယ်ရှလွယ်နိုင်ငံများတွင် မိုးခေါင်ရေရှား၊ အစားအစာ ရှားပါးလာပြီး ရေကြီးရေလွှမ်းခြင်း၊ မုန်တိုင်း ကျရောက်ခြင်းကြောင့် ကမ္ဘာအဝန်း လယ်ယာစိုက်ပျိုးရေးနှင့်တကွ အခြေခံ အဆောက်အအုံအများအပြား ပျက်စီးသွားမည်ဆိုပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို အဘယ်သို့ ရင်ဆိုင်ရမည်နည်း။ပထမဦးဆုံးအကြိမ်အဖြစ် စီးပွားရေးဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲဖြစ်သည့်နိုင်ငံကြီးများသည် ၂၀၂၀ ခုနှစ်အထိ ကာဗွန်ထုတ်လွှတ်မှု ထိန်းချုပ်ကန့်သတ်ရန်အတွက် အမျိုးသားရေး တစ်ရပ်အနေဖြင့် ကတိကဝတ်ပြုကြရုံမျှမက ၎င်းတို့၏ အားထုတ်မှုများအား ပွင့်လင်းစွာ အစီရင်ခံမည်ဖြစ်သည်။ယင်းသဘောတူညီမှုများအား ကိုင်စွဲပြီး ၂၀၁၅ ပါရီညီလာခံသို့ နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးရန် သယ်ဆောင်လာမည်ဖြစ်သည်။နိုဝင်ဘာ ၃၀ မှ ဒီဇင်ဘာ ၁၁ ရက်အထိ ပါရီမြို့၌ ကျင်းပခဲ့သည့် ၂၀၁၅ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ညီလာခံသည် လူသားများအတွက် အရေးပါသည့် နောက်ထပ် ခြေလှမ်းတစ်လှမ်းအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့သည်။ ယင်းမတိုင်မီ ၂၀၁၃ ခုနှစ် ဇွန်လတွင်အမေရိကန်သမ္မတအိုဘားမားနှင့် တရုတ်သမ္မတရှီတို့က 'အညစ်ညမ်းလွန် ပစ္စည်း' (Super Pollutants) များ ဖြစ်သည့် လေအေးပေးစက်များမှ ထွက်ရှိသော ဟိုက်ဒြို ဖလူရိုကာဗွန် (HFC) ဓာတ်ငွေ့အချို့ကို ဖယ်ရှားပစ်ရန် သဘောတူခဲ့သည်ဆိုသည်။ ယင်းသည် အမေရိကန်နှင့် တရုတ်တို့၏ ရာသီဥတု ပြောင်းလဲခြင်းနှင့် စပ်လျဉ်းသည့်ထူးခြားသော ပထမဆုံး သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။ အမေရိကန်အနေဖြင့် ၂၀၀၈ ခုနှစ် နောက်ပိုင်း လေ၊ နေ၊ မြေသား အပူတို့မှ ပြန်ပြည့်မြဲ သန့်စင်စွမ်းအင်ထုတ်လုပ်မှုကို နှစ်ဆနီးပါးခန့် မြှင့်တင်ခဲ့သည့်အပြင် ၂၀၁၂ ခုနှစ် တိုင်းတာချက်အရ အမေရိကန်ရှိ ကာဗွန်ထုတ်လွှတ်မှုများသည် အနှစ် ၂၀ အတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားသည်ကိုတွေ့ရ၏။ ယခု ၂၀၁၅ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ပါရီညီလာခံတွင် ပါဝင်ပတ်သက်သော နိုင်ငံပေါင်း ၁၉၅ နိုင်ငံအားလုံး ပါရီ သဘောတူညီချက် (Paris Agreement) အရ မိမိတို့နိုင်ငံရှိ ကာဗွန်ထုတ်လွှတ်မှုများအား အတတ်နိုင်ဆုံး အစောဆုံးလျှော့ချပစ်ရန်နှင့် ကမ္ဘာ့အပူချိန်ကို ၂ ဒီဂရီစင်တီဂရိတ်အောက်တွင် သတ်မှတ်ထားရှိရန် သဘောတူ လက်ခံကြသည်။ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးက ယင်းအောင်မြင်ဖြစ်မြောက်မှုကို သမိုင်းတွင်ရစ်သော အချိုးအကွေ့တစ်ခုဟု ဆိုစေကာမူ အချို့ဝေဖန်သုံးသပ်သူများကမူ အဆိုပါသဘောတူမှုများမှာ 'သာမန်ကတိ' များသာဖြစ်ကာ ခိုင်မာစွာမြှုပ်နှံထားသော ကတိကဝတ်များမဟုတ်ဟု ပြောသည်။ တစ်နည်းအားဖြင့်ပြောရလျှင် ကမ္ဘာ့ဖန်လုံအိမ် ဓာတ်ငွေ့ စုစုပေါင်းပမာဏ၏ ၅၅ ရာခိုင်နှုန်း ထုတ်လုပ်လျက်ရှိသော အဖွဲ့ဝင် ၅၅ နိုင်ငံတို့ က သဘောတူစာချုပ်ပေါ်တွင် လက်မှတ်မထိုးမချင်း ယင်းသဘောတူညီချက်၏ နှောင်ကြိုးသည် ချည်နှောင်အား ကင်းမဲ့နေဦးမည်သာဖြစ်သည်။လေထုကို ဆိုးဆိုးရွားရွားညစ်ညမ်းစေသော တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီး၊ ကနေဒါ၊ ရုရှား၊ အင်ဒိုနီးရှားနှင့် သြစတြေးလျ စသည့် နိုင်ငံတို့သည် ၎င်းတို့၏ ကာဗွန်ညစ်ညမ်းမှုအား ၎င်းတို့ ဆန္ဒသဘောအလျောက် ကြိုးစားပမ်းစား လျှော့ချလိမ့်မည်ဟူသော ယူဆချက်တစ်ခုအပေါ် အခြေတည်၍ အဆိုပါ သဘောတူညီချက်ပါရည်ရွယ်ချက်များအား ရေးဆွဲထုတ်ပြန်ထားခြင်းဖြစ်သည်ဟု အချို့သုံးသပ်သူများက လေ့လာတွေ့ရှိခဲ့သည်ဆိုသည်။ မည်သို့ပင်ဆိုစေ သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးသည့်နိုင်ငံ တစ်ခုချင်းသည် ကာဗွန်ထုတ်လွှတ်မှု လျှော့ချမည့် ပမာဏကို မိမိတို့သဘောဆန္ဒအလျောက် သတ်မှတ်ပေးရန်သာဖြစ်ပြီး နေ့ရက်သတ်မှတ်စေခြင်း၊ တွန်းအားပေးခြင်းရှိမည်မဟုတ်ဟု ဆိုသည်။သို့ဖြစ်ရကား ရောဂါဘယမျိုးစုံဖြစ်ပွားခြင်း၊ မိုးခေါင်ရေရှားဖြစ်ခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း၊ တိုက်တာအိမ်ခြေပင်လယ်အောက် နစ်မြုပ်သွားခြင်းစသည့် လူသားတစ်ရပ်လုံးအပေါ် ကျရောက်မည့်ဘေးမျိုးစုံကို မိမိအရေးမဟုတ်သလို ပြုမူကျင့်ကြံမည် ဆိုပါက အလွန်အမင်း မိုက်မဲရာကျနေမည်သာ ဖြစ်တော့သည်။










