တောင်ငူခရိုင် ရေတာရှည်မြို့နယ် အမှတ် (၆ ) သကြားစက်မှ သိမ်းယူထားသည့် လယ်ယာမြေများ အားကျေးရွာလယ်ယာမြေ တာဝန်ရှိသူများက ထောက်ခံချက် မပေးသောကြောင့် လယ်ယာမြေပုံစံ လျှောက်ပိုင်ခွင့် မရရှိဟုဆိုကာ ဖေဖော်ဝါရီ ၂၃ ရက်နေ့ လယ်ပိုင်းက ဒိုးတန်းကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရုံး၌ သိမ်းဆည်းခံတောင်သူများက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။“ရေတာရှည် အမှတ် ၆ သကြားစက်က သိမ်းထားတာ အုပ်စုလေးစုရှိတယ်။ အုပ်စုလေးစုက ဆွာမင်းလမ်းရယ်၊ ကုန်းကြီးတစ်အုပ်စု၊ ဒိုးတန်းတစ်အုပ်စု၊ သပြေတန်းတစ်အုပ်စု၊ အဲဒီအုပ်စုလေးစုထဲမှာ သုံးစုက ရပ်ကျေးလယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီနဲ့ ရပ်ကျေးလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ဝင်ငါးဦးက၊ တောင်သူတွေ တစ်ချိန်တုန်းက လုပ်ခဲ့ပါကြောင်း တောင်သူဘက်က ၁၉၈၈ မတိုင်ခင်တုန်းကလည်း လုပ်ခဲ့တယ်။ ၁၉၈၈ နောက်ပိုင်းမှာလည်း ၁၉၉၂-၉၃ လောက်အထိ တောင်သူတွေပဲ လုပ်ခဲ့ပါကြောင်းဆိုတာကို သူတို့က အုပ်စုလိုက် စာရင်းတင်တာကို လက်မှတ်ထိုး တင်တယ်။ အဲဒီလိုလက်မှတ်ထိုးတင်တဲ့အချိန်မှာ “သပြေတန်း” ဆိုတဲ့ အုပ်စုက လယ်/စီအဖွဲ့က တောင်သူဘက်က လက်မှတ်မထိုးဘူး။ သုံးအုပ်စုကတော့ ထိုးတယ်။ အဲဒီတော့ ထိုးပေးလိုက်တဲ့ သုံးအုပ်စုက လယ်မြေပုံစံကို လျှောက်ပိုင်ခွင့် ရသွားပြီ။ ပုံစံ ၁ လျှောက်ပြီးသွားပြီ။ ပုံစံ ၁ လျှောက်ခွင့်ရသွားတဲ့အပြင် လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီ လည်းလက်မှတ်ထိုးပေးတယ်။ မထိုးပေးတာက သပြေတန်းအုပ်စုက မထိုးပေးဘူး။သပြေတန်းအုပ်စုက စက်ရုံဘက်က ပါသွားတယ်။ အဲဒီလို စက်ရုံဘက်က ပါသွားတဲ့ဟာမှာ ကွင်းလည်း ၁၊၂၊၃၊၄၊၅၊တစ်ကွင်းတည်း ဖြစ်တယ်။ အားလုံး ၂၂၈၆ ဧက အသိမ်းခံရတာကလည်း တစ်ချိန်တည်းပဲ၊ အဲဒီတော့ တောင်သူဘက်က လက်မှတ်ထိုးပေးတဲ့ သုံးအုပ်စုက မြေတွေရပြီးတော့၊ မြေတွေပြန်မရတဲ့ သပြေတန်းအုပ်စုဘာကြောင့် မထိုးပေးရတာလဲဆိုတာကို ပွင့်လင်းမြင်သာစွာ ရှိခြင်းအားဖြင့် သတင်းစာရှင်းလင်းပွဲ လုပ်ရခြင်း ဖြစ်တယ်”ဟု အမှတ် (၆ )သကြားစက်မှ သိမ်းယူထားသော မြေအားပြန်လည်ရရှိရေး ကူညီပေးနေသူ ကိုချစ်ထွေးက ပြောကြားသည်။“သူတို့စက်ရုံက သိမ်းထားတဲ့ဥစ္စာကို ကျွန်မတို့ ဓားမဦးချ သမားတွေက ပြန်ယူဖို့ လုပ်တာလေ။ အဲဒါကို သပြေတန်းကွင်းက မပေးဘူး။ လေးအုပ်စု အသိမ်းခံရတာ၊ သုံးအုပ်စုကျတော့ ပေးတယ်။ သပြေတန်းအုပ်စုကို ပေးဘူးပေါ့နော့။ ပြောရမယ်ဆိုရင် ရွာလူကြီးတွေ ထောက်ခံတာမရလို့ ကျွန်မတို့ကို မပေးတာပေါ့။ ကျွန်မက ၆ ဧကအသိမ်းခံ ထားရတာ၊ ၉၃ ထဲကပေါ့။ ဟိုတုန်းကလယ်ပဲ စိုက်တာ သကြားစက်သိမ်းသွားပြီးတော့ ကြံတွေစိုက်တယ် ကြံမဖြစ်ဘူး။ ကြံမဖြစ်တော့ သူတို့က သီးစားတွေချတယ် သီးစားတွေကမှတစ်ဆင့် လုပ်ကြတာ။ ပြဿနာကတော့ ကျွန်မတို့ ဒီကွင်းထဲပြန်တိုးတဲ့အခါကျတော့ သကြားစက်က သီးစားချထားတဲ့ လူတွေက ကျွန်မတို့ကို တိုင်တာပေါ့။ ကျွန်မတို့ တရားရုံး သွားရတယ်။ ၁၅ ရက်တစ်ပတ် ၁၀ ရက်တစ်ပတ် အဲဒီလိုပဲ သွားနေရတာ မနက်ဖြန်ဆိုရင်ပဲ ရုံးချိန်းသွားရမှာ ၂၀၁၃ ကစပြီး တရားစွဲတာ ပထမအမှုဖွင့်တဲ့ ကိစ္စကတော့ သူတို့ပြန်ရုပ်သိမ်းသွားတယ်။ အခုလက်ရှိက ပုဒ်မ ၄၄၇ နဲ့ပဲ စွဲထားတယ်။ ကျူးကျော်မှုပေါ့။ ၄၂၇ လည်းပါတယ်။ ပုံစံ ၇ ပေးဖို့ဟာ သူတို့ကျန်တဲ့ သုံးအုပ်စုဘက်က လယ်မြေအဖွဲ့က ထောက်ခံပေးတယ်လေ။ ကျွန်မတို့ သပြေတန်းက လယ်ယာမြေ တာဝန်ရှိတဲ့အဖွဲ့က စက်ရုံဘက်ကို ပါသွားတာပေါ့။ တောင်သူလယ်သမားဘက်က မထောက်ခံဘူး။ သူက စက်ရုံဘက်က ထောက်ခံလိုက်တာ။ အဲဒါနဲ့ ကျွန်မတို့က သတင်းအဖွဲ့တွေနဲ့ ရှင်းလင်းဖို့ လုပ်တာလေ” ဟု လယ်ယာမြေ ၆ ဧက အသိမ်းခံထားရသည့် မတင်ရီက ပြောကြားသည်။ရေတာရှည်မြို့နယ်တွင် တပ်မတော်က သိမ်းထားသည့်မြေ၊ သကြားစက်က သိမ်းယူထားသည့် မြေ၊ အမြန်လမ်း မဖောက်လုပ်စဉ် အသိမ်းခံရသည့် မြေများအပါအဝင်၊ မြေဧက ၁၀၀၀၀ ဝန်းကျင် အသိမ်းခံခဲ့ရပြီး အသိမ်းဆည်းခံ တောင်သူများနှင့် မြေသိမ်းသူများအကြား မြေယာလုကာ ထွန်ယက်လုပ်ကိုင်မှုများကြောင့် ခိုက်ရန်ဖြစ်ပွားမှုများ ၊အမှုပြသာနာရင်ဆိုင်ရခြင်းများ ဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။
ရေတာရှည်မြို့နယ် အမှတ် (၆) သကြားစက်မှ သိမ်းယူထားသည့်မြေအား ကျေးရွာလယ်မြေ တာဝန်ရှိသူများက ထောက်ခံချက် မပေးသဖြင့် လယ်ယာမြေပုံစံ လျှောက်ပိုင်ခွင့် မရှိဟုဆိုကာ အသိမ်းဆည်းခံ တောင်သူများ သတင်းစာရှင်းလင်း















