ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံထားရသည့် တကသကျောင်းသားခေါင်းဆောင်သုံးဦး၏အမှု တတိယမြောက် တရားလိုပြသက်သေအဖြစ် ပန်းဘဲတန်းမြို့နယ်ထွေ/အုပ် ဒု-မြို့နယ်ဦးစီးမှူးအား စစ်ဆေး

ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံထားရသည့် တကသကျောင်းသားခေါင်းဆောင်သုံးဦး၏အမှု တတိယမြောက် တရားလိုပြသက်သေအဖြစ် ပန်းဘဲတန်းမြို့နယ်ထွေ/အုပ် ဒု-မြို့နယ်ဦးစီးမှူးအား စစ်ဆေး
Published 23 February 2016
ဝေလင်းအောင်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေး ဆန္ဒပြ တောင်းဆိုမှုကြောင့် အင်းစိန်ထောင်အတွင်း ဖမ်းဆီးခံထားရသည့် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) ဦးဆောင်သူများဖြစ်သည့် ကိုနန်းလင်း၊ ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့ကို ဖေဖော်ဝါရီ ၂၃ ရက်တွင် ပန်းဘဲတန်းမြို့နယ်တရားရုံး၌ ဆက်လက်ရုံးထုတ်ခဲ့သည်။
ယင်းနေ့ရုံးချိန်းတွင် ၂၀၁၅ ခုနှစ်အတွင်း ပန်းဘဲတန်းမြို့နယ်အတွင်း ဆန္ဒပြခဲ့မှုကြောင့် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံထားရသည့် (တကသ) ကျောင်းသားခေါင်းဆောင်သုံးဦးကို အမှုနှင့်ပတ်သက်၍ တတိယမြောက် တရားလိုပြသက်သေအဖြစ် ပန်းဘဲတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဒုတိယမြို့နယ် ဦးစီးမှူးအား စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒီနေ့ ပန်းဘဲတန်းတရားရုံးမှာ စွဲခံထားရတဲ့ အမှုအတွက် တတိယမြောက် တရားလိုပြ သက်သေအဖြစ် ဒုတိယမြို့နယ်ဦးစီးမှူးကို စစ်ဆေးတယ်။ သူကတော့ ဖြစ်စဉ်လေးကိုပဲ ထွက်ဆိုသွားတာပါ။ အဓိက ကျွန်တော်တို့မေးတာကတော့ ကျောင်းသားတွေ ကြွေးကြော်ဟောပြောတဲ့ အကြောင်းအရာတွေက ၅၀၅ (ခ) မမြောက်ဘူး။ ဘာလို့လဲဆိုတော့ အခြေခံဥပဒေ ပြင်ဆင်ဖို့က အရင်ကလည်း ပြောဆိုနေကြသလို၊ အခုလဲ ပြောဆိုနေကြတာပဲ။ ထူးထူးခြားခြား အကြောင်းအရာတွေ မဟုတ်ဘူး။ အများပြည်သူ တည်ငြိမ်အေး ချမ်းမှုပျက်ပြားတာမျိုးလည်း မရှိခဲ့ဘူးဆိုတာ ဟုတ်ပါသလားဆိုတဲ့ မေးခွန်းကို မေးတဲ့ သက်သေအနေနဲ့ ဟုတ်ပါတယ်လို့ ထွက်ဆိုတာမျိုး ရှိပါတယ်”ဟု ကျောင်းသားများ၏ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ပြောကြားသည်။
၂၀၁၅ ခုနှစ် ဇွန် ၃၀ ရက်တွင် (တကသ) ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်၊ ကိုနန်းလင်း၊ ကိုပိုင်ရဲသူတို့ အပါအဝင် အဖွဲ့ဝင်ကျောင်းသားအချို့နှင့် ပြည်သူများ ပူးပေါင်း၍ ပန်းဘဲတန်းမြို့နယ် သိမ်ကြီးဈေးရှေ့မှ စတင်ကာ ကျောက်တံတားမြို့နယ် ရန်ကုန်မြို့တော်ခန်းမရှေ့အထိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်းရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေးအတွက် လမ်းလျှောက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
ထိုသို့ ဆန္ဒပြမှုဖြင့် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ) အဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုနန်းလင်း၊ ကိုပိုင်ရဲသူတို့ကို ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် ပန်းဘဲတန်းမြို့မရဲစခန်းနှင့် ကျောက်တံတားမြို့မ ရဲစခန်းတို့တွင် အမှုဖွင့်ခဲ့ပြီး လက်ရှိအချိန်တွင် မြို့နယ်နှစ်ခု၌ တရားစွဲထားသည့် ပုဒ်မ ၅၀၅ (ခ) ကို ပန်းဘဲ တန်းမြို့နယ် တရားရုံးတွင်သာ စစ်ဆေးနေကြောင်း သိရသည်။
ထို့ပြင် အဆိုပါ ဆန္ဒပြမှုနှင့် ပတ်သက်ပြီး (တကသ) ကျောင်းသားခေါင်းဆောင်သုံးဦးကို ကျောက်တံတားမြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ် တရားရုံးတို့တွင် ပုဒ်မ ၁၈ ဖြင့် ယခုဖေဖော်ဝါရီလအတွင်းက စတင်တရားစွဲဆိုထားပြီး စွပ်စွဲခံရသူများအနေဖြင့် ထိုသို့ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားမှုကို မည်သည့်တရားရုံးတွင်မဆို ထုချေရှင်းလင်း တရားရင်ဆိုင်မည် မဟုတ်ကြောင်း မီဒီယာများအား ပြောကြားထားသည်။

Most Read

Most Recent