ဖီဂျီတွင် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်း ဝင်စတန်ကြောင့် သေဆုံးသူ ၂၉ ဦးအထိ မြင့်တက်လာ

ဖီဂျီတွင် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်း ဝင်စတန်ကြောင့် သေဆုံးသူ ၂၉ ဦးအထိ မြင့်တက်လာ
Published 23 February 2016

ဖီဂျီနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်း ဝင်စတန် ဝင်ရောက် တိုက်ခတ်ပြီးနောက် သေဆုံးသူဦးရေသည် ၂၉ ဦးအထိ မြင့်တက်လာခဲ့သည်။ အစိုးရ အရာရှိများက နိုင်ငံပြန်လည် ထူထောင်လာနိုင်ရေး အတွက် လပေါင်းများစွာ အချိန်ယူရမည်ဟု သတိပေးချိန်တွင် ဖီဂျီနိုင်ငံထဲသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ စတင်ဝင်ရောက်လာပြီ ဖြစ်သည်။
 ဝေးလံခေါင်သီသော ဖီဂျီကျွန်းပေါ်တွင် ဖြစ်ပွားခဲ့သည့် ပျက်စီးမှု အတိုင်းအတာကို သိရှိနိုင်ရန် အာဏာပိုင်များက ရုန်းကန်နေရဆဲဖြစ်သည်။ သို့သော် စားနပ်ရိက္ခာ၊ ရေနှင့် ဆေးဝါးများ သယ်ဆောင်လာသော သြစတြေးလျနှင့် နယူးဇီလန် လေယာဉ်များသည် ဖီဂျီနိုင်ငံသို့ ရောက်ရှိလာကြပြီ ဖြစ်သည်။
ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းက ဖီဂျီနိုင်ငံသို့ ဆိုင်ကလုန်း ဝင်စတန် ဝင်ရောက် တိုက်ခတ်ပြီးနောက် ကျေးရွာများတွင် ဆက်သွယ်ရေး ပြန်ရရန် ကြိုးပမ်းနေဆဲဖြစ်သည်။
"တရားဝင် သေဆုံးသူ ဦးရေဟာ ၂၉ ဦး ရှိပါတယ်။ မနေ့က ကိုရိုကျွန်းဘက်မှာ နောက်ထပ် အလောင်း ရှစ်လောင်းကို ထပ်တွေ့ထားပါတယ်" ဟု အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် အီဝမ်ပီရင်က ဆိုခဲ့သည်။ သေဆုံးသူဦးရေ ထပ်တက်လာနိုင်ကြောင်း၊ သို့သော် အနည်းငယ်မျှသာ ထပ်တက်လာမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ကိုရိုကျွန်း တစ်ခုတည်းမှာပင် အိုးမဲ့အိမ်မဲ့ ဖြစ်ရသည့် မိသားစု ၂၀၀၀ ခန့် ရှိသည်ဟု သိရသည်။
ယခုတိုက်ခတ်ခဲ့သော အဆင့်ငါးရှိသည့် ဆိုင်ကလုန်း ဝင်စတန်သည် တောင်ကမ္ဘာခြမ်းတွင် တိုက်ခတ်ခဲ့သမျှ မုန်တိုင်းများအနက် အားအပြင်းဆုံး ဖြစ်သည်။ တစ်နာရီ လေတိုက်နှုန်း ၂၀၂ မိုင်(၃၂၅ ကီလို မီတာ) ရှိသော ဝင်စတန် ဆိုင်ကလုန်း တိုက်ခတ်ခဲ့ရာ လမ်းတစ်လျှောက်တွင် အပျက်အစီးများ ဖြစ်သွားခဲ့သည်။
လက်ရှိတွင် ကယ်ဆယ်ရေး စခန်းများ၌ လူပေါင်း ၈၀၀၀ ကျော် ရှိနေကြောင်း၊ အချို့သော ကျေးရွာများတွင် ရွာလုံးကျွတ် ပျက်စီးခဲ့ကြောင်း ပီရင်က ပြောကြားခဲ့သည်။ "အချို့ နေရာတွေက လူတွေဟာ အားလုံးဆုံးရှုံး သွားတာဖြစ်လို့ လနဲ့ ချီ အိုးမဲ့အိမ်မဲ့ ဖြစ်သွားနိုင်ပါတယ်။ ဒီကပ်ဘေးရဲ့ အကျိုးဆက်ကြောင့် ဖီဂျီဟာ ပြန်လည် ထူထောင်ရေး အတွက် ကာလရှည်ကြာ အချိန်ယူရဦးမယ်ဆိုတာ သေချာပါတယ်" ဟု ၎င်းကဆိုသည်။ ဆိုင်ကလုန်း ဝင်စတန်သည် ဖီဂျီနိုင်ငံကို တိုက်ခိုက်မှုတစ်ခုဟု ဝန်ကြီးချုပ် ဗိုရီကီဘိုနီမာရာမာက သုံးနှုန်းခဲ့ပြီး နိုင်ငံထဲတွင် သဘာဝဘေး ကျရောက်နေကြောင်း တစ်လကြာ ကြေညာထားမည် ဖြစ်သည်။ သြစတြေးလျက ဒေါ်လာ ၃ ဒသမ ၆ သန်း နှင့် နယူးဇီလန်က ဒေါ်လာ ၁ ဒသမ ၅ သန်း တန်ဖိုးရှိ အကူအညီများ ပေးခဲ့သည်။
Ref : AFP

Most Read

Most Recent