တရုတ်က တောင်တရုတ်ပင်လယ်ရှိ ကျွန်းတုများတွင် ရေဒါများ တပ်ဆင်နေဟု အမေရိကန်ပညာရှင်အဖွဲ့ ပြောကြား

တရုတ်က တောင်တရုတ်ပင်လယ်ရှိ ကျွန်းတုများတွင် ရေဒါများ တပ်ဆင်နေဟု အမေရိကန်ပညာရှင်အဖွဲ့ ပြောကြား
Published 23 February 2016

ပိုင်ဆိုင်မှု အငြင်းပွားနေကြသော တောင်တရုတ်ပင်လယ်တွင် တရုတ်က ၎င်းတို့ တည်ဆောက်ခဲ့သော ကျွန်းတုများ၌ ရေဒါများ တပ်ဆင်နေသည်ဟု ဝါရှင်တန်အခြေစိုက် မဟာဗျူဟာဆိုင်ရာနှင့် နိုင်ငံတကာဆိုင်ရာ လေ့လာရေးဌာန (CSIS) က ဂြိုဟ်တုဓာတ်ပုံများ ထုတ်ပြန်ခဲ့သည်။ စပရက်တလီကျွန်းစု၏ ကျူအာတာရွန် သန္တာကျောက်တန်းကို CSIS က ရိုက်ကူးထားသော ဂြိုဟ်တုဓာတ်ပုံများတွင် ကြိမ်နှုန်းမြင့် ရေဒါအဆောက်အအုံဟု ယူဆရသော အဆောက်အအုံ တစ်ခုအပြင် မီးပြတိုက်တစ်ခု၊ မြေအောက် ကတုတ်ကျင်း၊ ရဟတ်ယာဉ်ကွင်းနှင့် အခြားဆက်သွယ်ရေး ကိရိယာများကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
တရုတ်သည် ပါရာဆဲကျွန်းစုမှ မြောက်ဘက်တွင် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ ချထားခဲ့သည်ဟု အမေရိကန် တာဝန်ရှိသူများက ပြောကြားခဲ့ပြီးနောက် တစ်ပတ်ခန့်သာ အကြာတွင် ယင်းဓာတ်ပုံများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ကျူအာတာရွန် သန္တာကျောက်တန်းတွင် ကြိမ်နှုန်းမြင့် ရေဒါတပ်ဆင်ခြင်းသည် မြောက်ဘက်ရှိ မလက္ကာရေလက်ကြားနှင့် အခြားမဟာဗျူဟာအရ အရေးပါသော ရေကြောင်းလမ်းနှင့် ဝေဟင်မှ ဝင်ရောက်မှုများအပေါ် တရုတ်၏ စောင့်ကြည့်နိုင်စွမ်းကို သိသိသာသာ အားကောင်းစေမည် ဖြစ်ကြောင်း CSIS ၏ Asia Maritime Transparency Initiative အစီရင်ခံစာတွင် သုံးသပ်ခဲ့သည်။
တရုတ်က ကျွန်းတုများအဖြစ် အသွင်ပြောင်းထားသော Graven၊ Hughes နှင့် Johnson South ကျွန်းတို့အနီး သန္တာကျောက်တန်းငယ် အချို့ကို ရိုက်ကူးထားသော ဂြိုဟ်တုဓာတ်ပုံများတွင်လည်း ရေဒါ မျှော်စင်များ၊  သေနတ်များ၊ ကတုတ်ကျင်းများ၊ ရဟတ်ယာဉ်ဆင်းကွင်းများ၊ လှေဆိပ်များဟု ယူဆရသော အဆောက်အအုံများကို CSIS က တွေ့ရှိခဲ့ရကြောင်း သိရသည်။ တရုတ်က မြေပြင်ဝေဟင်ပစ် HQ-9 ဒုံးကျည်များ ချထားမှုသည် တောင်တရုတ်ပင်လယ်တွင် စစ်ရေးအင်အား ချိန်ခွင်ကို သိသိသာသာ မပြောင်းလဲ စေနိုင်သော်လည်း အခြားတစ်ဖက်တွင် စပရက်တလီ ကျွန်းစု၌ ရေဒါများ တပ်ဆင်နေခြင်းသည် စစ်ဆင်ရေး လုပ်ဆောင်မှု အနေအထားကို သိသိသာသာ ပြောင်းလဲစေနိုင်ကြောင်း CSIS က ဆိုသည်။
ပါရာဆဲကျွန်းစုရှိ ဝူဒီကျွန်းတွင် လက်နက်များ ချထားခဲ့ကြောင်း တရုတ်က ပြီးခဲ့သော သီတင်းပတ်တွင် အတည်ပြုခဲ့ပြီး အချုပ်အခြာ အာဏာပိုင်မှုအရ လုပ်ပိုင်ခွင့်ရှိကြောင်း ကာကွယ်ပြောကြားခဲ့သည်။ လွတ်လပ်စွာ ရေကြောင်းသွားလာမှုကို ကာကွယ်ရမည်ဖြစ်ကြောင်း တရုတ်က ပြောကြားခဲ့ပြီး ကျွန်းစုများ တည်ဆောက်မှုသည် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးကဲ့သို့ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ထောက်ပံ့နိုင်ရန် အတွက် ရည်ရွယ်ကြောင်း၊ သို့သော် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးအတွက် လိုအပ်သော လက်နက်များ ထားရှိခွင့်ရှိကြောင်း ကာကွယ်ပြောကြားခဲ့သည်။                
 Ref : AFP

Most Read

Most Recent