၁၈၀၂ မှ ၁၉၄၅ ခုနှစ်အထိ ငုယင်မင်းဆက် ဘုရင့်နန်းစိုက်ရာ ဟွေမြို့။ ပြင်သစ် ကိုလိုနီနယ်ချဲ့ လက်ထက် ၁၉၄၉ မှာ မြို့တော်အဖြစ် ဆိုင်ဂုံကို သတ်မှတ် ခံခဲ့ရပါတယ်။ တောင်ဗီယက်နမ်နိုင်ငံရဲ့ မြို့တော် ဆိုင်ဂုံဖြစ်ခဲ့ပြီး မြောက်ဗီယက်နမ်တွေရဲ့ မြို့တော်က ဟနွိုင်း ဖြစ်ပါတယ်။ နှစ်နိုင်ငံ မပေါင်းစည်းမီ ကာလမှာ ဟွေမြို့ဟာ နှစ်နိုင်ငံ နယ်စပ်အဦးမှာ ရှိခဲ့တဲ့အတွက် စစ်ဘေးဒဏ် ခံခဲ့ရပါတယ်။ ၁၉၆၈ ဇန်နဝါရီ ၃၀ ရက်မှာ ဗီယက်နမ်စစ်ပွဲရဲ့ အကြီးမားဆုံး စစ်ပွဲ ဖြစ်ပွားခဲ့ပြီး ယင်းစစ်ပွဲကို တက်ထိုးစစ်လို့ ခေါ်ဆိုခဲ့ပါတယ်။ တောင်ဗီယက်နမ်မှာရှိတဲ့ အမေရိကန် ဆန့်ကျင်ရေး ဗီယက်ကောင်း တပ်ဖွဲ့နဲ့ မြောက်ဗီယက်နမ် ပြည်သူ့တပ်မတော် လက်တွဲပြီး တောင်ဗီယက်နမ် အစိုးရတပ်နဲ့ အမေရိကန် တပ်ဖွဲ့တွေကို ထိုးစစ် ဆင်နွှဲခဲ့ပါတယ်။ စစ်ပွဲကို ဗီယက်နမ်တက် နှစ်သစ်ကူး ပွဲတော်ကာလမှာ စတင်တာမို့ တက်ထိုးစစ်လို့ ခေါ်ဆိုခဲ့တာ ဖြစ်ပါတယ်။ စစ်ပွဲမှာ ကွန်မြူနစ်တပ်ဖွဲ့ ရှစ်သောင်းခန့် ပါဝင်ခဲ့ပြီး မြို့ပေါင်း ၁၀၀ ခန့်၊ ပြည်နယ် ၄၄ ခုအနက် ၃၆ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့ ခြောက်ခုအနက် ငါးခုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ တိုက်ပွဲကာလမှာ တောင်ဗီယက်နမ်နဲ့ အမေရိကန် တပ်ဖွဲ့တွေ အကျအဆုံးများစွာ ရှိခဲ့ပါတယ်။ ထိုးစစ်ကာလမှာပဲ ကွန်မြူနစ်တွေက ပြည်သူ ထောင်ပေါင်းများစွာကို သစ္စာဖောက်တွေ၊ သူလျှိုတွေလို့ စွပ်စွဲပြီး သတ်ဖြတ်မှုတွေက ပြုခဲ့တာကြောင့် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဟာလည်း ဗီယက်နမ်သမိုင်းမှာ အမည်းစက်တစ်ခုအဖြစ် ရှိခဲ့ပါတယ်။စစ်ပွဲကာလမှာ အမေရိကန်လေတပ်က ဗုံးကြဲခံခဲ့ရတာကြောင့် မြောက်ဗီယက်နမ်တပ်တွေ ခိုလှုံနေတဲ့ ရှေးဟောင်း အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။ စစ်ပွဲပြီးခဲ့ချိန်မှာလည်း ဟွေမြို့ရဲ့ ရှေးဟောင်း အဆောက်အအုံတွေကို ကွန်မြူနစ် အစိုးရက အရေးမစိုက်နိုင်ခဲ့ပါဘူး။ ပဒေသရာဇ်ခေတ်ရဲ့ အကြွင်းအကျန်တွေအဖြစ် ကွန်မြူ နစ်တွေက လက်ခံထားခဲ့ပါတယ်။ ဗီယက်နမ် ကွန်မြူနစ်ပါတီက ငုယင်မင်းဆက်ခေတ်ကာလကို ‘ပဒေသရာဇ်’ တွေ၊ ‘ဖောက်ပြန်ရေး သမားတွေ’ လို့ သတ်မှတ်ခဲ့ပါတယ်။ယူနစ်စကိုကတော့ ၁၈၀၂ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ငုယင်မင်းဆက် နန်းစိုက်ရာ ဟွေမြို့တော်ဟာ ဗီယက်နမ်နိုင်ငံရဲ့ နိုင်ငံရေးအတွက် အရေးပါရုံမျှ မကဘဲ ယဉ်ကျေးမှုနဲ့ ဘာသာရေးအရ အရေးပါတဲ့ ဒေသလို့ သတ်မှတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဗီယက်နမ်နိုင်ငံဟာ ဟွေမြို့တော်ရှိ ရှေးဟောင်းအဆောက်အအုံတွေ ပြုပြင်ထိန်းသိမ်းရေးနဲ့ စောင့်ရှေက်ရေးတို့ကို လုပ်ဆောင်လာခဲ့ပါတယ်။သမိုင်းဝင် ဟွေမြို့တော်ရဲ့ ပြင်ပမှာ တံငါရွာလေးတစ်ရွာ ရှိပါတယ်။ အဲဒီရွာလေးဟာ တစ္ဆေခြောက်တဲ့ရွာလို့ နာမည်ကျော်ကြားခဲ့ပါတယ်။ ဟွေမြို့တော်မှာ ထီးနန်းစိုက်ခဲ့တဲ့ ငုယင်မင်းတွေနဲ့ ဆွေတော်မျိုးတော်တွေရဲ့ ဂူတွေ မြို့ထဲမှာ ရှိနေပါတယ်။ တန်ဆင်း တံငါရွာလေးမှာ နေထိုင်တဲ့ ရွာသူ ရွာသားတွေဟာ သေဆုံးသူတွေရဲ့ ရုပ်လောင်းကို ဂူသွင်းတဲ့ခေတ်ကို ဆက်လက်ကျင့်သုံးနေဆဲ ဖြစ်ပါတယ်။ကွန်မြူနစ်စနစ် ကျင့်သုံးတဲ့ ဗီယက်နမ်ဟာ ဘာသာရေးကို အလေးမထားကြပါဘူး။ ဒါပေမဲ့ ဗီယက်နမ် ပြည်သူတွေဟာ ကွန်ဖြူးရှပ် အယူအဆ၊ ဗုဒ္ခဘာသာ အယူအဆတွေကို ရှေးယခင်ကတည်းက လက်ခံ ယုံကြည်ခဲ့ပါတယ်။ ကွန်ဖြူးရှပ် အယူအဆဖြစ်တဲ့ လူကြီးသူမများကို ပူဇော်ခြင်း အလေ့အထကို ကျေးလက်ပြည်သူတွေက လိုက်နာ ကျင့်သုံးနေဆဲ ဖြစ်ပါတယ်။ကျေးရွာလေးမှာ မိဘဘိုးဘွားတွေကို မြှုပ်နှံထားတဲ့ ဂူသင်္ချိုင်းတစ်ခု ရှိပါတယ်။ ကလေးသူငယ်များ အနေနဲ့ ဘိုးဘွားတွေကို ဂါရဝပြုဖို့အတွက် ဂူသင်္ချိုင်းလို စနစ်တွေ ထားရှိပေးထားတာ ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ ဘိုးဘွားတွေ မြှုပ်နှံထားတဲ့ ဂူသင်္ချိုင်းကို စနစ်တကျ ပြန်လည် မွမ်းမံထားတာ ဖြစ်ပါတယ်။သာယာလှပတဲ့ ပင်လယ်ကမ်းခြေမှာလည်း ဂူသင်္ချိုင်းကို စနစ်တကျ မြင်တွေ့နိုင်ပါပြီ။ ဒါကြောင့် ၁၈ ရာစုနဲ့ ၁၉ ရာစုခေတ်က အဆောက်အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်မှုနဲ့အတူ အန်ဘင်းရွာသူ ရွာသားတွေဟာလည်း သူတို့ရဲ့ အနုပညာ ခံစားချက်တွေကို လွတ်လွတ်လပ်လပ် ဖန်တီးနိုင်မှုတွေ ပြုလုပ်လာပါပြီ။ ဒီလို ပြုလုပ်နိုင်တာကလည်း အမေရိကန် ပြည်ထောင်စုနဲ့ ပြည်ပရောက်နေတဲ့ ဆွေမျိုးသားချင်းတွေက အန်ဘင်းမှာရှိတဲ့ မိသားစုတွေကို ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ကြလို့ပဲ ဖြစ်ပါတယ်။ကွန်မြူနစ် မြောက်ဗီယက်နမ်နဲ့ အမေရိကန်တွေ ကျောထောက်နောက်ခံ ပေးထားတဲ့ တောင်ဗီယက်နမ် နယ်စပ်မှာရှိတဲ့ ဟွေမြို့လေးဟာ စစ်ဘေးဒဏ် အခံရဆုံး ဒေသ ဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်မှာ နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေး ပြုလုပ်ပြီးချိန်မှာတော့ စစ်ဘေးဒဏ် မရှိတော့ပေမယ့် ကွန်မြူနစ် အစိုးရ အုပ်ချုပ်ရေး စနစ်ကို ထိတ်လန့်တာကြောင့် ပြည်ပကို ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြပါတယ်။ သူတို့တစ်တွေဟာ ပင်လယ်ပြင်ကို လှေတွေနဲ့ ဖြတ်ကူးခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ ဦးတည်ရာ အရပ်က ဟောင်ကောင် ဖြစ်ပါတယ်။ လှေစီး ဒုက္ခသည်တွေဟာ ဟောင်ကောင် မရောက်ဘဲ ပင်လယ်ပြင်မှာ အသက် ဆုံးရှုံးခဲ့ရသူတွေ အမြောက်အမြား ရှိခဲ့ပါတယ်။ ဟောင်ကောင် ရောက်ရှိသွားတဲ့ ဗီယက်နမ်တွေအနက် တချို့က သြစတြေးလျနဲ့ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိသွားကြပါတယ်။ အဲဒီလို ပြည်ပရောက်သွားပြီး စီးပွားရေး တောင့်တင်းသူတွေကတော့ အန်ဘင်းမှာရှိတဲ့ ဆွေမျိုးသားချင်းတွေထံကို ငွေကြေးတွေ ပေးပို့နေတာကြောင့် အန်ဘင်းမြို့မှာရှိတဲ့ လူတွေက သူတို့ရဲ့ ဘိုးဘားတွေ၊ မိဘတွေရဲ့ ဂူတွေကို ပြုပြင်ပေးနေတာ ဖြစ်ပါတယ်။ဒေသ အာဏာပိုင်တွေကတော့ ဂူတွေ ကြီးကြီးမားမား ဆောက်လုပ်ခွင့် မပြုပါဘူး။ အာဏာပိုင် တချို့တော့ ဒါဟာ ငွေသက်သက်ဖြုန်းတီးတဲ့ အလုပ်လို့ ဝေဖန်ကြပါတယ်။ တစ်ချိန်တုန်းကတော့ စစ်ဘေးဒဏ် ခံခဲ့ရတဲ့ နေရာ၊ ရှေးဟောင်းစာရင်းဝင်တဲ့ နေရာ၊ ငုယင်ဘုရင်မင်းဆက် ထီးနန်းစံခဲ့တဲ့ ဟွေမြို့လေးဟာ လက်ရှိချိန်မှာတော့ ပြောင်းလဲနေပါပြီ။ တစ္ဆေမြို့တော်လို့ ခေါ်ဆိုခြင်း ခံခဲ့ရတဲ့ မြို့တော်မှာ ကြွေလွင့်သွားတဲ့ လူတွေဟာ သူတို့အတွက် နေရာတစ်ခု သတ်သတ်မှတ်မှတ် ပြုထားခြင်း ခံရတဲ့ အခြေအနေကို ရောက်ရှိလာခဲ့ပါပြီ။










