ပုဇွန်တောင်မြို့နယ် နေအိမ်ရှေ့ ရပ်ထားရာမှ ခိုးယူခြင်းခံရသော Honda Fit ယာဉ်အား SSC အထူးကုဆေးရုံအနီး ပြန်လည်တွေ့ရှိ

ပုဇွန်တောင်မြို့နယ် နေအိမ်ရှေ့ ရပ်ထားရာမှ ခိုးယူခြင်းခံရသော Honda Fit ယာဉ်အား SSC အထူးကုဆေးရုံအနီး ပြန်လည်တွေ့ရှိ
Published 22 February 2016
ကြည်နိုင်

ပုဇွန်တောင်မြို့နယ်၊ လမ်း ၅၀ အလယ်ဘလောက်ရှိ နေအိမ်တိုက်ခန်းရှေ့ ရပ်ထားရာမှ ခိုးယူမောင်းနှင်ခြင်း ခံရသော Honda Fit  အမျိုးအစား ယာဉ်အား SSC အထူးကုဆေးရုံအနီးတွင် ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၁၁ နာရီခန့်က ပြန်တွေ့ခဲ့ကြောင်း ယာဉ်ပိုင်ရှင် အမျိုးသမီး၏ မောင်ဖြစ်သူ ကိုဇေယျာထွန်းက ပြောကြားသည်။အဆိုပါယာဉ်သည် ဖေဖော်ဝါရီ ၂၁ ရက်၊ နံနက် ၂ နာရီခန့်တွင် အမည်မသိ လူငယ်နှစ်ဦး၏ ခိုးယူမောင်းနှင်ခြင်း ခံရခြင်းဖြစ်ကြောင်း ယာဉ်ပိုင်ရှင်၏ နေအိမ်တွင် တပ်ဆင်ထားသော စီစီတီဗွီကင်မရာများမှ တစ်ဆင့် သိရသည်။“ မနက် ၁၁ နာရီလောက်မှာ ပျောက်သွားတဲ့ကားကို  SSC ဆေးရုံနားမှာ တွေ့တယ်လို့ ကျွန်တော့်အစ်မရဲ့ မိတ်ဆွေတစ်ယောက်က လှမ်းပြောလို့ သွားကြည့်ပါတယ်။ အဲဒီနားမှာနေတဲ့ နယ်ခံတွေပြောတာတော့ အဲဒီကားက မနက် လေးနာရီကတည်းက ရပ်ထားတာတွေ့တယ်လို့ ပြောတယ်။ ကားကတော့ ဘာမှဖြုတ်ယူခံထားရတာ မရှိဘူး။ ဖျက်ဆီးထားတာလည်း မရှိပါဘူး။ ကားက သော့ခတ်ထားလို့ သော့ပြင်ဆရာခေါ်ပြီး ဖွင့်လိုက်ရပါတယ်”ဟု ကိုဇေယျာထွန်းက ပြောကြားသည်။ဖြစ်စဉ်မှာ ပုဇွန်တောင်မြို့နယ်၊ လမ်း ၅၀ အလယ်ဘလောက်ရှိ နှစ်ထပ်တိုက်ပေါ်သို့ အမည်မသိ လူငယ်နှစ်ဦးသည် ဦးစွာ နေအိမ်တိုက်ခန်းအတွင်း ဝင်ရောက်၍ ကားသော့နှစ်ချောင်း၊ ဆမ်ဆောင်းဖုန်းနှင့် ဟွာဝေးအမျိုးအစား ဖုန်းတို့ကို ခိုးယူခြင်းဖြစ်ကြောင်း၊ ယင်းနောက် Suzuki Swift အမျိုးအစား အနက်ရောင်ယာဉ်အား Push Start ဖြင့်  စက်နှိုးရာ အဆင်မပြေသဖြင့် ၎င်းကားကို တွန်းဖယ်ရွှေ့ပြီးနောက် Honda Fit အမျိုးအစား အနီရောင်ယာဉ်အား ခိုးယူမောင်းနှင်သွားခြင်းဖြစ်ကြောင်း ယာဉ်ပိုင်ရှင် ဒေါ်အေးမွန်၏ပြောကြားချက်အရ သိရသည်။၎င်းတို့နှစ်ဦး ယာဉ်အား ခိုးယူသွားပုံ အဆင့်ဆင့်ကို စီစီတီဗွီကင်မရာမှ တစ်ဆင့် ဖမ်းယူရရှိထားခဲ့ကြောင်းနှင့် ယင်းကင်မရာ မှတ်တမ်းများအား ဒေါ်အေးမွန်က ၎င်း၏ Aye Mon Facebook ၌ တင်ကာ ကျူးလွန်သူနှစ်ဦးနှင့်  ယာဉ်အားတွေ့ရှိပါက ဆက်သွယ် အကြောင်းကြားပေးပါရန် ရေးသားအကူအညီ တောင်းခံခဲ့ကြောင်း၊ ယင်းနောက် ခိုးယူခံရပြီး နောက်တစ်နေ့တွင် ယာဉ်အား ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပုဇွန်တောင်မြို့မရဲစခန်းမှ (ပ) ၅၆/၂၀၁၆၊ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်၍ ကျုးလွန်သူများအား စုံစမ်းရှာဖွေနေကြောင်း သိရသည်။ 

Most Read

Most Recent