ဖိလစ်ပိုင် သမ္မတ ရွေးကောက်ပွဲ ဝင်မည့်သူများ စကားစစ်ထိုးပွဲ၌ ရင်ဆိုင်တွေ့

ဖိလစ်ပိုင် သမ္မတ ရွေးကောက်ပွဲ ဝင်မည့်သူများ စကားစစ်ထိုးပွဲ၌ ရင်ဆိုင်တွေ့
Published 22 February 2016

ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်သော တစ်နိုင်ငံလုံးဆိုင်ရာ စကားစစ်ထိုးပွဲ တစ်ရပ်တွင် သမ္မတ ရွေးကောက်ပွဲဝင်မည့် အဓိက ပုဂ္ဂိုလ်ငါးဦးသည် ပထမဆုံးအကြိမ်အဖြစ် ရင်ဆိုင်တွေ့ခဲ့ကြသည်။ သူတို့က ၎င်းတို့ အနေဖြင့် သမ္မတ ဘီနစ်နိုအကွီနို၏ နေရာကို ဆက်ခံရပါက ခြစားမှုများနှင့် ပြစ်မှုများကို တိုက်ဖျက်သွားမည်ဟု ကတိပြုခဲ့ကြသည်။ရုပ်မြင်သံကြားမှတစ်ဆင့် ပြုလုပ်သည့် ယင်းစကားစစ်ထိုးပွဲသည် ပထမဆုံးဖြစ်ပြီး မေလတွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲ ဝင်မည့်သူများ၏ အရောင်အသွေးစုံသော ကိုယ်ရည်ကိုယ်သွေးထက်စာလျှင် မူဝါဒရေးရာ အကြောင်းများကိုသာ အဓိကထား ယှဉ်ပြိုင်ကြရန် ရည်ရွယ်ထားသည်။သို့သော် သမ္မတလောင်း တစ်ဦးဖြစ်သော ရိုဒရီဂိုဒူတာတေးက သူသည် သက်ဆိုင်ရာ အာဏာပိုင်များအား ပြစ်မှုကျူးလွန်သူများကို သတ်ခိုင်းခြင်းအားဖြင့် သုံးလအတွင်း ရာဇဝတ်မှု၊ မူးယစ်ဆေးမှောင်ခိုမှုနှင့် ခြစားမှုများကို ဖယ်ရှားပစ်မည်ဟု ကတိပြုကာ သူ၏ အညှာအတာ ကင်းမဲ့သော ပုံရိပ်ကို ထုတ်ပြခဲ့သည်။“ကျွန်တော် သမ္မတ ဖြစ်လာရင် သွေးစွန်းမှုတွေ ဖြစ်လာမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ရာဇဝတ်မှုကျူးလွန်သူတွေ အားလုံးကို သတ်ဖို့ အမိန့်ပေးမှာ ဖြစ်လို့ပဲ” ဟု နိုင်ငံတောင်ပိုင်း ဒါဗာအိုမြို့၏ မြို့တော်ဝန်အဖြစ် ကာလကြာရှည်စွာ တာဝန် ထမ်းဆောင်စဉ် လူသတ်အဖွဲ့များကို အားပေး ကူညီခဲ့သည်ဟု စွပ်စွဲခံခဲ့ရသော ဒူတာတေးက ပြောကြားခဲ့သည်။ပဋိပက္ခများ ပြည့်နှက်နေသည့် နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းတွင် ပြုလုပ်သော စကားစစ်ထိုးပွဲတွင် ဥပဒေအရ ခြောက်နှစ်သက်တမ်း တစ်ရပ်တည်းသာ တာဝန်ထမ်းဆောင်ရန် ကန့်သတ်ခံထားရသော အကွီနိုကို ဆက်ခံရန် ကြိုးပမ်းသည့် ထိပ်တန်းပုဂ္ဂိုလ်များ အားလုံး ပါဝင်ခဲ့ကြသည်။စစ်တမ်းများအရ ထိပ်တန်းမှ ရေပန်းစားနေသူသည် စီးပွားရေး အချက်အချာကျသည့် မာကာတီမြို့မှ အထင်ကရ နိုင်ငံရေးသမားအပြင် ဒုတိယ သမ္မတလည်းဖြစ်သည့် ဂျီဂျိုမာဘီနေးဖြစ်သည်။ဒုတိယ နေရာ၌ ပူးတွဲရေပန်းစားနေသူများမှာ ဒူတာတေးနှင့် ရုပ်ရှင်လောက၌ လူသိများ ကျော်ကြားသော ဖာနန်ဒိုပိုးဂျူနီယာ၏ မွေးစားသမီး အထက်လွှတ်တော်အမတ် ဂရေ့စ်ပိုးတို့ဖြစ်သည်။၎င်းတို့ နှစ်ဦးနောက်မှ ရေပန်းစားသူသည် အကွီနိုက သူ့အား ဆက်ခံမည့်သူအဖြစ် ရွေးချယ်ထားသော ပြည်ထဲရေးဝန်ကြီးဟောင်း မန်နျူယယ်ရိုဆက်ဖြစ်ပြီး အထက်လွှတ်တော်အမတ် မိုင်ရီယမ်ဆန်တီယာဂိုသည် ပဉ္စမနေရာ၌ ရှိသည်။အရောင်မရှိသော ပုံရိပ်အဖြစ်မှ လာသည်ဟု ယူဆထားသော ရိုဆက်က ခြစားမှု တိုက်ဖျက်ခြင်းနှင့် စီးပွားရေး တိုးတက်အောင် ပြုလုပ်ခြင်းတို့အတွက် ချီးကျူးခံရသော အကွီနို၏ မူဝါဒအတိုင်း ထိန်းသိမ်းလျှောက်လှမ်းရန် လိုအပ်ကြောင်း အထူးပြုပြောကြားလျက် တိုက်စစ်ဆင်ခဲ့သည်။“ဒါက ဖြန့်ဝေရမယ့် ဖြောင့်တန်းတဲ့ လမ်းကြောင်းဖြစ်တယ်။ ဒါက ကျွန်တော် ဆက်လက်လုပ်ကိုင်သွားမယ့် လမ်းကြောင်း ဖြစ်တယ်” ဟု ရိုဆက်က အရပ်ဘက်ခေါင်းဆောင်များနှင့် ဂျာနယ်လစ်များ ပါဝင်သော လူအုပ်ကြီးသို့ ပြောကြားခဲ့သည်။ သူက ဒူတာတေး၏ စိတ်သဘောထား အပေါ်လည်း မေးခွန်းထုတ်ခဲ့သည်။Ref: AFP

Most Read

Most Recent