အာရှနှင့် အရှေ့အလယ်ပိုင်းက တင်သွင်းမှု မြှင့်တင်သောကြောင့် လက်နက် အရောင်းအဝယ် လောကကို အမေရိကန် လွှမ်းမိုးထား

အာရှနှင့် အရှေ့အလယ်ပိုင်းက တင်သွင်းမှု မြှင့်တင်သောကြောင့် လက်နက် အရောင်းအဝယ် လောကကို အမေရိကန် လွှမ်းမိုးထား
Published 22 February 2016

မကြာသေးမီ နှစ်များအတွင်း ကမ္ဘာ့အဓိက လက်နက်များ ရွှေ့ပြောင်းမှု မြင့်တက်လာပြီး အာဖရိက၊ အာရှနှင့် အရှေ့အလယ်ပိုင်းသို့ လက်နက်များ တင်ပို့ရမှု မြင့်တက်လာသောကြောင့် အမေရိကန်သည် လက်နက်အရောင်းအဝယ် လောကကို တိုး၍တိုး၍ လွှမ်းမိုးလာကြောင်း ဖေဖော်ဝါရီ ၂၁ ရက်တွင် ထုတ်ပြန်သည့် လေ့လာချက် တစ်ရပ်အရ သိရသည်။စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန (SIPRI) ၏ အစီရင်ခံစာအရ ရောင်းချခြင်းနှင့် လှူဒါန်းခြင်းတို့ အပါအဝင် နိုင်ငံတကာ အဓိက လက်နက်များ ရွှေ့ပြောင်းမှု ပမာဏသည် ရှေ့က ငါးနှစ်နှင့် နှိုင်းစာလျှင် ၂၀၁၁-၂၀၁၅ ခုနှစ်အတွင်း ၁၄ ရာခိုင်နှုန်း ပို၍ မြင့်တက်လာပြီး အမေရိကန်နှင့် ရုရှားသည် တင်ပို့မှု အများဆုံး နိုင်ငံများဖြစ်ကြောင်း သိရသည်။လက်နက် တင်သွင်းမှု အများဆုံး နိုင်ငံများမှာ အိန္ဒိယ၊ ဆော်ဒီအာရေဗျ၊ တရုတ်နှင့် ယူအေအီးနိုင်ငံတို့ ဖြစ်ကြသည်။ယခု အစီရင်ခံစာကို ရေးသားကြသူများက ဆော်ဒီ ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က အစိုးရကို ကျောထောက်နောက်ခံ ပြုပေးထားပြီး အီရန်က ရှီအိုက်ဟူသီသူပုန်များကို ထောက်ပံ့နေသည့် ယီမင်ပဋိပက္ခကို မီးမောင်းထိုးပြခဲ့သည်။“အာရပ်နိုင်ငံများ ညွန့်ပေါင်းအဖွဲ့က ယီမင်တွင် အသုံးပြုရန် ခေတ်မီလက်နက်များကို အဓိကအားဖြင့် အမေရိကန်နှင့် ဥရောပနိုင်ငံများမှ တင်သွင်းနေသည်” ဟု SIPRI အဖွဲ့၏ အကြီးတန်း သုတေသနမှူး ပီယက်တာဝီဇီမန်က အစီရင်ခံစာတွင် ပြောကြားထားသည်။အမေရိကန်သည် ကမ္ဘာတစ်လွှားရှိ ကွဲပြားခြားနားမှု ကြီးမားသော လက်ခံသူများထံ အဓိက လက်နက်များအား ရောင်းချ သို့မဟုတ် လှူဒါန်းလျက် ရှိသည်ဟု အစီရင်ခံစာက ဆိုသည်။“ဒေသတွင်း ပဋိပက္ခတွေနဲ့ တင်းမာမှုတွေ ဆက်လက်ပြီး ကြီးထွားနေတာမို့ အမေရိကန်ဟာ သိသာတဲ့ အတိုင်းအတာအထိ ကမ္ဘာ့လက်နက် ထောက်ပံ့မှုကို ဦးဆောင်နေဆဲပါပဲ” ဟု SIPRI အဖွဲ့၏ လက်နက်နှင့် စစ်ဘက်ဆိုင်ရာ သုံးစွဲမှု အစီအစဉ်ဆိုင်ရာ ညွှန်ကြားရေးမှူး အော်ဒီဖလူရင့်က ပြောကြားခဲ့သည်။“အမေရိကန်က လွန်ခဲ့တဲ့ ငါးနှစ်အတွင်း နိုင်ငံပေါင်း ၉၆ နိုင်ငံထက် မနည်းကို အဓိက လက်နက်တွေ ရောင်းချ ဒါမှမဟုတ် လှူဒါန်းခဲ့ပါတယ်။ အမေရိကန် လက်နက်ထုတ်လုပ်ရေး လုပ်ငန်းဟာ F-35 တိုက်ခိုက်ရေးလေယာဉ် အစင်း ၆၀၀ အပါအဝင် အလွန်များပြားတဲ့ အမှာစာတွေ ရရှိခဲ့ပါတယ်” ဟု ဖလူရင့်က ပြောကြားခဲ့သည်။အမေရိကန်၏ အဓိက လက်နက်များ တင်ပို့မှု၏ အကြီးဆုံး ပမာဏဖြစ်သော ၄၁ ရာခိုင်နှုန်းသည် ဆော်ဒီအာရေဗျနှင့် အခြား အရှေ့အလယ်ပိုင်း နိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။“ရေနံဈေးနှုန်းတွေ ကျဆင်းနေပေမယ့် လွန်ခဲ့တဲ့ ငါးနှစ်အတွင်းက စာချုပ်တွေရဲ့ တစ်စိတ်တစ်ဒေသအဖြစ် လက်နက်တင်ပို့မှုတွေ အများကြီး အရှေ့အလယ်ပိုင်းကို ဆက်ပြီးဝင်ဖို့ ရှိပါတယ်” ဝီဇီမန်က ဆက်လက် ပြောကြားခဲ့သည်။SIPRI ၏ လက်နက်တင်ပို့သူများ စာရင်းတွင် ရုရှားနိုင်ငံသည် ဒုတိယနေရာ၌ ရှိဆဲဖြစ်ကြောင်းလည်း သိရသည်။Ref: AFP

Most Read

Most Recent