အင်ဒိုနီးရှားက တရားမဝင် ငါးဖမ်းမှုကို ဟန့်တားရန် နိုင်ငံခြား ငါးဖမ်းသင်္ဘော ၂၇ စင်းကို ဖောက်ခွဲနှစ်မြှုပ်

အင်ဒိုနီးရှားက တရားမဝင် ငါးဖမ်းမှုကို ဟန့်တားရန် နိုင်ငံခြား ငါးဖမ်းသင်္ဘော ၂၇ စင်းကို ဖောက်ခွဲနှစ်မြှုပ်
Published 22 February 2016

အင်ဒိုနီးရှား ရေပိုင်နက် အတွင်း၌ တရားမဝင် ငါးဖမ်းမှုကို နှိမ်နင်းရန်အတွက် အရှိန်မြှင့် ကြိုးပမ်းနေပြီး နိုင်ငံခြား ငါးဖမ်းသင်္ဘော ၂၇ စင်းကို ဖေဖော်ဝါရီ ၂၂ ရက်က နှစ်မြှုပ်ခဲ့ကြောင်း အင်ဒိုနီးရှား ငါးဖမ်းလုပ်ငန်းဝန်ကြီးက ပြောကြားခဲ့သည်။ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှားနှင့် မြန်မာမှ သင်္ဘောအလွတ်များကို အင်ဒိုနီးရှားနိုင်ငံ တစ်ဝန်းရှိ ငါးနေရာ၌ သီးခြား ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း ငါးလုပ်ငန်းဝန်ကြီး ဆူဆီပက်ဂျီအာတူတီက ပြောကြားခဲ့သည်။ ယင်းသင်္ဘောများသည် အင်ဒိုနီးရှား ကျွန်းများတွင် တရားမဝင် ငါးဖမ်းစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ထို့ပြင် တရားဝင် အထောက်အထား မရှိဘဲ ငါးဖမ်းနေသည်ကို တွေ့ရှိခဲ့ပြီးနောက် အင်ဒိုနီးရှား သင်္ဘောလေးစင်းကိုလည်း နှစ်မြှုပ် ဖျက်ဆီးခဲ့ကြောင်း သိရသည်။ တရားမဝင် ငါးဖမ်းမှုကြောင့် အင်ဒိုနီးရှား နိုင်ငံသည် နှစ်စဉ် ဒေါ်လာဘီလျံ အမြောက်အမြား နစ်နာနေကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့ပြီးနောက် အင်ဒိုနီးရှား အစိုးရသည် တရားမဝင် ငါးဖမ်းမှုကို အရှိန်မြှင့် နှိမ်နင်းနေသည်။ တရားမဝင် ငါးဖမ်းသင်္ဘောများကို ဖမ်းဆီးနှစ်မြှုပ်မှုကြောင့် ဒေသတွင်းရှိ အခြားနိုင်ငံများနှင့် တင်းမာမှုများ ဖြစ်စေခဲ့သည်။ ယမန်နှစ်က တရုတ်ငါးဖမ်း သင်္ဘောတစ်စင်းကို ဖောက်ခွဲ ဖျက်ဆီးပြီးနောက် တရုတ်အစိုးရက စိုးရိမ်ကြောင်း ထုတ်ဖော်ခဲ့သည်။Ref: AFP

Most Read

Most Recent