အိန္ဒိယမြောက်ပိုင်း မျိုးရိုးဇာတ်ဆိုင်ရာ ပဋိပက္ခများ ထပ်မံဖြစ်ပွား

အိန္ဒိယမြောက်ပိုင်း မျိုးရိုးဇာတ်ဆိုင်ရာ ပဋိပက္ခများ ထပ်မံဖြစ်ပွား
Published 21 February 2016
Ref: AFP

မျိုးရိုးဇာတ်ဆိုင်ရာ အငြင်းပွားမှုများ ဖြစ်ပေါ်နေသည့် အိန္ဒိယမြောက်ပိုင်း ပြည်နယ်တစ်ခုတွင် ဖေဖော်ဝါရီ ၂၀ ရက်က ညတွင်းချင်း အကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားခဲ့သည်ဟု သိရသည်။ဟာယာနာပြည်နယ်တွင် ဖေဖော်ဝါရီ ၂၀ ရက်က ပစ်ခတ်ခွင့် ရထားသည့် တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို တပ်ဖြန့်ထားသည်။ ပြည်နယ်ထဲတွင် သီတင်းတစ်ပတ်ကြာ ဆန္ဒပြပွဲများ ဖြစ်ပွားနေရာမှ အကြမ်းဖက် အဓိကရုဏ်းအဖြစ်သို့ ပြောင်းလဲလာပြီး နောက်တစ်ရက်တွင် ယခုကဲ့သို့ တပ်ဖွဲ့ဝင်များစွာ ချထားခဲ့ကြခြင်း ဖြစ်သည်။ဟာယာနာတွင် လုံခြုံရေးများကို တိုးမြှင့်ထားသော်လည်း ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်း က ဆန္ဒပြပွဲများသည် လမ်းများပေါ်သို့ ထပ်မံထွက်လာကြပြီး ဈေးဆိုင်များအား မီးရှို့ခဲ့ကြကြောင်း ဒေသခံရဲတစ်ဦးက ပြောကြားခဲ့သည်။ “ဒေသတစ်ခုလုံးမှာ အဓိကရုဏ်းတွေ ဖြစ်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ အဆောက်အအုံပေါင်း တစ်ဒါဇင်ကျော်ကို မီးရှို့ခဲ့ကြပြီး ဈေးဆိုင်တွေ၊ ATM စက်တွေကနေ လုယက်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်”ဟု အမည်မဖော်လိုသော ထိုရဲအရာရှိက ဆိုသည်။ကပ်လျက်တည်ရှိသော ဂျဟတ်ဂျာမြို့တွင်လည်း အခြေအနေများမှာ တင်းမာနေဆဲဖြစ်ပြီး ဇာတ်မြင့်ဂျတ်မျိုးနွယ်များသည် တောင်းဆိုဆန္ဒပြမှုများကို ဆက်လက်လုပ်ဆောင်နေကြဆဲ ဖြစ်သည်။ “ကျွန်တော်တို့ အခြေအနေတွေ မထိန်းချုပ်နိုင်သေးပါဘူး။ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ မြို့ထဲက အုပ်ချုပ်ရေးရုံးရှိရာ နေရာဝန်းကျင်မှာ လှည့်နေကြပါတယ်”ဟု ဂျဟတ်ဂျာရဲချုပ်က ပြောကြားခဲ့သည်။ ဂျတ်မျိုးနွယ်များသည် အစိုးရအလုပ်များနှင့် တက္ကသိုလ်များ၌ ၎င်းတို့ကို ခွဲတမ်းဖြင့် နေရာပေးရန် တောင်းဆိုနေကြခြင်း ဖြစ်သည်။ ဂျတ်တို့သည်က ၎င်းတို့သည် ဇာတ်နိမ့်များနှင့် အတူနေရာရရန် ရုန်းကန်နေကြရသည်ဟု ဆိုနေသည်။ဖေဖော်ဝါရီ ၂၁ ရက် အကြမ်းဖက် အဓိကရုဏ်းများအတွင်း သေဆုံးခဲ့သူ ငါးဦးထက်မနည်း ရှိခဲ့သည်ဟု ဒေသခံရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ဒေသတွင်း သတင်းစာထဲတွင်မူ ဖေဖော်ဝါရီ ၂၀ ရက် နောက်ပိုင်း သေဆုံးခဲ့သူ ဦးရေသည် ရှစ်ဦး အထိရှိပြီ ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ဒေါသထွက်နေသည့် လူစုသည် ဟာယာနာရှိ တူးမြောင်းတစ်ခုထဲမှ ရေလွှဲပေါက်များကို ပိတ်လိုက်သည့်အတွက် အိမ်နီးချင်း နယူးဒေလီသို့ ပေးပို့နေသော ရေများမှာ ပြတ်တောက်သွားခဲ့ရသည်။  ယင်းကြောင့် နယူးဒေလီတွင် အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ကေဂျရီဝါးက မြို့ထဲတွင် ရေများကို ရာရှင်စနစ်ဖြင့် ခွဲဝေပေးမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၂ ရက်တွင် ကျောင်းများ ပိတ်မည်ဟု ကြေညာခဲ့သည်။

Most Read

Most Recent