မီချီဂန်ပြည်နယ်၌ သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ လူခြောက်ဦးထက်မနည်း သေဆုံး

မီချီဂန်ပြည်နယ်၌ သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ လူခြောက်ဦးထက်မနည်း သေဆုံး
Published 21 February 2016
Ref: AFP

အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်ထဲမှ ကလာမာဇူခရိုင်အတွင်း ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းတွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူခြောက်ဦးထက်မနည်း သေဆုံးခဲ့ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်း သိရသည်။ ရဲများ၏ ပြောကြားချက်အရ သေနတ်သမားသည် မြို့တွင်း နှင့် ဆင်ခြေဖုံးဒေသများသို့ ကားပတ်မောင်းရင်း သေနတ်ဖြင့် ကြုံရာကျပန်း ပစ်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ပစ်ခတ်မှုဖြစ်ပွားပြီး နာရီအနည်းငယ်အကြာတွင် ရဲတပ်ဖွဲ့သည် သံသယဖြစ်စရာကောင်းသူ တစ်ဦးကို ထိန်းသိမ်းခဲ့ပြီး ၎င်း၏ ကားထဲတွင်လည်း လက်နက်များကို တွေ့ခဲ့ရကြောင်း သိရသည်။ “သံသယဖြစ်စရာ အရမ်းကောင်းတဲ့ လူတစ်ဦးကို ဖမ်းမိထားပါတယ်” ဟု ကလာမာဇူခရိုင်၏ ရဲချုပ် ဂျပ်ဟတ်လေ က ပြောကြားခဲ့သည်။Cracker Barrel  စားသောက်ဆိုင်တစ်ဆိုင်၊ Ford ကားအရောင်းပြခန်း တစ်ခုနှင့် အခြားနေရာအချို့တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ တက္ကဆက်မြို့နယ် Cracker Barrel စားသောက်ဆိုင်တွင် ပစ်ခတ်ခံရသူများသည် သူတို့၏ ကားများထဲ၌ ထိုင်နေစဉ် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု ရုပ်သံသတင်းထဲ၌ ဖော်ပြခဲ့သည်။ ယင်းပစ်ခတ်မှုအတွင်း အရွယ်ရောက်သူလေးဦး သေဆုံးခဲ့ပြီး ကိုးနှစ်အရွယ် ကလေးတစ်ဦးမှာ အသက်ရှင်ခဲ့သော်လည်း စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သိရသည်။ကားအရောင်းပြခန်းတွင် ဖြစ်ပွားသော တိုက်ခိုက်မှု၌ သားအဖနှစ်ဦး သေဆုံးခဲ့သည်။ ထိုစားသောက်ဆိုင်အနီး လမ်းဆုံနှင့် ရစ်ချ်လန်းမြို့နယ်ထဲမှ လူနေအိမ်ရာ တစ်ခုထဲတွင်လည်း ပစ်ခတ်မှုနှစ်ခုဖြစ်ပွားခဲ့ပြီး လူသေဆုံးမှု မရှိခဲ့ပေ။ဒေသစံတော်ချိန် ညနေ ၆ နာရီဝန်းကျင်၌ အဆိုပါ အိမ်ရာတိုက်ခန်း၏ ကားပါကင်တွင် ပထမဆုံး ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ကားပါကင်ထဲတွင် အမျိုးသမီးတစ်ဦးသည် သူ၏ ကလေးသုံးဦးနှင့် အတူရှိစဉ် အချက်ပေါင်းများစွာ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး အခြေအနေ စိုးရိမ်ရကြောင်း သိရသည်။“ဒီပစ်ခတ်မှုတွေ အားလုံးဟာ ဆက်စပ်ပတ်သက်နေပုံ ပေါ်ပါတယ်။ တစ်ယောက်ယောက်က ကားလှည့်မောင်းပြီး လူတွေကို ရှာဖွေပစ်ခတ်ခဲ့တဲ့ ပုံပါပဲ”ဟု ကလာမာဇူခရိုင် မှ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။သေနတ်သမားသည် နက်ပြာရောင် Chevrolet HHR  ကားကို စီးနင်းပြီး ကလာမာဇူခရိုင်ထဲတွင် မောင်းနှင်နေခဲ့သည်ဟု  သိရသည်။ ယင်းကား အမျိုးအစားကို ကလာမာဇူမြို့ထဲ၌ ရဲတပ်ဖွဲ့က တွေ့ပြီးနောက် ကားထဲမှလူကို ဆွဲထုတ်ကာ ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။ လက်ရှိတွင် ၎င်းသည် ကျူးလွန်သူဖြစ်ကြောင်းကို ရာနှုန်းပြည့် သေချာစေရန် စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။      

Most Read

Most Recent