တောင်ကယ်ရိုလိုင်းနား ရွေးကောက်ပွဲတွင် ထရန့်အနိုင်ရပြီး နီဗားဒါးတွင် ကလင်တန် အနိုင်ရ

တောင်ကယ်ရိုလိုင်းနား ရွေးကောက်ပွဲတွင် ထရန့်အနိုင်ရပြီး နီဗားဒါးတွင် ကလင်တန် အနိုင်ရ
Published 21 February 2016
Ref: AFP

တောင်ကယ်ရိုလိုင်းနားပြည်နယ်တွင် ဖေဖော်ဝါရီ ၂၀ ရက်က ကျင်းပသော ရီပက်ဘလီကင် သမ္မတလောင်း ရွေးကောက်ပွဲ၌ ဒေါ်နယ်ထရန့်က အောင်မြင်မှုကြီး ရခဲ့ပြီး နီဗားဒါးပြည်နယ် ဒီမိုကရက်သမ္မတလောင်း ရွေးကောက်ပွဲတွင်မူ ဟီလာရီကလင်တန်က သူ၏ ခြောက်ကပ်ကပ် မဲဆွယ်မှုဖြင့် ဘာနေးဆန်းဒါးကို အနိုင်ရရှိသွားခဲ့သည်။ယခု အနိုင်ရမှုများသည် ဘီလျံနာ ထရန့် နှင့် နိုင်ငံခြားရေးဝန်ကြီးချုပ်ဟောင်း ဟီလာရီကလင်တန်တို့အတွက် အိမ်ဖြူတော်ရွေးကောက်ပွဲသို့ နောက်တစ်ဆင့် တက်လှမ်းရန် ကြီးမားသည့် တွန်းအားတစ်ခု ဖြစ်လာစေခဲ့သည်။အမေရိကန်သမ္မတနှစ်ဦး၏ သားနှင့်ညီဖြစ်သူ ဂျက်ဘုရှ်မှာမူ တောင်ကယ်ရိုလိုင်းနား ရွေးကောက်ပွဲတွင် ထောက်ခံမှုနည်းပါးစွာ ရရှိခဲ့ပြီးနောက် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မှုကို အဆုံးသတ်လိုက်ပြီ ဖြစ်သည်။ ဖလော်ရီဒါအုပ်ချုပ်ရေးမှူးဟောင်း ဂျက်ဘုရှ်သည် အမေ၊ အစ်ကိုနှင့် သမ္မတကတော်ဟောင်း လော်ရာဘုရှ်တို့ ကိုယ်တိုင် ဝိုင်းဝန်း မဲဆွယ်သည့်ကြားမှ ယခုကဲ့သို့ ပြိုင်ပွဲမှ နုတ်ထွက်လိုက်ရခြင်း ဖြစ်သည်။အသက် ၆၉ နှစ်အရွယ် ထရန့်သည် တောင်ကယ်ရိုလိုင်းနား ရွေးကောက်ပွဲတွင် ထောက်ခံမဲ၏ သုံးပုံတစ်ပုံဖြစ်သော မဲ ၃၂ ဒသမ ၅ ရာခိုင်နှုန်းကို ရရှိခဲ့သည်။ နယူးဟမ့် ရှိုင်းယားပြည်နယ်တွင်လည်း အနိုင်ရထားသည့် ထရန့်အတွက် ယခု တောင်ကယ်ရိုလိုင်းနား အောင်ပွဲသည် ဒုတိယမြောက် ဖြစ်လာသည်။ “အမေရိကန်သမ္မတ နေရာအတွက် ဝင်ပြိုင်တဲ့နေရာမှာ လွယ်ကူတာ တစ်ခုမှမရှိပါဘူး။ ဒါဟာ ကြမ်းတမ်းတယ်။ ရက်စက်တယ်။ ကြောက်စရာကောင်းတယ်။ အဓိပ္ပာယ်ရှိတယ်။ လှပတယ်။ သင်နိုင်မယ်ဆိုရင်တော့ လှပနေမှာပါ”ဟု ထရန့်က အောင်ပွဲခံမိန့်ခွန်းအတွင်း ပြောကြားခဲ့သည်။တောင်ကယ်ရိုလိုင်းနား ရွေးကောက်ပွဲတွင် မဲ ၂၂ ဒသမ ၅ ရာခိုင်နှုန်း ရရှိခဲ့သော မာကိုရူဘီယိုနှင့် အိုင်အိုဝါရွေးကောက်ပွဲတွင် ထရန့်ကို အနိုင်ရခဲ့ပြီး ယခု ၂၂ ဒသမ ၃ ရာခိုင်နှုန်း မဲရရှိသည့် တက်ခရုဇ်တို့ကြားတွင်လည်း အချင်းချင်းပြိုင်ဆိုင်မှုမှာ ပြင်းထန်နေသည်။တက်ခရုဇ်သည် ထရန့်ကို နိုင်ငံတောင်ပိုင်းတွင် ပြန်လည်အနိုင်ရနိုင်သည့် အခြေအနေရှိနေသေးပြီး မာကိုရူဘီယိုကလည်း ထောက်ခံမှု အခိုင်အမာရထားသူဖြစ်သည်။နီဗားဒါးပြည်နယ် ရွေးကောက်ပွဲ၌ ကလင်တန်က ၅၂ ဒသမ ၆ ရာခိုင်နှုန်း မဲရရှိခဲ့ပြီး ဆန်းဒါးကမူ ၄၇ ဒသမ ၄ ရာခိုင်နှုန်း ရရှိခဲ့သည်။ “ဒါဟာ တိုက်ပွဲတစ်ခုပါပဲ။ သင့်ကို နောက်ပြန်ဆွဲမယ့် အတားအဆီးတွေအားလုံးကို ချေမှုန်းတဲ့ တိုက်ပွဲပါပဲ”ဟု အသက် ၆၈ နှစ်အရွယ် ကလင်တန်က အနိုင်ရပြီးနောက် ပြောကြားခဲ့သည်။ကလင်တန်နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ဘက်ဖြစ်သည့် ဆန်းဒါးက ကလင်တန်အတွက် ဂုဏ်ပြုကြရန် သူ၏ ထောက်ခံသူများကို ပြောကြားခဲ့သည်။ သို့သော် မတ် ၁ ရက်တွင် ပြည်နယ်အများအပြား၌ အောင်မြင်မှုများ ပြန်ရလိမ့်မည်ဟု ယုံကြည်ကြောင်း ဆန်းဒါး က ဆိုခဲ့သည်။ မတ် ၁ ရက်တွင် အမေရိကန်ပြည်နယ်ပေါင်း ၁၃ ခု၌ သမ္မတလောင်း ရွေးကောက်ပွဲများ ကျင်းပကြမည်ဖြစ်သည်။လူထုသဘောထား စစ်တမ်းများအရ ကလင်တန်သည် အမျိုးသမီးများ၏ ထောက်ခံမှုကို ရရှိထားသူဖြစ်ပြီး အသက် ၇၄ နှစ်အရွယ် ဆန်းဒါးမှာ လူငယ်များ၏ ထောက်ခံမှုကို ရရှိထားသူဖြစ်သည်။မွတ်စလင်နှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန်ပြောခဲ့ပြီး မက္ကဆီကို နယ်စပ်တွင် တံတိုင်းကာရံလိုကြောင်း ဆိုခဲ့သည့် ထရန့်ကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ခရစ်ယာန်တစ်ဦးမဟုတ်ဟု မကြာသေးမီကမှ ပြောကြားခဲ့သည်။ အက်ပဲကုမ္ပဏီက ဆန်ဘာနာဒီနို တိုက်ခိုက်မှုတွင် ဖုန်းဖွင့်ပေးရန် ငြင်းဆိုခဲ့မှုနှင့် ပတ်သက်၍လည်း ထရန့်က အက်ပဲကို သပိတ်မှောက်ကြရန် ဆော်သြထားသေးသည်။   

Most Read

Most Recent