ကမ္ဘာ့သတင်းဓာတ်ပုံဆုကို သံဆူးကြိုးများအောက်မှ ဒုက္ခသည်ကလေး၏ ဓာတ်ပုံက ဆွတ်ခူး

ကမ္ဘာ့သတင်းဓာတ်ပုံဆုကို သံဆူးကြိုးများအောက်မှ ဒုက္ခသည်ကလေး၏ ဓာတ်ပုံက ဆွတ်ခူး
Published 19 February 2016

ဒုက္ခသည်တစ်ဦးက ကလေးတစ်ဦးကို သံဆူးကြိုး အကာအရံများ အောက်မှဖြတ်၍ တစ်ဖက်သို့ ကမ်းပေးနေပုံကို ရိုက်ကူးထားသည့် အဖြူအမည်း ဓာတ်ပုံသည် ဖေဖော်ဝါရီ ၁၈ ရက်က ဂုဏ်သိက္ခာ ကြီးမားသော ကမ္ဘာလုံးဆိုင်ရာ သတင်းဓာတ်ပုံဆုကို ဆွတ်ခူးသွားခဲ့သည်။ ထိုဓာတ်ပုံသည် ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဥရောပ၏ အဆိုးရွားဆုံး ရွှေ့ပြောင်းခိုလှုံသူ အကျပ်အတည်းကို ထင်ရှားစေခဲ့သည်။
"ဘဝသစ် တစ်ခုအတွက် မျှော်လင့်ချက်" ဟု အမည်ပေးထားသည် ထိုဓာတ်ပုံကို သြစတြေးလျ အလွတ်တမ်း ဓာတ်ပုံဆရာ ဝါရန်ရစ်ချက်ဆန်က ဆားဘီးယားနှင့် ဟန်ဂေရီနိုင်ငံကြားမှ နယ်စပ်တွင် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။
"အခုလို ဆုလက်ခံယူရတဲ့ အတွက် မမော်ကြွားမိပါဘူး။ ကျွန်တော့်ကို အခုလို ရွေးချယ်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ပါဘူး" ဟု အသက် ၄၇ နှစ်အရွယ် ရစ်ချက်ဆန်က ပြောကြားခဲ့သည်။ မဲဘုန်းမြို့ ဇာတိဖြစ်သည့် ရစ်ချက်ဆန်သည် ဇနီး၊ သုံးနှစ်အရွယ် သားငယ်နှင့်အတူ ဘူဒါပက်၌ နေထိုင်နေသည်။
"ဒီလူနေရာမှာ ကျွန်တော်ဆိုရင်၊ ဒီကလေးနေရာမှာ ကျွန်တော့် သားလေးသာဆိုရင် ဘယ်လိုလုပ်မလဲဆိုပြီး ကျွန်တော့်ကို ဒီဓာတ်ပုံဟာ ဆင့်ပွားတွေးတော စေပါတယ်။ ဒါပေမဲ့ ဒီအမျိုးသားနဲ့ ဒီကလေးအတွက် မျှော်လင့်ချက် ဆိုတာကိုလည်း ဓာတ်ပုံထဲမှာ ကျွန်တော်တွေ့ခဲ့ပါတယ်" ဟု ရစ်ချက်ဆန်က ပြောကြားခဲ့သည်။
ညအမှောင်တွင် ဖလက်ရှ်မသုံးဘဲ ရိုက်ကူးထားသည့် ရစ်ချက်ဆန်၏ ဓာတ်ပုံသည် အလွန်အားကောင်းပြီး စိတ်ထဲတွင် စွဲကျန်စေသော ဓာတ်ပုံတစ်ပုံ ဖြစ်သည်ဟု ဒိုင်များက ပြောကြားခဲ့သည်။ ရစ်ချက်ဆန်သည် ဟန်ဂေရီဘက်မှ နယ်စပ်အနီးတွင် ရွှေ့ပြောင်းအခြေချသူ လူစုတစ်စုနှင့် ငါးရက်ကြာ အတူစခန်းချ နေထိုင်ခဲ့ပြီး သူနှင့်အတူ နေထိုင်ခဲ့သည့် ထိုအုပ်စုသည် နယ်စပ် အကာအရံများကိုဖြတ်ရန် ကြိုးပမ်းစဉ် အဆိုပါ ဓာတ်ပုံကို ရိုက်ကူးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အေအက်ဖ်ပီ သတင်းဌာနမှ ဆီးရီးယား အခြေစိုက် ဓာတ်ပုံဆရာ ဆာမယ်အယ်ဒေါမီသည်လည်း ဆီးရီးယားနိုင်ငံ ဒမတ်စကတ်အနီး ဒေါမာမြို့တွင် လေကြောင်း စစ်ဆင်ရေးပြီးနောက် မြင်ကွင်းကို ရိုက်ကူးခဲ့ပြီး Spot News ခေါင်းစဉ်အောက်မှ အကောင်းဆုံး သတင်းဓာတ်ပုံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ ယခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ သတင်းဓာတ်ပုံပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၂၈ နိုင်ငံမှ ဓာတ်ပုံဆရာ ၅၇၇၅ ဦးသည် ဓာတ်ပုံပေါင်း ၈၂၉၅၁ ပုံ ပေးပို့ ယှဉ်ပြိုင်ခဲ့ကြသည်။        
Ref : AFP

Most Read

Most Recent