၂၀၁၆ ခုနှစ် ဇန်နဝါရီလသည် မှတ်တမ်းတစ်လျှောက် အပူဆုံး ဇန်နဝါရီလဖြစ်ခဲ့

၂၀၁၆ ခုနှစ် ဇန်နဝါရီလသည် မှတ်တမ်းတစ်လျှောက် အပူဆုံး ဇန်နဝါရီလဖြစ်ခဲ့
Published 18 February 2016

ပြီးခဲ့သည့် ဇန်နဝါရီသည် ခေတ်သစ်သမိုင်းတွင် အပူဆုံးလ ဖြစ်ခဲ့ကြောင်း အမေရိကန် သမုဒ္ဒရာနှင့် လေထုစီမံခန့်ခွဲရေး အဖွဲ့က ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့ပြီး ရာသီဥတု ပြောင်းလဲမှုကြောင့် စိုးရိမ်မှုများအား အရှိန်မြင့်စေခဲ့သည်။ ကမ္ဘာ့မြေပြင်နှင့် ရေထု အပူချိန်သည် ဇန်နဝါရီလက ၂၀ ရာစု ပျမ်းမျှအပူချိန်ထက် ၁ ဒသမ ၈၇ ဒီဂရီ ဖာရင်ဟိုက် (၁ ဒသမ ၀၄ ဒီဂရီ ဆဲစီးယပ်) ပိုမိုမြင့်မားခဲ့ကြောင်း National Oceanic and Atmospheric Administration (NOAA) က ပြောကြားခဲ့သည်။
ယင်းအပူချိန်သည် ၁၈၈၀ ပြည့်နှစ်၌ မှတ်တမ်းများ စတင်ယူခဲ့ပြီးနောက်ပိုင်း အပူချိန်အမြင့်ဆုံး ဇန်နဝါရီလ ဖြစ်ခဲ့ပြီး ၂၀၀၇ ခုနှစ်က တင်ထားခဲ့သည့် စံချိန်ထက် သုည ဒသမ ၃၉ ဒီဂရီ ဖာရင်ဟိုက် ကျော်သွားခဲ့သည်ဟု NOAA က ပြောကြားခဲ့သည်။            
ထို့ပြင် ယင်းဇန်နဝါရီသည် လစဉ်ကမ္ဘာ့ အပူချိန် ကိုးလဆက်တိုက် မြင့်တက်ခြင်း ဖြစ်ကြောင်းလည်း NOAA က ပြောကြားခဲ့သည်။ ၂၀၁၅ ခုနှစ်သည် မှတ်တမ်းတင်မှုများ စတင်ခဲ့ပြီးနောက်ပိုင်း အပူချိန်စံချိန် ချိုးခဲ့သည့် နှစ်ဖြစ်ပြီး ယခင်တစ်နှစ်က စံချိန်တင်ခဲ့သည့် အပူချိန်ကိုပင် ကျော်လွန်ခဲ့ကြောင်း NOAA နှင့် အမေရိကန် အာကာသအေဂျင်စီ နာဆာက ထုတ်ပြန်ထားသည်။
၂၀၁၅ ခုနှစ် ဒီဇင်ဘာသည် မှတ်တမ်းတင်ခဲ့သည့် ၁၃၆ နှစ်အတွင်း အပူဆုံးလအဖြစ် စံချိန်တင်ထားခဲ့သည်။ ကမ္ဘာ၏ မြေမျက်နှာပြင် အပူချိန်သည် ဇန်နဝါရီတွင် ၂၀ ရာစု ပျမ်းမျှအပူချိန်ထက် ၂ ဒသမ ၈၁ ဒီဂရီ မြင့်တက်ခဲ့ပြီး မှတ်တမ်းတင်ထားသမျှ ကာလအတွင်း ဒုတိယမြောက် အပူချိန်အမြင့်ဆုံး ဇန်နဝါရီလ ဖြစ်ခဲ့သည်။
ကမ္ဘာ၏ သမုဒ္ဒရာမျက်နှာပြင် အပူချိန်သည် ဇန်နဝါရီလတွင် ၂၀ ရာစု ပျမ်းမျှအပူချိန်ထက် ၁ ဒသမ ၅၅ ဒီဂရီဖာရင်ဟိုက် မြင့်တက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်က တင်ခဲ့သည့် အပူချိန်စံချိန်ကို ချိုးဖျက်ခဲ့သည်။ မြောက် ကမ္ဘာခြမ်း၌ ရေခဲဖုံးလွှမ်းမှုသည် ဇန်နဝါရီလတွင် ၁၉၈၁ -၂၀၁၀ အတွင်း ပျမ်းမျှဖုံးလွှမ်းမှုထက် စတုရန်းမိုင် ၇၄၀၀၀၀ ရှိခဲ့ကြောင်း NOAA ၏ ဂြိုဟ်တုသတင်း အချက်အလက်များကို အသုံးပြုသည့် Rutgers Global Snow Lab က ထုတ်ပြန်ခဲ့သည်။ ယင်း ဧရိယာပမာဏသည် နှစ် ၅၀ အတွင်း နဝမမြောက် အကြီးဆုံး ဧရိယာ ဖြစ်ခဲ့သည်။ အယ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် ပစိဖိတ်သမုဒ္ဒရာ ရေစီးကြောင်း နွေးခဲ့သည့် သက်ရောက်မှုက မြောက်အမေရိကတွင် နှင်းဖုံးလွှမ်းမှုကို မြင့်တက်စေခဲ့သည်။            
Ref : AFP

Most Read

Most Recent