အာရှလေကြောင်းပြပွဲတွင် ဘိုးရင်းနှင့် အဲဘတ်စ်တို့ ဒေါ်လာဘီလျံ အမြောက်အမြား တန်ဖိုးရှိသော သဘောတူညီချက်များ ရရှိခဲ့

အာရှလေကြောင်းပြပွဲတွင် ဘိုးရင်းနှင့် အဲဘတ်စ်တို့ ဒေါ်လာဘီလျံ အမြောက်အမြား တန်ဖိုးရှိသော သဘောတူညီချက်များ ရရှိခဲ့
Published 18 February 2016
Ref: AFP

စင်ကာပူတွင် အာရှအကြီးဆုံး လေကြောင်းပြပွဲ၌ ဘိုးရင်းနှင့် အဲဘတ်စ်တို့သည် ဒေါ်လာဘီလျံ အမြောက်အမြား တန်ဖိုးရှိသော သဘောတူညီချက်များ ရရှိခဲ့ကြပြီး လေကြောင်းလုပ်ငန်း ဖွံ့ဖြိုးမှုတွင် ဒေသတွင်း အရေးပါမှုကို ထင်ဟပ်စေခဲ့သည်။
ဥရောပလေကြောင်းလုပ်ငန်း အဲဘတ်စ်သည် A350-900 လေယာဉ်ခြောက်စင်း ရောင်းချရန် ဖိလစ်ပိုင်လေကြောင်းနှင့် ဒေါ်လာ ၁ ဒသမ ၈၅ ဘီလျံ တန်ဖိုးရှိသော သဘောတူညီချက်ကို ရရှိခဲ့သည်။
အမေရိကန်အခြေစိုက် ဘိုးရင်းက တရုတ်လေကြောင်း Okay Airways နှင့် လေယာဉ် ၁၂ စင်း ရောင်းချရန် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ တန်ဖိုးရှိသော သဘောတူညီချက်ကို ကြေညာခဲ့သည်။
အာရှလေကြောင်းလိုင်းများသည် အမြတ်ငွေ လျော့ကျလာမှုကြောင့် လေယာဉ်မှာယူမှု လျော့ကျနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးအသင်း ဥက္ကဋ္ဌ တိုနီတိုင်လာက စင်ကာပူလေကြောင်းပြပွဲ မတိုင်မီတွင် ပြောကြားခဲ့သည်။
 ပြီးခဲ့သည့်တစ်နှစ်ခွဲအတွင်း ဒေါ်လာတန်ဖိုး ၂၀ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့မှုကြောင့် လေကြောင်းလိုင်းများသည် လောင်စာစရိတ် လျော့ကျမှုမှ သက်သာရာရခဲ့သော်လည်း ဝင်ငွေပြန်လည် လျော့ပါးခဲ့ရကြောင်း တိုင်လာက ပြောကြားခဲ့သည်။
ကမ္ဘာ့စီးပွားရေး နှေးကွေးမှုကြောင့် အာရှပစိဖိတ်လေကြောင်းလိုင်းများသည် အထိနာခဲ့ပြီး ပင်လယ်ကွေ့လေကြောင်းလိုင်းများ၏ ယှဉ်ပြိုင်မှုကလည်း အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
အာရှပစိဖိတ်သည် ကမ္ဘာ့လေကြောင်း သယ်ယူပို့ဆောင်မှု၏ ၄၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသော ဒေသဖြစ်သည်။
အာရှတွင် လေကြောင်းခရီးသွားလာမှု မြင့်တက်နေဆဲဖြစ်သော်လည်း ဧရာမ သဘောတူညီချက်များ ယခင်ကဲ့သို့ မရှိတော့ကြောင်း လေကြောင်းလုပ်ငန်း လေ့လာသူများက ပြောကြားခဲ့သည်။
၂၀၁၅ ခုနှစ်တွင် အာရှ၌ လေကြောင်းလိုင်း ၁၇ ခုထံမှ အမှာစာ ၄၂၁ ခု ရရှိခဲ့ကြောင်း အဲဘတ်စ်က ယခုနှစ်တွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြခဲ့သည်။
လာမည့်နှစ် ၂၀ အတွင်း ကမ္ဘာတွင် လေယာဉ် ၃၈၀၅၀ စင်း လိုအပ်လိမ့်မည်ဖြစ်ပြီး ယင်းတို့အနက် ၃၈ ရာခိုင်နှုန်းကို အာရှ၌ လိုအပ်မည်ဖြစ်ကြောင်း ဘိုးရင်းက ယခုတစ်ပတ်တွင် ခန့်မှန်းချက် ထုတ်ပြန်ထားသည်။
ဗီယက်နမ်၏ စရိတ်နည်း လေကြောင်းလိုင်း VietJet ကလည်း အမေရိကန်အင်ဂျင်လုပ်ငန်း Pratt & Whitney နှင့် ဒေါ်လာ ၃ ဒသမ ၀၄ ဘီလျံ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ လေကြောင်းလိုင်းက မှာယူထားသော အဲဘတ်စ် A320 neo နှင့် A321 neo လေယာဉ် ၆၃ စင်းတွင် Pratt & Whitney ၏ အင်ဂျင်များ တပ်ဆင်ပေးမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent