အမေရိကန်နှင့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ချဲ့ထွင်မည်ဟု တောင်ကိုရီးယား ပြောကြား

အမေရိကန်နှင့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ချဲ့ထွင်မည်ဟု တောင်ကိုရီးယား ပြောကြား
Published 18 February 2016
Ref: AFP

မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည် စမ်းသပ်မှုများအပြီး လာမည့်လတွင် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ချဲ့ထွင်မည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဟန်မင်းဂိုက ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
နှစ်စဉ် ပြုလုပ်နေကျ ကွန်ပျူတာဖြင့် ဖန်တီးလေ့ကျင့်သည့် Key Resolve လေ့ကျင့်မှုတွင် အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက် လေးဆနီးပါး တိုးမြှင့်ပါဝင်မည်ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်ကို ယွန်ဟပ် သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ယင်းစစ်ရေးလေ့ကျင့်မှုတွင် ပြီးခဲ့သောနှစ်က အမေရိကန်တပ်ဖွဲ့ဝင် ၃၇၀၀ သာ ပါဝင်ခဲ့သော်လည်း ယခုနှစ်တွင် ၁၅၀၀၀ ထိ ပါဝင်မည်ဖြစ်သည်။ တောင်ကိုရီးယားကလည်း စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည့် နိုင်ငံအရေအတွက်ကို တိုးချဲ့သွားမည်ဟု ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သောနှစ်တွင် ၁၀ ရက်ကြာ လေ့ကျင့်ခဲ့သော Key Resolve လေ့ကျင့်မှုကို အခြားစစ်ရေးလေ့ကျင့်မှု တစ်ခုဖြစ်သည့် Foal Eagle နှင့် တစ်ပြိုင်နက်တည်း ပြုလုပ်လေ့ရှိသည်။ Foal Eagle လေ့ကျင့်မှုသည် ရက်ပေါင်း ၅၀ ခန့် ကြာမြင့်ခဲ့ကြောင်းလည်း သိရသည်။
ယခုနှစ်တွင် Foal Eagle လေ့ကျင့်မှုတွင် အမေရိကန် လေတပ်တိုက်ခိုက်ရေး တပ်မတစ်ခု၊ မရိန်းများ၊ လေယာဉ်တင် သင်္ဘောတစ်စင်းနှင့် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများ ဦးဆောင်သော ရေတပ် တပ်မတစ်ခု အပါအဝင် အမေရိကန်၏ မဟာဗျူဟာမြောက် တပ်ဖွဲ့ဝင်များ ပါဝင်မည်ဖြစ်ကြောင်း ယွန်ဟပ်က ဖော်ပြခဲ့သည်။
အမေရိကန်-တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်သည့်အချိန်တိုင်း မြောက်ကိုရီးယားက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချလေ့ရှိပြီး ကွဲပြားနေသော ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှု မြင့်တက်လေ့ရှိသည်။
ပြီးခဲ့သောနှစ်တွင် ယင်းစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်စဉ်က ကင်ဂျုံအွန်က သူ၏စစ်တပ်ကို အမေရိကန်နှင့် မဟာမိတ်များအား တိုက်ခိုက်နိုင်ရန်အတွက် ပြင်ဆင်ထားရန် တိုက်တွန်းခဲ့သည်။
 မြောက်ကိုရီးယားက ပြီးခဲ့သောလတွင် စတုတ္ထအကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုနှင့် ဖေဖော်ဝါရီ ၇ ရက်တွင် တာဝေးပစ်ဒုံးပျံ ပြုလုပ်မှုတို့ကြောင့် အမေရိကန်နှင့် တောင်ကိုရီးယားတို့က စစ်ရေးအင်အား ပြသမှုများဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။
 ဖေဖော်ဝါရီ ၁၅ ရက်တွင် အမေရိကန်က ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် USS North Carolina တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတစ်စင်း စေလွှတ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက်တွင် F-22 တိုက်လေယာဉ် လေးစင်းကို ဆိုးလ်အနီး လေတပ်စခန်းတစ်ခုတွင် တပ်စွဲခဲ့ကြောင်း သိရသည်။

Most Read

Most Recent