ယူဂန္ဓာတွင် သမ္မတရွေးကောက်ပွဲအတွက် နောက်ဆုံးပိတ် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်

ယူဂန္ဓာတွင် သမ္မတရွေးကောက်ပွဲအတွက် နောက်ဆုံးပိတ် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်
Published 17 February 2016

ယူဂန္ဓာနိုင်ငံတွင် အတိုက်အခံ ထောက်ခံသူများနှင့် ရဲတပ်ဖွဲ့များ ပဋိပက္ခ ဖြစ်ပွားမှုကြောင့် လူတစ်ဦး သေဆုံးခဲ့ပြီးနောက် တစ်ရက်အကြာ ဖေဖော်ဝါရီ ၁၆ ရက်တွင် သမ္မတ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ နောက်ဆုံးမဲဆွယ်ပွဲများ ပြုလုပ်ခဲ့ကြသည်။ဖေဖော်ဝါရီ ၁၅ ရက်က ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများတွင် ခေတ္တ ထိန်းသိမ်းခံခဲ့ရသည့် အဓိက အတိုက်အခံခေါင်းဆောင် ကစ်ဇာဘီဆစ်ယေက ဖေဖော်ဝါရီ ၁၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ သက်တမ်းရှည် သမ္မတ ယိုဝါရီမူစီဗီနီ၏ နှစ် ၃၀ ကျော် အာဏာချုပ်ကိုင်မှုကို အဆုံးသတ်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ ဘီဆစ်ယေသည် ယခင်ရွေးကောက်ပွဲ သုံးကြိမ်တွင် ရှုံးနိမ့်ခဲ့ဖူးသည်။“ရွေးကောက်ပွဲက လွတ်လပ်မှု မရှိသလို တရားမျှတမှုလည်း မရှိနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အနိုင်ရမယ်လို့ ယုံကြည်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ဖေဖော်ဝါရီ ၁၆ ရက် မဲဆွယ်မှုများသို့ လူထောင်နှင့်ချီ တက်ရောက်ခဲ့ပြီး အကြမ်းဖက်မှု ဖြစ်ပွားခဲ့ခြင်း မရှိပေ။ မော်တော်ဆိုင်ကယ် စီးသူများသည် ဘီဆစ်ယေ၏ မျက်နှာရိုက်နှိပ်ထားသည့် ရှပ်အင်္ကျီများ ဝတ်ဆင်ထားကြပြီး အလံများ ဝှေ့ယမ်းကာ လူထုစုဝေးမှုတွင် ပါဝင်ခဲ့ကြသည်။မျှော်လင့်ထားသည့်အတိုင်း ရွေးကောက်ပွဲ၌ မသမာမှုများ ပြုလုပ်ပါက ဒီမိုကရေစီအတွက် ဆက်လက်ရုန်းကန်သွားမည်ဟု ဘီဆစ်ယေက ဆိုသည်။မူစီဗီနီနှင့် သူ၏အာဏာရ National Resistance Movement (NRM) ပါတီသည် ဖေဖော်ဝါရီ ၁၈ ရက်တွင် ကျင်းပမည့် သမ္မတ ရွေးကောက်ပွဲတွင် ပဉ္စမ သက်တမ်းအတွက် အနိုင်ရမည်ဟု ခန့်မှန်းထားသည်။ မူစီဗီနီသည် မဲဆွယ်ပွဲ တစ်ခုတွင် သူ၏ ပြိုင်ဘက်များကို မဲမပေးရန် သတိပေးခဲ့သည်။ရွေးကောက်ပွဲတွင် သီးခြားစီဝင်ရောက် ယှဉ်ပြိုင်မည့် မူစီဗီနီနှင့် ဝန်ကြီးချုပ်ဟောင်း အမာမာအမ်ဘာဘာဇီသည်လည်း ဖေဖော်ဝါရီ ၁၆ ရက်တွင် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့သည်။ မဲဆွယ်စည်းရုံးမှုများကို ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြုလုပ်ခွင့် မပေးတော့ပေ။ ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် မဲပေးရန် မှတ်ပုံတင်ထားသူ ၁၅ သန်းကျော်ရှိသည်။ မူစီဗီနီကို ယှဉ်ပြိုင်မည့် အတိုက်အခံ ကိုယ်စားလှယ်လောင်း ခုနစ်ဦး ပါဝင်မည်ဖြစ်သည်။၂၀၀၆ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲများတွင် လမ်းပေါ်ထွက် ဆန္ဒပြမှုများနှင့်အတူ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။Ref: AFP

Most Read

Most Recent