ရေဒါဖြင့် မဖမ်းနိုင်သည့် အမေရိကန် တိုက်လေယာဉ်များ တောင်ကိုရီးယား ဝေဟင်၌ အင်အားပြရန် ပျံသန်း

ရေဒါဖြင့် မဖမ်းနိုင်သည့် အမေရိကန် တိုက်လေယာဉ်များ တောင်ကိုရီးယား ဝေဟင်၌ အင်အားပြရန် ပျံသန်း
Published 17 February 2016

ရေဒါဖြင့် ဖမ်း၍ မရသော F-22 အမေရိကန် တိုက်လေယာဉ် လေးစင်းသည် ဖေဖော်ဝါရီ ၁၇ ရက်က တောင်ကိုရီးယားနိုင်ငံ တစ်ဝန်းကို ဖြတ်ပျံပြီး ၎င်းတို့ စခန်းချရာ ဆိုးလ်မြို့အနီးရှိ လေတပ်စခန်းသို့ ဆင်းသက်ခဲ့ကြကြောင်း သိရသည်။ထို F-22 တိုက်လေယာဉ် လေးစင်း၏ ပျံသန်းမှုကို အမေရိကန်နှင့် တောင်ကိုရီးယား ဂျက်တိုက်လေယာဉ် ရှစ်စင်းက လိုက်ပါ စောင့်ရှောက်ခဲ့ကြသည်။ ရေဒါဖြင့် ဖမ်း၍မရသော F-22 လေယာဉ်များသည် မြောက်ကိုရီးယားနယ်စပ်နှင့် ၄၅ မိုင်ကွာဝေးသော အိုဆန်လေတပ်စခန်း၌ ဆင်းသက်ခဲ့ကြသည်။ ဂျပန်အိုကီနာဝါတွင် အခြေစိုက်လေ့ရှိသည့် F-22 Raptor လေယာဉ်များ တောင်ကိုရီးယား၌ လာရောက် တပ်ဖြန့်မှုသည် မြောက်ကိုရီးယား၏ လေးကြိမ်မြောက်  နျူ ကလီးယား စမ်းသပ်မှုနောက်ပိုင်း တောင်ကိုရီးယားတွင် အမေရိကန်၏ ကာကွယ်ရေး အင်အားကို နောက်ဆုံးတိုးမြှင့်မှု ဖြစ်လာခဲ့သည်။ F-22 လေယာဉ်များကို တပ်ဖြန့်ထားခြင်းသည် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ မဟာမိတ် ဆက်ဆံရေး ခိုင်မာမှု၊ ကိုရီးယား ကျွန်းဆွယ်တွင် ငြိမ်းချမ်းရေး ထိန်းသိမ်းလိုသော နှစ်နိုင်ငံလုံး၏ စိတ်ပိုင်းဖြတ်မှုကို ပြသရန်အတွက် ဖြစ်သည်ဟု အမှတ်ခုနစ် အမေရိကန်လေတပ်မှ အုပ်ချုပ်သူ ဒုတိယဗိုလ်မှူးကြီး တာရန့်စ်ဂျေအိုရှာနစ်ဆေကက သတင်းထောက်များကို ပြောကြားခဲ့သည်။F-22 Raptor လေယာဉ်သည် ကမ္ဘာပေါ်တွင် စွမ်းဆောင်ရည် အမြင့်ဆုံး တိုက်လေယာဉ်ဟု အိုရှာနစ်ဆေက ရည်ညွှန်းခဲ့ပြီး အမေရိကန်သည် တောင်ကိုရီးယားကို ကာကွယ်ရန် သံမဏိကတိကို ထိန်းသိမ်းထားကြောင်း ၎င်းက ဆိုခဲ့သည်။ဖေဖော်ဝါရီ ၁၅ ရက်ကလည်း USS North Carolina တိုက်ခိုက်ရေး ရေငုပ်သင်္ဘော တစ်စင်းသည် တောင်ကိုရီးယားရေတပ်နှင့် ပူးတွဲလေ့ကျင့်ရန် တောင်ပိုင်းဆိပ်ကမ်း ဘူဆန်သို့ ရောက်ရှိလာခဲ့သည်။  နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS John C.Stennis သည်လည်း လာမည့်လတွင် ကျင်းပမည့် နှစ်စဉ်ပြုလုပ်နေကျ တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် ရောက်လာမည်ဖြစ်သည်။ ထိုအချိန်တွင် တရုတ်အာဏာရပါတီ၏ အာဘော်များကို ဖော်ပြသော ဂလိုဘယ်တိုင်းမ် သတင်းစာက တောင်ကိုရီးယားသည် အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေးစနစ် THAAD ကို ၎င်း၏နိုင်ငံထဲတွင် တပ်ဖြန့်ခွင့်ပြုပါက တရုတ်ကလည်း ဒေသတွင်းတွင် ဒုံးကျည်များ ပိုမိုချသွားမည်ဟု ရေးသားခဲ့သည်။Ref: AFP

Most Read

Most Recent