အငြင်းပွား တောင်တရုတ်ပင်လယ်ထဲရှိ ကျွန်းပေါ်တွင် တရုတ်က အမြောက်များ တပ်ဖြန့်

အငြင်းပွား တောင်တရုတ်ပင်လယ်ထဲရှိ ကျွန်းပေါ်တွင် တရုတ်က အမြောက်များ တပ်ဖြန့်
Published 17 February 2016

တောင်တရုတ် ပင်လယ်ထဲ၌ ပိုင်နက် အငြင်းပွားနေသော ကျွန်းတစ်ကျွန်းပေါ်တွင် တရုတ်သည် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ် တစ်ခုကို တပ်ဖြန့်နေကြောင်း ဖေဖော်ဝါရီ ၁၆ ရက်တွင် သတင်းတစ်ခုက ဖော်ပြခဲ့သည်။ တစ်ချိန်တည်းမှာပင် အမေရိကန် သမ္မတ ဘာရက်အိုဘားမားက ဒေသတွင်း တင်းမာမှုများကို လျော့ကျသွားစေရန်အတွက် လက်ဆုပ်လက်ကိုင် ပြနိုင်သည့် လုပ်ရပ်များ လုပ်ဆောင်ကြရန် တောင်းဆိုထားသည်။ပုဂ္ဂလိကလုပ်ငန်း Image Sat International မှ ထုတ်ပြန်သည့် ဓာတ်ပုံများကို ကိုးကားပြီး Fox News သတင်းဌာနမှ ဖော်ပြချက်အရ ပြီးခဲ့သည့် သီတင်းပတ်က ပါရာဆယ်ကျွန်းစုထဲရှိ ဝူဒီကျွန်းပေါ်သို့ အမြောက်ပစ်စင် ရှစ်ခု၊ အမြောက်တပ်ခွဲ နှစ်ခုနှင့် ရေဒါစနစ် တစ်ခုတို့ ရောက်ရှိလာသည်ဟု သိရသည်။ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနကလည်း တရုတ်ဒုံးကျည်များ ဝူဒီကျွန်းပေါ်သို့ ပြီးခဲ့သည့် သီတင်းပတ်က ရောက်လာကြောင်းကို အတည်ပြုခဲ့သည်။ “ယုံရှင်းကျွန်းပေါ်မှာ တရုတ်ကွန်မြူနစ်တွေက လေကြောင်းကာကွယ်ရေး ဒုံးကျည်စနစ် တပ်ဖြန့်ထားတာကို သိထားပါတယ်” ဟု ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ သို့သော် ထိုဒုံးကျည် တပ်ဖြန့်မှုများကို ထိုင်ဝမ်က မည်သို့ သိရှိသွားမှုနှင့် ပတ်သက်၍ မပြောပြခဲ့ပေ။တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကမူ ထိုသတင်းနှင့် ပတ်သက်၍ အနောက်တိုင်း မီဒီယာများက သတင်းအသစ်များ ဖန်တီးရန် ကြိုးပမ်းနေခြင်း ဖြစ်သည်ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့နှင့် တွေ့ဆုံမှုအတွင်း ပြောကြားခဲ့သည်။ ဝမ်ယီက ထိုကိစ္စနှင့် ပတ်သက်၍ ပြတ်ပြတ်သားသား မငြင်းဆန်ခဲ့သော်လည်း အနောက်တိုင်း မီဒီယာများသည် တောင်တရုတ်ပင်လယ်ထဲရှိ ကျွန်းများနှင့် ကျောက်တန်းများပေါ်၌ တရုတ်က မီးပြတိုက် ဆောက်လုပ်နေမှုကို ပိုမို အာရုံစိုက်သင့်သည်ဟု ပြောကြားခဲ့သည်။တရုတ်၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့က ပိုင်ဆိုင်သည်ဟု ပြောကြားထားသည့် ပါရာဆယ် ကျွန်းစုထဲမှ အခြားကျွန်း တစ်ကျွန်း အနီးသို့ ပြီးခဲ့သည့်လက အမေရိကန် စစ်သင်္ဘော တစ်စင်း ဖြတ်သန်းပြခဲ့သည်။ ရေကြောင်းလွတ်လပ်စွာ သွားလာခွင့်ကို ပြသရန်အတွက် အမေရိကန် သင်္ဘော၏ ဖြတ်သန်းမှုကို တရုတ်က လျင်မြန်စွာ ပြန်လည် ဆန့်ကျင် ဆန္ဒပြခဲ့သည်။ဗီယက်နမ်စစ်ပွဲ အဆုံးသတ်ခဲ့သော ၁၉၇၀ ပြည့်နှစ်မှ လက်ရှိ အချိန်အထိ ပါရာဆယ်ကျွန်းစု တစ်ခုလုံးကို တရုတ်က ထိန်းချုပ်ထားသည်။ယခုကဲ့သို့ ဒုံးကျည်များ ချထားသည့် သတင်းသည် ကယ်လီဖိုးနီးယားတွင် အိုဘားမား တက်ရောက်ခဲ့သည့် နှစ်ရက်ကြာ အမေရိကန်-အရှေ့တောင်အာရှ ထိပ်သီးကို အဆုံးသတ်လိုက်ချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုအစည်းအဝေးအတွင်း ရင်းမြစ်ကြွယ်ဝပြီး မဟာဗျူဟာကျသော နေရာများတွင် တရုတ်စစ်တပ်၏ စစ်ရေးတည်ဆောက်မှုများကို စိုးရိမ်မိကြောင်း အရှေ့တောင်အာရှ ခေါင်းဆောင်များက ပြောကြားခဲ့သည်။“အရှေ့တောင်အာရှ ဒေသမှာ တင်းမာမှုတွေ လျော့ကျစေဖို့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ လုပ်ဆောင်ချက်တွေ လိုအပ်တယ်ဆိုတဲ့ အကြောင်းကို ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်” ဟု အိုဘားမားက ပြောကြားခဲ့သည်။ ထို့ပြင် အငြင်းပွားနေသည့် နေရာများတွင် မြေယာဖော်ဆောင်မှုများ၊ ဆောက်လုပ်ရေး လုပ်ငန်းအသစ်များ၊ စစ်တပ်ချထားခြင်းများကို ရပ်တန့်ရန်လည်း ၎င်းက တောင်းဆိုခဲ့သည်။ဆန်နီလန်းတွင် ကျင်းပခဲ့သည့် အာဆီယံ အစည်းအဝေးအတွင်း အသက်သွေးကြောသဖွယ် ဖြစ်နေသည့် ရေကြောင်းလမ်းများတွင် တရုတ်၏ စစ်အင်အားပြမှုကို တိုးမြှင့်လုပ်ဆောင်လာခြင်းနှင့် ပတ်သက်၍ အကြီးအကျယ် ဆွေးနွေးခဲ့ကြသည်။ တရုတ်သည် ဒေသတွင်း၌ ဗိုလ်ကျနေမှုများကို ရပ်တန့်ပြီး ဥပဒေကို လိုက်နာစေရန် တောင်းဆိုရေးအတွက် အိုဘားမားသည် တရားဝင် မဟုတ်သည့် ပစိဖိတ်မဟာမိတ်များ ညွန့်ပေါင်းအဖွဲ့ကို စုဝေးရန် ကြိုးပမ်းနေသည်။Ref: AFP

Most Read

Most Recent