အာဖရိက တောင်ပိုင်းနှင့် အရှေ့ပိုင်း၌ ကလေးတစ်သန်းနီးပါး ဆိုးရွားသည့် အာဟာရချို့တဲ့မှုနှင့် ကြုံတွေ့နေရ

အာဖရိက တောင်ပိုင်းနှင့် အရှေ့ပိုင်း၌ ကလေးတစ်သန်းနီးပါး ဆိုးရွားသည့် အာဟာရချို့တဲ့မှုနှင့် ကြုံတွေ့နေရ
Published 17 February 2016

အာဖရိက အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသ တစ်ဝန်းတွင် နှစ်ပေါင်း ၅၀ အတွင်း အပြင်းထန်ဆုံး အယ်နီညို ရာသီဥတုနှင့် နှစ်နှစ်ကြာ မိုးခေါင်မှု ဖြစ်ပွားခဲ့ပြီးနောက် ကလေးပေါင်း တစ်သန်းနီးပါးသည် ပြင်းထန်ဆိုးရွားသည့် အာဟာရ ချို့တဲ့မှုကို ခံစားနေရသည်ဟု ယူနီဆက်ဖ်က ဖေဖော်ဝါရီ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ဒေသတွင်းရှိ ကလေးများသည် အစာရေစာ ရှားပါးမှုများနှင့် ကြုံတွေ့နေပြီး စားသောက်ကုန်ဈေးနှုန်း ကြီးမြင့်မှုက အခြေအနေများကို ပိုမို ဆိုးရွားစေကာ မိသားစုများသည် အစာစားချိန်ကို လျှော့ခြင်း ပိုင်ဆိုင်မှုများကို ရောင်းချရခြင်းတို့ပင် ပြုလုပ်နေရကြောင်း သိရသည်။ ပြင်းထန်ဆိုးရွားသည့် အာဟာရ ချို့တဲ့မှု ဆိုသည်မှာ လွန်ကဲသော အငတ်ဘေးနှင့် ရင်ဆိုင်ရခြင်းကို ဆိုလိုသည်။ “အယ်နီညိုဟာ အားပျော့သွားပေမယ့် ကလေးတွေဟာ ဒီသက်ရောက်မှုကို နှစ်ပေါင်းများစွာ ဆက်ပြီး ခံစားသွားရမှာပါ” ဟု ယူနီဆက်ဖ်၏ ဒေသတွင်း ဒါရိုက်တာ လိုင်လာဂါရာကိုဇလူ-ပက်ကာလာက ပြောကြားခဲ့သည်။လီဆိုသို၊ ဇင်ဘာဘွေနှင့် တောင်အာဖရိကနိုင်ငံ၏ ဒေသ အများစုတွင် မိုးခေါင်မှုကြောင့် အရေးပေါ် အခြေအနေ ကြေညာထားရသည်။ အီသီယိုးပီးယားတွင်လည်း ယခုနှစ်တွင် စားနပ်ရိက္ခာ အကူအညီ လိုအပ်နေသူသည် ၁၀ သန်းမှ ၁၈ သန်းအထိ မြင့်တက်လာလိမ့်မည်ဟု ခန့်မှန်းထားသည်။ မာလာဝီနိုင်ငံတွင်မူ ကိုးနှစ်အတွင်း အဆိုးရွားဆုံး စားနပ်ရိက္ခာ ရှားပါးမှု အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး နိုင်ငံ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်းဖြစ်သော လူပေါင်း ၂ ဒသမ ၈ သန်းသည် ငတ်မွတ်မှု၊ ဆိုးရွားပြင်းထန်သည် အာဟာရ ပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရသည်။Ref: AFP

Most Read

Most Recent