ကမ္ဘာ့ဈေးအချိုဆုံး ခုနစ်ဒေါ်လာတန် ဖုန်းကို အိန္ဒိယတွင် မိတ်ဆက်ပြသ

ကမ္ဘာ့ဈေးအချိုဆုံး ခုနစ်ဒေါ်လာတန် ဖုန်းကို အိန္ဒိယတွင် မိတ်ဆက်ပြသ
Published 17 February 2016

မထင်ရှားသော အိန္ဒိယ ကုမ္ပဏီ တစ်ခုက ကမ္ဘာ့ဈေးအချိုဆုံး စမတ်ဖုန်းကို ဖေဖော်ဝါရီ ၁၇ ရက်တွင် မိတ်ဆက် ပြသခဲ့သည်။ ရူးပီး ၅၀၀ (၇ ဒသမ ၃ ဒေါ်လာ) ဈေး သတ်မှတ်ထားသော ယင်းဖုန်းကို အိန္ဒိယကုမ္ပဏီ Ringing Bells က ထုတ်လုပ်ခြင်းဖြစ်ပြီး ဖုန်း၏ အမည်ကို Freedom 251 ဟု အမည်ပေးထားသည်။၂၀၁၅ ခုနှစ် စက်တင်ဘာက တည်ထောင်ခဲ့သော Ringing Bells ကုမ္ပဏီသည် ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းက စ၍ ဝက်ဘ်ဆိုက်မှတစ်ဆင့် ဖုန်းများ စတင် ရောင်းချနေကြောင်း ကုမ္ပဏီ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ Ringing Bells သည် ၄၄ ဒေါ်လာ တန်ဖိုးရှိသော ဖုန်းတစ်မျိုး အပါအဝင် ဖုန်းလေးမျိုးကိုသာ ထုတ်လုပ် ရောင်းချနေသည်။နိုင်ငံခြားမှ အစိတ်အပိုင်းများ တင်သွင်းပြီး အိန္ဒိယတွင် ဖုန်းတပ်ဆင် ထုတ်လုပ်နေသော Ringing Bells က တစ်နှစ်အတွင်း အိန္ဒိယ ပြည်တွင်းဖြစ်ဖုန်းကို ထုတ်လုပ်ရန် စီစဉ်နေကြောင်း ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။ဈေးချိုသော စမတ်ဖုန်း အများစုကို အိန္ဒိယဈေးကွက်တွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီး အများစုသည် တရုတ်လုပ်ဖုန်းများ ဖြစ်ကြသည်။ အိန္ဒိယ ကုမ္ပဏီများကလည်း ဒေါ်လာ ၂၀ ခန့်သာ ကျသင့်သော ဖုန်းများကို ရောင်းချနေကြသည်။အိန္ဒိယသည် ကမ္ဘာတွင် ဒုတိယအကြီးဆုံး မိုဘိုင်းဖုန်းဈေးကွက်ဖြစ်ပြီး အောက်တိုဘာလတွင် မိုဘိုင်းဖုန်း အသုံးပြုသူ တစ်ဘီလျံ ပြည့်ခဲ့ကြောင်း အိန္ဒိယ ဆက်သွယ်ရေးလုပ်ငန်း ထိန်းချုပ်ကွပ်ကဲရေး အဖွဲ့က ကြေညာခဲ့သည်။ သို့သော်လည်း အိန္ဒိယ၏ ဆင်းရဲသော ပြည်နယ်များတွင် မိုဘိုင်းဖုန်း သုံးစွဲမှုသည် နိမ့်ကျနေဆဲဖြစ်ပြီး လူ ၁၀၀ လျှင် ၅၄ ဦးခန့်သာ ဖုန်းဆက်သွယ်မှု ရရှိထားကြောင်း မြို့ပြနှင့် ကျေးလက် ဒစ်ဂျစ်တယ် ကွာဟမှု မြင့်မားနေကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။မျက်နှာပြင်အကျယ် လေးလက်မရှိသော Freedom 251 ဖုန်းသည် 1.3 GHz ပရိုဆက်ဆာ ပါဝင်ပြီး မှတ်ဉာဏ် 1 GB RAM နှင့် 1450 mAh ဘက်ထရီတို့ ပါဝင်သည်။ ဖုန်း၏ အတွင်းသိုလှောင် မှတ်ဉာဏ်သည် 8 GB ပါဝင်ပြီး micro SD ကတ်ဖြင့် မှတ်ဉာဏ်ကို ထပ်မံ တိုးချဲ့နိုင်သည်။ အိန္ဒိယ ပြည်တွင်းတွင်ကုန် ထုတ်လုပ်မှုကို အားပေးသော Make in India အစီအစဉ် တစ်စိတ်ပိုင်းဖြင့် ယင်းဖုန်းကို ထုတ်လုပ်ခြင်းဖြစ်ကြောင်း Ringing Bells က ပြောကြားခဲ့သည်။ခုနစ်ဒေါ်လာတန် ဖုန်းသစ်များကို ဖေဖော်ဝါရီ ၁၈ ရက်တွင် အမှာစာ စတင်လက်ခံမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၁ ရက်တွင် အမှာပိတ်မည် ဖြစ်ကြောင်း၊ ဇွန် ၃၀ ရက် မတိုင်မီ ဖုန်းများ ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း Ringing Bells က ပြောကြားခဲ့သည်။Ref: AFP

Most Read

Most Recent