အိုဘားမားက အရှေ့တောင်အာရှနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သည့် အစီအစဉ်များ ကြေညာ

အိုဘားမားက အရှေ့တောင်အာရှနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သည့် အစီအစဉ်များ ကြေညာ
Published 17 February 2016

လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသော အရှေ့တောင်အာရှသည် အမေရိကန်အတွက် အရေးကြီးသော ကုန်သွယ်ဖက် ဖြစ်လာနိုင်ကြောင်း သက်သေပြရန် အာဆီယံနိုင်ငံများနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သည့် အစီအစဉ်များကို သမ္မတ အိုဘားမားက ဖေဖော်ဝါရီ ၁၆ ရက်တွင် ကြေညာခဲ့သည်။ဂျကာတာ၊ ဘန်ကောက်နှင့် စင်ကာပူတွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ရုံးများ တည်ထောင်သွားမည်ဖြစ်ပြီး ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ထွန်းလာရန် ကြိုးပမ်းသွားမည်ဖြစ်သည်။ အာဆီယံသည် အမေရိကန်အတွက် စတုတ္ထအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး နှစ်ဖက် အပြန်အလှန် ကုန်သွယ်မှုသည် ၂၀၁၄ ခုနှစ်၌ ဒေါ်လာ ၂၅၄ ဘီလျံအထိ ရှိခဲ့ပြီး အမေရိကန်တွင် အလုပ်အကိုင် သန်းဝက်ခန့် ပံ့ပိုးပေးထားနိုင်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သည့် စာရင်းများက ဆိုသည်။ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါဝင်သော အာဆီယံသည် နုပျိုပြီး ဖွံ့ဖြိုးတိုးတက်မှု လျင်မြန်နေသည်။ ထို့အတူ စီးပွားရေးကဏ္ဍ အမြောက်အမြားသည်လည်း အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်သည်။ အင်ဒိုနီးရှားကဲ့သို့ နိုင်ငံများသည် စတင် ပွင့်လင်းလာပြီး သမ္မတ ဂျိုကိုဝီဒိုဒိုက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအတွက် လမ်းဖွင့်ပေးသည့် အစီအစဉ်များကို မကြာမီက ကြေညာထားသည်။ US-ASEAN Connect အစီအစဉ်သစ်အရ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်ကဲ့သို့ နိုင်ငံများအား ပစိဖိတ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၌ ပါဝင်နိုင်ရန် အကြံဉာဏ်များ ပေးမည်ဖြစ်သည်။ထို့ပြင် ဆက်သွယ်ရေး၊ အခြေခံ အဆောက်အအုံ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ကဏ္ဍကိုလည်း ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်သည်။အာဆီယံနိုင်ငံများမှ ခေါင်းဆောင် ၁၀ ဦးကို အမေရိကန်တွင် ပထမဆုံးအကြိမ် စုဝေးတွေ့ဆုံသော အိုဘားမားက အမေရိကန်သည် အာဆီယံ၌ အရေးကြီးသော အင်အားအဖြစ် ရှိနေဆဲဖြစ်ကြောင်း တရုတ်ကို သိမ်မွေ့စွာ အချက်ပြလိုက်ခြင်းဖြစ်သည်။ သို့သော်လည်း အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ကြေညာချက်တွင် တရုတ်ကို တိုက်ရိုက် ရည်ညွန်းမှု ရှောင်ရှားခဲ့ပြီး အာဆီယံ ခေါင်းဆောင်များသည် ကမ္ဘာ့အင်အားကြီး နိုင်ငံများနှင့် သံတမန်ရေးကို ဂရုတစိုက် ဆောင်ရွက်နေခဲ့ကြောင်း ထင်ဟပ်စေခဲ့သည်။အိုဘားမားသည် အာဆီယံ ခေါင်းဆောင်များကို လက်ခံတွေ့ဆုံမှုအတွက် လူ့အခွင့်ရေး တက်ကြွလှုပ်ရှားသူများက ဝေဖန်ခဲ့သော်လည်း အိုဘားမားက ဒေသတွင်း၌ ဥပဒေ စိုးမိုးမှု ပိုမိုကောင်းမွန်လာရေးနှင့် အုပ်ချုပ်မှု ကောင်းမွန်လာရေးတို့အတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။Ref: AFP

Most Read

Most Recent