တူရကီက မြေပြင်ထိုးစစ် ပြုလုပ်ရန် တောင်းဆိုစဉ် ကုလက ဆီးရီးယားသို့ အကူအညီများ ပေးပို့

တူရကီက မြေပြင်ထိုးစစ် ပြုလုပ်ရန် တောင်းဆိုစဉ် ကုလက ဆီးရီးယားသို့ အကူအညီများ ပေးပို့
Published 17 February 2016

တူရကီက စစ်ပွဲဖြစ်ပွားနေသော ဆီးရီးယားတွင် မြေပြင်ထိုးစစ် ပြုလုပ်ရန်အတွက် တောင်းဆိုပြီးနောက် ခိုင်မာသော ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက် ေ၀ဝါးလာစဉ် ကုလသမဂ္ဂ အကူအညီပေးရေး ယာဉ်တန်းများသည် ဆီးရီးယားရှိ ဝိုင်းရံပိတ်ဆို့ ခံထားရသော နေရာများရှိ ထောင်နှင့်ချီသော ပြည်သူများထံ ဖေဖော်ဝါရီ ၁၇ ရက်တွင် သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။ငတ်မွတ်ခေါင်းပါးမှုကြောင့် လူဒါဇင်နှင့်ချီ သေဆုံးခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သော မာဒါယာမြို့ အပါအဝင် ဝိုင်းရံပိတ်ဆို့ ခံထားသည့် နေရာ ခုနစ်ခုသို့ အကူအညီပေးရေး ယာဉ်များ သွားရောက်ရန် ဆီးရီးယား အစိုးရက အတည်ပြုခဲ့ကြောင်း ကုလ လူသားချင်းစာနာမှု အကူအညီပေးရေးရုံးမှ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ဆီးရီးယားတွင် တိုက်ခိုက်နေကြသော အဖွဲ့အစည်းများသည် အကူအညီပေးရေး လုပ်ငန်းစဉ်ကို ခွင့်ပြုခြင်း ရှိ၊ မရှိ စမ်းသပ်မှု ဖြစ်လာလိမ့်မည်ဟု ဆီးရီးယားဆိုင်ရာ ကုလ အထူးသံတမန် စတက်ဖန်ဒီမစ်တူရာက ဒမတ်စကတ်တွင် ပြောကြားခဲ့သည်။ ဆီးရီးယား ပြည်သူတိုင်း မည်သည့်နေရာတွင် ရောက်နေသည်ဖြစ်စေ ကုလက အကူအညီများ ပေးပို့ခွင့် ရရေးသည် ဆီးရီးယား အစိုးရ၏ တာဝန်ဖြစ်ကြောင်း ၎င်းက ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး ဝါလက်မူအာလင်နှင့် တွေ့ဆုံပြီးနောက် ပြောကြားခဲ့သည်။ဆီးရီးယားတွင် အစိုးရနှင့် သူပုန်အဖွဲ့များအကြား ငါးနှစ်နီးပါး ကြာမြင့်လာပြီဖြစ်သည့် ပြည်တွင်းစစ်အတွင်း ပိတ်ဆို့ခံထားရသည့် ဒေသများ၌ လူ သန်းထက်ဝက်နီးပါးသည် ပိတ်မိနေကြောင်း ကုလက ထုတ်ပြန်ခဲ့သည်။ ပထမဆုံး အကူအညီပေးရေး ယာဉ်တန်းများသည် သူပုန်များက ထိန်းချုပ်ထားသည့် ဆီးရီးယားမြောက်ပိုင်းရှိ ရှီအိုက်ရွာများဖြစ်သော ဖူအာနှင့် ကာဖရာယာတို့သို့ သွားရောက်မည်ဖြစ်ပြီး ယင်းမှတစ်ဆင့် အစိုးရက ဝိုင်းရံ ပိတ်ဆို့ထားသည့် မာဒါယာနှင့် ဇာဘာဒါနီမြို့များသို့ သွားရောက်မည်ဖြစ်ကြောင်း ကြက်ခြေနီအဖွဲ့ သတင်းရင်းမြစ် တစ်ဦးက ပြောကြားခဲ့သည်။ဆီးရီးယားနိုင်ငံတစ်ဝန်း အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိနိုင်ရန်အတွက် ဆွေးနွေးမှုများတွင် အကူအညီပေးရေး လုပ်ငန်းစဉ်ကို ခွင့်ပြုမှုသည် အရေးပါသော အချက်တစ်ချက် ဖြစ်သော်လည်း အစိုးရနှင့် သူပုန်တို့က ယင်းကို အကောင်အထည် ဖော်နိုင်ခြင်း ရှိ၊ မရှိ သံသယများ ရှိနေကြသည်။မြူးနစ်မြို့တွင် ဖေဖော်ဝါရီ ၁၁ ရက်၌ ကျင်းပခဲ့သော ညီလာခံတွင် ကမ္ဘာ့နိုင်ငံ ၁၇ နိုင်ငံသည် တစ်ပတ်အတွင်း ဆီးရီးယားနိုင်ငံ တစ်ဝန်း၌ ရန်စတိုက်ခိုက်မှုများ ရပ်တန့်ရန် သဘောတူခဲ့ကြသည်။ သို့သော် ဆီးရီးယား မြောက်ပိုင်းတွင် ဆေးရုံ ငါးရုံထက် မနည်းနှင့် ကျောင်းနှစ်ကျောင်း ဗုံးကြဲခံခဲ့ရပြီးနောက် အပစ်အခတ် ရပ်စဲရေး မျှော်လင့်ချက် မှေးမှိန်လာခဲ့သည်။        Ref: AFP

Most Read

Most Recent