ဆီးရီးယားဆေးရုံနှင့် ကျောင်းများ ဗုံးကြဲခံခဲ့ရရာ လူ ၅၀ ခန့် သေဆုံး

ဆီးရီးယားဆေးရုံနှင့် ကျောင်းများ ဗုံးကြဲခံခဲ့ရရာ လူ ၅၀ ခန့် သေဆုံး
Published 16 February 2016

ဆီးရီးယားနိုင်ငံတွင် ဖေဖော်ဝါရီ ၁၅ ရက်က လေကြောင်း စစ်ဆင်ရေးများအတွင်း ဆေးရုံများ တိုက်ခိုက်ခံခဲ့ရကာ လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပြီးနောက် ဆီးရီးယား အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်သည့် မျှော်လင့်ချက်များမှာ မှေးမှိန်လာခဲ့သည်။ ယင်းတိုက်ခိုက်မှုကို ပြင်သစ်က စစ်ရာဇဝတ်မှုဟု အမည်တပ်ခဲ့ပြီး ဆီးရီးယား အစိုးရကမူ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တည်မြဲရန်မှာ ခက်ခဲကြောင်း ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၏ ပြောကြားချက်အရ ဆီးရီးယားမြောက်ပိုင်း အလက်ပိုနှင့် အီဒလက် ပြည်နယ်များ၌ ဗုံးကြဲခံရမှုအတွင်း ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ ငါးခုထက်မနည်းနှင့် စာသင်ကျောင်းနှစ်ခုတို့ ထိမှန်ခဲ့ပြီး ကလေးများ အပါအဝင် သေဆုံးခဲ့သူ ဦးရေမှာ ၅၀ ခန့်ရှိခဲ့ကြောင်း သိရသည်။
"ကျန်းမာရေးဆိုင်ရာ အဆောက်အအုံတွေကို ဆီးရီးယားအစိုးရနဲ့ ထောက်ခံတဲ့အဖွဲ့တွေက တိုက်ခိုက်တာဟာ လက်ခံနိုင်စရာ မရှိပါဘူး။ တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်သင့်ပါတယ်" ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယန်းမာ့အယာရက်က ဆိုခဲ့သည်။ 
အမေရိကန်က ဆီးရီးယားမြောက်ပိုင်းတွင် အရပ်သားဆေးရုံ နှစ်ရုံ လေကြောင်းမှ တိုက်ခိုက်ခံခဲ့ရကြောင်း၊ ယင်းတို့အနက် ဆေးရုံတစ်ရုံသည် MSF မှ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး အခြားဆေးရုံမှာ သူပုန်ထိန်းချုပ်ထားသော အဇစ်မြို့တွင် တည်ရှိသည်ဟု ဆိုခဲ့သည်။ သို့သော် အမေရိကန်သည် ကုလသမဂ္ဂကဲ့သို့ပင် မည်သူမည်ဝါက ထိုလေကြောင်း စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ကြောင်း မထုတ်ဖော်ခဲ့ပေ။ ရုရှားစစ်လေယာဉ်များက ကျောထောက်နောက်ခံ ပြုပေးထားသော ဆီးရီးယား အစိုးရတပ်များသည် လက်ရှိတွင် ဆီးရီးယား ဒုတိယမြို့တော် အလက်ပို ဝန်းကျင်၌ ထိုးစစ်ဆင်မှုကြီး လုပ်ဆောင်နေသည့်အတွက် လူထောင်ပေါင်းများစွာ တူရကီနယ်စပ်သို့ ထွက်ပြေးနေရသည်။
MSF ကလည်း ဆီးရီးယား အနောက်မြောက်ပိုင်းရှိ သူတို့၏ ဆေးရုံတစ်ရုံ တိုက်ခိုက်ခံခဲ့ရကြောင်း အတည်ပြုခဲ့ပြီး လူခုနစ်ဦး သေဆုံးခဲ့ကာ ရှစ်ဦးပျောက်ဆုံးနေသည်ဟု ထုတ်ပြန်ထားသည်။ သို့သော် မော်စကိုရှိ ဆီးရီးယား သံအမတ်ကမူ ထို MSF ဆေးရုံကို အမေရိကန်တို့က ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု ဆိုခဲ့သည်။ လက်ရှိအခြေအနေများကြောင့် ယခုသီတင်းပတ် နှောင်းပိုင်းတွင် ဆီးရီးယား၌ အပစ်အခတ်များ ရပ်စဲရန် သဘောတူညီချက်နှင့် ပတ်သက်ပြီး သံသယများ မြင့်တက်လာခဲ့သည်။ ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်ကမူ ထိုသဘော တူညီချက်အတိုင်း လိုက်နာရန် ခက်ခဲလိမ့်မည်ဟု ဆိုနေသည်။
Ref : AFP

Most Read

Most Recent