ကိုယ်ဝန်ဆောင်စဉ် ငါးအမြောက်အမြား စားသုံးမှုက အဝလွန်သော ကလေးများ မွေးဖွားနိုင်ခြေ မြင့်မားစေ

ကိုယ်ဝန်ဆောင်စဉ် ငါးအမြောက်အမြား စားသုံးမှုက အဝလွန်သော ကလေးများ မွေးဖွားနိုင်ခြေ မြင့်မားစေ
Published 16 February 2016
Ref: AFP

အမျိုးသမီးများသည် တစ်ပတ်လျှင် ငါးသုံးကြိမ်စားသုံးရန် ထောက်ခံထားကြသော်လည်း ကိုယ်ဝန်ဆောင်စဉ်တွင် ငါးအလွန်အကျွံ စားသုံးသော မိခင်များသည် ငါးအစားနည်းသည့် မိခင်များထက် အဝလွန်သည့် ကလေးများ မွေးဖွားနိုင်ခြေ မြင့်မားကြောင်း လေ့လာမှုတစ်ရပ်က ဖေဖော်ဝါ ရီ ၁၅ ရက်တွင် ဖော်ထုတ်ခဲ့သည်။ ငါးစားသုံးမှု မြင့်မားခြင်းနှင့် မွေးလာသည့်ကလေး၏ ကြီးထွားဖွံ့ဖြိုးမှု လျင်မြန်ခြင်း၊ အဝလွန်ခြင်းတို့အကြား ဆက်နွှယ်မှုရှိကြောင်း American Medical Association (JAMA) Pediatrics တွင် ဖော်ပြခဲ့သော လေ့လာမှုက ဆိုသည်။ သို့သော်လည်း အကျိုးဆက်အတွက် ခိုင်လုံသော အထောက်အထား မရှိကြောင်း သုတေသနပညာရှင်များက သတိပေးခဲ့သည်။ငါးစားသုံးခြင်းသည် သန္ဓေသား၏ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ကောင်းမွန်သည်ဆိုသောကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများက ငါးမည်မျှ စားသုံးရမည်ကို သိလိုကြသည်။ သို့သော်လည်း ငါးများတွင် မာကျူရီကဲ့သို့ ညစ်ညမ်းဓာတ်များ ပါဝင်သောကြောင့် ထိခိုက်မည်ကို စိုးရိမ်ကြသည်။ ခရစ္စတီတက္ကသိုလ်မှ ဆရာဝန်လေဒါချက်ဇီ ဦးဆောင်သော သုတေသနပညာရှင်များသည်  အမေရိကန်နှင့် ဥရောပ၌ ကလေးပေါင်း ၂၆၀၀၀ ကျော်ကို လေ့လာခဲ့သည့် အချက်အလက်များအား သုံးသပ်ခဲ့သည်။ကိုယ်ဝန်ဆောင်စဉ် အမျိုးသမီးများ ငါးစားသုံးသည့် ပမာဏကို လေ့လာမှုက အဓိကထားခဲ့ပြီး လေ့လာမှု၌ ပါဝင်သော ကလေးများ ခြောက်နှစ်အထိ ဖွံ့ဖြိုးမှုကို ဆက်လက် လေ့လာခဲ့သည်။ တစ်ပတ်လျှင် သုံးကြိမ်ထက်ပို၍ စားသုံးခြင်းက ငါးစားသုံးမှု မြင့်မားသည်ဟု လေ့လာမှုက သတ်မှတ်ခဲ့သည်။  ကိုယ်ဝန်ဆောင်စဉ် ငါးအလွန်အကျွံ စားသုံးသည့် မိခင်များမှ မွေးလာသည့်ကလေးသည် ငါးစားသုံးမှုနည်းသည့် မိခင်များမှ မွေးသည့်ကလေးထက် အဝလွန်မှု ပိုမြင့်မားကြောင်း လေ့လာမှုက တွေ့ရှိခဲ့သည်။    

Most Read

Most Recent