အိုဘားမားက အရှေ့တောင်အာရှ ခေါင်းဆောင်များကို တွေ့ဆုံရာ၌ တရုတ်နှင့်ပတ်သက်၍ အဓိကထား ဆွေးနွေး

အိုဘားမားက အရှေ့တောင်အာရှ ခေါင်းဆောင်များကို တွေ့ဆုံရာ၌ တရုတ်နှင့်ပတ်သက်၍ အဓိကထား ဆွေးနွေး
Published 16 February 2016

အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် ဖေဖော်ဝါရီ ၁၅ ရက်က ကယ်လီဖိုးနီးယား ကန္တာရ အပန်းဖြေစခန်းတွင် အရှေ့တောင်အာရှ ခေါင်းဆောင်များကို တွေ့ဆုံရာ၌ တရုတ်နိုင်ငံက ဒေသတွင်းတွင် အင်အားကြီးထွားလာခြင်းအား တုံ့ပြန်ရန်နှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။
အိုဘားမားသည် အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှ ကိုယ်စားလှယ်များကို ဒွိုက်အိုင်စင်ဟောင်းဝါးမှစ၍ အမေရိကန်သမ္မတ အဆက်ဆက် နှစ်ခြိုက်ခဲ့ရာ Sunny Lands အပန်းဖြေစခန်းတွင် ဧည့်ခံတွေ့ဆုံ ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်း နယ်မြေများကို အပိုင်စီးခြင်းအပေါ် တိုးမြှင့်ဖိအားပေးရန် မျှော်လင့်လျက် အိုဘားမားက အမေရိကန်-အာဆီယံသည် နိုင်ငံအားလုံးက တူညီသော စည်းမျဉ်းကို လိုက်နာကြမည့် ဒေသတွင်း အစီအစဉ် တစ်ရပ်ကို တည်ဆောက်ရန် တူညီသော ရည်မှန်းချက် ရှိကြောင်း ကြေညာကာ တွေ့ဆုံဆွေးနွေးပွဲကို ဖွင့်လှစ်ခဲ့သည်။
အိုဘားမား အနေဖြင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီတွင် အိမ်ဖြူတော်မှ မထွက်ခွာမီသူ၏ အာရှမဏ္ဍိုင်ပြုရေးနှင့် အာဆီယံ၏ ကြီးထွားလာသော အရေးပါမှု မူဝါဒများကို အကောင်အထည် ဖော်နိုင်မည့် အခွင့်အလမ်း တစ်ရပ်အဖြစ် အိမ်ဖြူတော်က ယခုထိပ်သီး ဆွေးနွေးပွဲကို ရှုမြင်ထားသည်။
"အမေရိကန် ပြည်ထောင်စုအနေနဲ့ ကမ္ဘာတစ်လွှားက လတ်တလော ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့နဲ့  ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေး မူဝါဒက အခွင့်အလမ်းသစ်တွေနဲ့ အာရှ-ပစိဖိတ် ဒေသထက်ပိုပြီး ၂၁ ရာစုမှာ အခွင့်အရေးတွေ ပိုမိုပြသလာတဲ့ဒေသ အနည်းငယ်ကို အမိအရဆုပ်ကိုင်ဖို့ သမ္မတအနေနဲ့ ကျွန်တော်အခိုင်အမာ ပြောကြားလိုပါတယ်" ဟု အိုဘားမားက ထိပ်သီးဆွေးနွေးပွဲကို ဖွင့်လှစ်ရာ၌ ပြောကြားခဲ့သည်။
"ဒါဟာ ဘာဖြစ်လို့ ကျွန်တော့်သမ္မ သက်တမ်း အစောပိုင်းမှာ ပစိဖိတ်နိုင်ငံ တစ်ခုလည်းဖြစ်တဲ့ အမေရိကန် အနေနဲ့ နိုင်ငံခြားရေး မူဝါဒကို ပြန်လည်ထိန်းညှိပြီး အာရှ-ပစိဖိတ် ဒေသမှာ ပိုမိုကျယ်ပြန့်ပြီး ရေရှည်ကို မျှော်မှန်းတဲ့ အခန်းကဏ္ဍကနေ ပါဝင်ရသလဲ ဆိုတာပါပဲ" ဟုလည်း အိုဘားမားက ပြောကြားခဲ့သည်။
သို့သော် ပို၍အရေးကြီးသော ရည်ရွယ်ချက်မှာ နယ်မြေပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောကြားချက် များစွာနှင့်အတူ ဒေသတွင်း၌ တရုတ်၏ ကျွန်းများတည်ဆောက်ခြင်းနှင့် စစ်ဘက်ဆိုင်ရာ တည်ဆောက်မှုများ ပြုလုပ်ခြင်းတို့ကို ဆန့်ကျင်ရင်ဆိုင်ရန် လုံခြုံစိတ်ချရသော စုစည်းညီညွတ်သည့် တပ်ဦး တစ်ရပ် တည်ဆောက်ရန်ဖြစ်သည်။
တရုတ်အနေဖြင့် ဒေသတွင်း၌ အနိုင်ကျင့်နေသည့် နိုင်ငံအဖြစ် ရှုမြင်ခံရခြင်းကို မလိုလားသော်လည်း အမေရိကန်က တရုတ်ကို တရားဥပဒေ စိုးမိုးမှုအား လိုက်နာရန် တောင်းဆိုမည့် ပစိဖိတ် မဟာမိတ် ညွန့်ပေါင်းတစ်ရပ်ကို ဖွဲ့စည်းခြင်းဖြင့် ယင်းအချက်ကို သက်သေပြရန် ကြိုးပမ်းနေသည်။
Ref : AFP

Most Read

Most Recent