ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့တွင် လီဆူးတိုင်းရင်းသား ၂၀၀၀ ကျော်တို့ သည် ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာကြကြောင်း သတင်းရရှိပါသည်။ လီဆူးနှစ်သစ်ကူးနေ့တွင် အထိမ်းအမှတ်အဖြစ် လီဆူးတိုင်းရင်းသား ၂၀၀၀ ကျော်တို့သည် ဖေဖော်ဝါရီ ၁၃ နှင့် ၁၄ ရက်တို့တွင် နမ့်စန်မြို့၊ သုခိတာရုံကျောင်းတိုက်တွင် ဘာသာကူးပြောင်းပွဲ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်၊ နမ့်စန်၊ မိုင်းပွန်၊ ဟိုပုံး၊ ကျိုင်းတောင်း၊ မိုးနဲနှင့် မိုင်းပန်တို့မှ လီဆူးနှင့် လားဟူတိုင်းရင်းသားများတို့သည် နမ့်စန်မြို့တွင် ဗုဒ္ဓဘာသာကူး ပြောင်းခဲ့ကြခြင်းဖြစ်ပြီး ထိုပွဲသို့ လူတစ်သောင်းကျော် လာရောက်ခဲ့ကြကြောင်း သိရသည်။လီဆူး တိုင်းရင်းသားနှင့် လားဟူတိုင်းရင်းသား အနည်းငယ်ပါဝင်သော လူ ၂၀၀၀ ကျော်တို့မှ သရဏဂုံဆောက်တည်ခြင်း၊ ကိုရင် ရှင်ရဟန်းအပါး ၃၀၀ ဝတ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း၊ ၁၃ ရက်တွင် ရှင်သာမဏေ ရှင်ရဟန်းပြုခြင်း၊ လှည့်လည်ခြင်းနှင့် ၁၄ ရက်တွင် ဗုဒ္ဓဘာသာကူးပြောင်းပွဲ ရေစက်ချတရားနာ၊ သရဏဂုံဆောက်တည်ခြင်းများကို ပြုလုပ်ပြီး၊ ၁၄ ရက်တွင် အနယ်နယ်အရပ်ရပ်မှ ရောက်လာကြကုန်သော ဧည့်ပရိသတ်များကို အကျွေးအမွေးများဖြင့် ဧည့်ခံခဲ့ကြောင်း သိရသည်။“လီဆူးကနေ ဗုဒ္ဓဘာသာကို ကူးပြောင်းခွင့်ရတာ ကျေနပ်ဝမ်းသာ ဂုဏ်ယူတယ်။ ဘယ်လိုခေါ်မလဲ ပီတိဖြစ်တယ်လေ။ လူ ၂၀၀၀ ကျော် ကူးပြောင်းပြီးတော့ အမျိုးသားတွေက သာမဏေ ရှင်ရဟန်းပြုခွင့်ရတာ ထူးခြားတဲ့ လုပ်နိုင်ခဲတဲ့ အမှုတစ်ခုလို့ စိတ်ထဲမှတ်ယူပါတယ်။ ဗုဒ္ဓဘာသာဝင်တွေကိုလည်း လေးစားပါတယ်”ဟု လီဆူးတိုင်းရင်းသားတစ်ဦးက ပြောကြားသည်။“ဗုဒ္ဓဘာသာထဲကို ကူးပြောင်းတဲ့ပွဲဆိုတော့ ဝမ်းသာပါတယ်။ ပျော်ပါတယ်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ပျော်လည်းပျော်ပါတယ်” ဟု နမ့်စန်မြို့မှ ဦးနေဇော်နိုင်က ပြောကြားသည်။နမ့်စန်သုခိတာရုံကျောင်းတိုက်တွင် ပြုလုပ်ခြင်းဖြစ်ပြီး၊ မန္တလေးမှ တောင်တန်းသာသနာပြု သဓမ္မဇောတိကဓဇ မဟာသဒ္ဓမ္မဓဇဆရာတော်ကြီးသုံးပါးက ဦးစီးဆောင်ရွက်ပေးကာ၊ ရှင်ရဟန်းခံပေးခြင်း၊ ဘာသာကူးပြောင်းပေးစေခြင်းဖြစ်ပြီး၊ မန္တလေးမှ အလှူ ှင်များအဖြစ် ဦးမြတ်ကျော်သူ+ဒေါ်သူဇာမျိုးမျိုးဝင်းတို့က အလှူ့သာသနာ ဒါယိကာ၊ ဒါယိကာမများအဖြစ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ အမှတ်(၆၁)၊ ၈၇၊ ၈၈ လမ်းကြား၊ ၁၅ လမ်း မန္တလေးမြို့တွင် နေထိုင်ကြကြောင်း သိရသည်။လီဆူးများသည် ရှမ်းတောင်တွင် အများစု နေထိုင်ကြပြီး ကချင်ပြည်နယ်တွင်လည်း ရှိကြောင်း တောင်ပေါ်ဒေသများတွင် ပျံ့နှံ့နေထိုင်ကြကာ အချို့မှာ ခရစ်ယာန်ဘာသာဝင်များဖြစ်ကြောင်း သိရသည်။















