ပုဒ်မနှစ်ခုဖြင့် တရားစွဲခံထားရသည့် ကဗျာဆရာမောင်ဆောင်းခကို ရွှေပြည်သာမြို့နယ်တရားရုံး၌ (၁၂) ကြိမ်မြောက်ရုံးထုတ်ရာ တရားလိုပြသက်သေအား စစ်ဆေး

ပုဒ်မနှစ်ခုဖြင့် တရားစွဲခံထားရသည့် ကဗျာဆရာမောင်ဆောင်းခကို ရွှေပြည်သာမြို့နယ်တရားရုံး၌ (၁၂) ကြိမ်မြောက်ရုံးထုတ်ရာ တရားလိုပြသက်သေအား စစ်ဆေး
Published 15 February 2016
ရှိုင်းလင်းအောင်၊ မျိုးဇော်ဦး

ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် ကဗျာဆရာမောင်ဆောင်းခကို ရွှေပြည်သာမြို့နယ်တရားရုံး၌ ၁၂ ကြိမ်မြောက် ရုံးထုတ်ခဲ့ရာ တရားလိုပြသက်သေအား ဖေဖော်ဝါရီ ၁၅ ရက်က စစ်ဆေးခဲ့ကြောင်း သိရသည်။တရားလိုပြသက်သေဖြစ်သော ကိုဝင်းနိုင်စိုးသည် ရွှေပြည်သာမြို့နယ်အတွင်း မိတ္တူ ဆိုင်ဖွင့်ထားကြောင်း သိရပြီး တရားလိုရဲမှူးသိန်းဝင်း Screenshot ရိုက်ထားသည့် ကဗျာဆရာ မောင်ဆောင်းခ၏ ကဗျာစာသားများကို ပရင့်ထုတ်ပေးခဲ့ကြောင်း သိရသည်။အဆိုပါ လိုပြသက်သေဖြစ်သူ ကိုဝင်းနိုင်စိုးအား နှစ်ဖက်ရှေ့နေများက တွဲဖက်မြို့ နယ်တရားသူကြီး(၂) တရားခွင်အတွင်း အပြန်အလှန်မေးခွန်းများ မေးမြန်းခဲ့ကြသည်။တရားခွင်အတွင်း တရားလိုပြသက်သေက ရဲမှူးသိန်းဝင်း Screenshot ရိုက်ထားသော ကဗျာကို Facebook တွင် မောင်ဆောင်းခနှင့် friend မဖြစ်သော်လည်း ဖတ်ရှုရပါကြောင်း၊ ကဗျာပါစာသားများကို ဖတ်ရှုရချိန်တွင် ယခုကဲ့သို့ စည်းပျက်ကမ်းပျက်ဖြစ်နေသော အရေးအသားများကို ထိတ်လန့်ခဲ့ရပါကြောင်း၊ ကဗျာကို မလေ့လာဖူးသော်လည်း အဆိုပါစာသားများကို ကဗျာမှန်းသိရှိပါကြောင်း၊ ကဗျာထဲတွင် ရေးသားထားသည့် သမ္မတကြီးဆိုသည်မှာ မြန်မာနိုင်ငံသမ္မတကို ရည်ညွှန်းခြင်းဟု ထင်မြင်ယူဆမိပါကြောင်း၊ စည်းပျက်ကမ်းပျက်ဖြစ်နေသော အရေးအသားများကို အပေါ်က အရေးမယူဘူးလားဟူ၍ စိုးရိမ်ပူပန်ခြင်း ရှိခဲ့ပါကြောင်း တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။လိုပြသက်သေ တရားခွင်အတွင်း ထွက်ဆိုမှုများနှင့် ပတ်သက်၍ တရားစွဲဆိုခံထားရသော လူငယ်ကဗျာ ဆရာမောင်ဆောင်းခ၏ ရှေ့နေဦးကြည်သာဖုန်းမြင့်က“ သူငယ်ငယ် ကိုးတန်း ၁၀ တန်းက ဖတ်ခဲ့ရတဲ့ကဗျာနဲ့မတူဘူးလို့ လိုပြသက်သေက ပြောတယ်။ ဒီဘက်ခေတ်ကဗျာတွေကို ဖတ်ဖူးလား မေးတော့ ဖတ်ဖူးပါတယ်တဲ့။ ဒါပေမဲ့တစ်ချို့ဟာတွေ နားမလည်တာရှိသလို တစ်ချို့ဟာတွေလည်း နားလည်ပါတယ်လို့ ဖြေတယ်။ အရင်တုန်းက ချစ်သမီးတို့၊ ဦးခွန်ဂျာလီတို့ပေါ့။ ဒီအမှုတွေ အားလုံးကို ရဲကပဲ တရားလို လုပ်ပြီးတော့ စွဲထားတာတွေပေါ့။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခြိမ်းခြောက်တဲ့ အမှုကျတော့ တိုင်တန်းခြင်းမရှိလို့ တရားမစွဲဘူးလို့ ရဲကပြောထားတယ်”ဟု ဖေဖော်ဝါရီ ၁၅ ရက်က ရုံးချိန်းအပြီးတွင် ပြောကြားသည်။မောင်ဆောင်းခသည် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ၎င်း၏ ကိုယ်ပိုင် Facebook စာမျက်နှာပေါ်၌ ‘ပုံရိပ်’အမည်ရှိ ကဗျာအား ရေးသားဖော်ပြခဲ့သည်။ယင်းကဗျာအား ရေးသားခဲ့သည့်အတွက် မောင်ဆောင်းခအား ရွှေပြည်သာမြို့နယ်ရဲမှူးက တရားလိုပြုလုပ်ကာ တိုင်တန်းခဲ့သဖြင့် ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် မူလက တရားစွဲဆိုခံရသည့်အပြင် တရားလို ရဲမှူးသိန်းဝင်းက နိုင်ငံရေးပုဒ်မ ၅၀၅ (ခ) ဖြင့် ထပ်တိုးတရားစွဲဆိုခဲ့သဖြင့် ပုဒ်မနှစ်ခုဖြင့် တရားရင်ဆိုင်နေရဆဲဖြစ်သည်။လာမည့် ဖေဖော်ဝါရီ ၂၃ ရက်တွင် ရွှေပြည်သာမြို့နယ်တရားရုံး၌ မောင်ဆောင်းခ၏ အမှုကို စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။               

Most Read

Most Recent