ရန်ပွဲ ဖြစ်ပွားခဲ့သည့် မက္ကဆီကို ထောင်တွင် ချွေးထုတ်ခန်း၊ ငါးမွေးကန်နှင့် ဘားတို့ကို တွေ့ရှိခဲ့

ရန်ပွဲ ဖြစ်ပွားခဲ့သည့် မက္ကဆီကို ထောင်တွင် ချွေးထုတ်ခန်း၊ ငါးမွေးကန်နှင့် ဘားတို့ကို တွေ့ရှိခဲ့
Published 15 February 2016

အကျဉ်းသား ၄၉ ဦး သေဆုံးခဲ့သော ရန်ပွဲဖြစ်ပွားခဲ့သည့် မက္ကဆီကိုရှိ အကျဉ်းထောင် တစ်ခုထဲတွင် ငါးအလှမွေးကန်၊ ရွှေ့ပြောင်းနိုင်သော ချွေးထုတ်ခန်းများနှင့် ဘားတစ်ခုပင် ရှိပြီး ဇိမ်ခံ အကျဉ်းခန်းများကို အာဏာပိုင်များက တွေ့ရှိခဲ့ရသည်ဟု တာဝန်ရှိသူများက ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြောကြားခဲ့သည်။ နျူဗိုလီယွန်ပြည်နယ်၊ မြောက်ပိုင်း စက်မှုမြို့ မွန်တာရေးရှိ တိုပိုချီကို အကျဉ်းထောင်၏ ထောင်ပိုင်သည် ဖမ်းဆီးခံခဲ့ရပြီး မူးယစ်မှောင်ခိုကူးမှုနှင့် လုံခြုံရေး အစီအမံများ ပျက်ကွက်ခဲ့သည်ဟု စွပ်စွဲခံရသည်။ ဖေဖော်ဝါရီ ၁၁ ရက်က ဖြစ်ပွားခဲ့သော ယင်းရန်ပွဲအတွင်း အကျဉ်းသားတစ်ဦးကို ပစ်သတ်ခဲ့မှုဖြင့် အစောင့်တစ်ဦးသည် စွဲချက်များ ရင်ဆိုင်နေရသည်။အီခရက်ဒို နာမည်တုကိုလည်းသုံးသော မူးယစ်ဂိုဏ်းခေါင်းဆောင် အီဗန်ဟာနန်ဒက်ကန်တူ၏ အကျဉ်းခန်းတွင် အကြီးစားအိပ်ရာ၊ ကြီးမားသော မျက်နှာပြင်ပြား တီဗွီနှင့် ဇိမ်ခံရေချိုးခန်းတစ်ခု ရှိနေကြောင်း၊ ရန်ပွဲဖြစ်နေသည့် အချိန်က သူနှင့်အတူ အမျိုးသမီးတစ်ဦး ပါရှိနေကြောင်း နျူဗိုလီယွန်ပြည်နယ် အစိုးရ ရှေ့နေချုပ် ရောဘတ်တိုဖလော်ရက်စ်က ဆိုသည်။ နာမည်တု Z-27 ကို သုံးစွဲသော အခြားမူးယစ်ဂိုဏ်းခေါင်းဆောင် ယွမ်ပက်ဒရိုဇယ်ဒီဗာဖာရပ်စ်နှင့် ဟာနန်ဒက်တို့အကြား အကျဉ်းထောင်ကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းရာမှ အငြင်းပွားမှုမှတစ်ဆင့် ရန်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ယင်းရန်ပွဲတွင် သေဆုံးသူ အများစုသည် အခြားအကျဉ်းသားများ၏ တုတ်ဖြင့် ရိုက်ခြင်းနှင့် ဓားဖြင့်ထိုးခြင်းတို့ကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ယင်းဖြစ်စဉ် အပြီးတွင် ယင်းမူးယစ်ဂိုဏ်းခေါင်းဆောင် နှစ်ဦး အပါအဝင် အကျဉ်းသား ၂၃၃ ဦး ကို အခြားအကျဉ်းထောင်များသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ အကျဉ်းသားများ၏ ဆွေမျိုးများကမူ ထောင်အတွင်း ကျွေးသော စားစရာများ မကောင်းသဖြင့် ရေနှင့်စားစရာကို ဈေးကြီးပေး၍ ဝယ်ယူနေရကြောင်း ပြောကြားခဲ့သည်။    ယင်းထောင်၏ အကျဉ်းခန်းများ၌ လေအေးပေးစက်များ၊ ရေခဲသေတ္တာငယ်များ၊ တီဗီများ၊ ငါးကန်များ၊ ချွေးထုတ်ခန်းများ၊ စားသောက်ဆိုင်ငယ်များ၊ ကုန်စုံစတိုးများနှင့် ဘားတစ်ခုပင် ရှိနေသည်ဟု အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ရာဇဝတ်သားများ ဝတ်ပြုကိုးကွယ်သော Santa Muerte ရုပ်တု ရာနှင့်ချီကိုလည်း တွေ့ရှိခဲ့သည်။ ယင်းထောင်တွင် ရန်ပွဲဖြစ်ချိန်က အကျဉ်းသား ၃၈၀၀ ရှိပြီး ဆံ့နိုင်သော ပမာဏထက် ၃၅ ရာခိုင်နှုန်း ကျော်လွန်နေကြောင်း သိရသည်။ ရန်ပွဲအပြီး နောက်တစ်နေ့တွင် ယင်းထောင်ထဲမှ ဓားများ၊ တူများနှင့် မူးယစ်ဆေးများကိုလည်း တာဝန်ရှိသူများက တွေ့ရှိခဲ့သည်။Ref: AFP

Most Read

Most Recent