သြစတြေးလျတွင် ဒေါ်လာသန်း ၇၀၀ ကျော် တန်ဖိုးရှိသော မက်သာဖက်တမင်းများကို ဖမ်းဆီးရမိ

သြစတြေးလျတွင် ဒေါ်လာသန်း ၇၀၀ ကျော် တန်ဖိုးရှိသော မက်သာဖက်တမင်းများကို ဖမ်းဆီးရမိ
Published 15 February 2016

သြစတြေးလျရဲများသည် သြစတြေးလျဒေါ်လာ တစ်ဘီလျံကျော် (အမေရိကန် ဒေါ်လာ ၇၁၂ သန်း) တန်ဖိုးရှိသော ice ခေါ် မက်သာဖက်တမင်းများကို ဖမ်းဆီးမိခဲ့ရာ ယင်းသည် နိုင်ငံ၏ သမိုင်းတွင် အကြီးမားဆုံး မူးယစ်ဆေး ဖမ်းဆီးမှုကြီး တစ်ခု ဖြစ်လာသည်ဟု ဖေဖော်ဝါရီ ၁၅ ရက်တွင် အာဏာပိုင်များက ပြောကြားခဲ့သည်။ ယင်း မက်သာဖက်တမင်း အချို့ကို ဘရာစီယာထဲ၌ ထည့်ရသည့် အလွှာတစ်မျိုးထဲတွင် ထည့်၍ ဝှက်ထားခဲ့ကြကြောင်း သိရသည်။တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သော စစ်ဆင်ရေးအတွင်း သြစတြေးလျ နိုင်ငံသမိုင်း၌ အကြီးမားဆုံး ယခု မက်သာဖက်တမင်းအရည် ဖမ်းဆီးမှုကြီးကို လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ တရုတ်နှင့် ပူးပေါင်းသည့် ထိုစစ်ဆင်ရေးအတွင်း စုစုပေါင်း ဟောင်ကောင်သား သုံးဦးနှင့် တရုတ် တစ်ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။ ဖမ်းဆီးမိခဲ့သော မက်သာဖက်တမင်းများ၏ ကာလပေါက်ဈေးသည် သြစတြေးလျ ဒေါ်လာ ၁ ဒသမ ၂၆ ဘီလျံ တန်ဖိုးရှိကြောင်း သိရသည်။ “ဒီနေ့ အချိန်အထိ ဖမ်းဆီးမိခဲ့တဲ့ထဲမှာ အကြီးမားဆုံးဖြစ်တဲ့ အခု မက်သာဖက်တမင်းတွေဟာ အကျိုးအမြတ် များတဲ့ သြစတြေးလျ ice ဈေးကွက်ကို ပစ်မှတ်ထားလာတဲ့ ပြည်ပက အုပ်စုဖွဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ လက်ချက် ဖြစ်ပါတယ်” ဟု သြစတြေးလျ တရားရေးဝန်ကြီး မိုက်ကယ်ကီနန်က ပြောကြားခဲ့သည်။၂၀၁၅ ခုနှစ် ဒီဇင်ဘာလက သြစတြေးလျ နယ်စပ်တပ်ဖွဲ့သည် ဟောင်ကောင်မှ ဆစ်ဒနီသို့ ရောက်လာသည့် သင်္ဘောကွန်တိန်နာ တစ်ခုထဲတွင် မက်သာဖက်တမင်းများကို တွေ့ရှိခဲ့ကြသည်။ ထိုကွန်တိန်နာ၏ လာရာ မူရင်းဒေသသည် တရုတ်ပြည်မကြီး ဖြစ်သည်။ ထိုတွေ့ရှိမှုနောက်ပိုင်း တရုတ်နှင့် ပူးပေါင်းလုပ်ဆောင်သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်ကို စတင်ခဲ့ခြင်း ဖြစ်သည်ဟု သြစတြေးလျ ဖက်ဒရယ် ရဲတပ်ဖွဲ့၏ အုပ်ချုပ်သူ အရာရှိ ခရစ်ရှီဟန်က ပြောကြားခဲ့သည်။ယခု ဖမ်းဆီးမှုထဲတွင် မက်သာဖက်တမင်းအရည် လီတာ ၁၉၀ ကို ဘရာစီယာထဲ၌ ထည့်ရသော ဂျယ်ပုံစံ အလွှာများထဲတွင် ဖွက်လာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ တရုတ်နှင့် ပူးပေါင်းသည့် စစ်ဆင်ရေးအတွင်း ဇန်နဝါရီလက အသက် ၃၃ နှစ်အရွယ် ဟောင်ကောင် အမျိုးသား တစ်ဦးကို ဖမ်းဆီး မိခဲ့သည်။ ထို့နောက် အသက် ၃၇ နှစ်နှင့် ၅၂ နှစ်အရွယ် ဟောင်ကောင် အမျိုးသားနှင့် အမျိုးသမီး၊ အသက် ၅၉ နှစ်အရွယ် တရုတ်အမျိုးသား တစ်ဦးတို့ကို ထပ်မံဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။သြစတြေးလျ ဝန်ကြီးချုပ် မယ်ကွန်တန်ဘူးက နိုင်ငံအတွင်း၌ ice သုံးစွဲမှု မြင့်တက်လာခြင်းအပေါ် တိုက်ဖျက်ရန် သြစတြေးလျ ဒေါ်လာ သန်း ၃၀၀ အကုန်အကျခံ၍ တိုက်ဖျက်မည်ဟု ပြောကြားခဲ့ပြီး နှစ်လအကြာတွင် ယခုကဲ့သို့ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။                                         Ref: AFP

Most Read

Most Recent