အိုဘားမားက အရှေ့တောင်အာရှ ခေါင်းဆောင်များကို ကန္တာရ အပန်းဖြေ စခန်း၌ ဧည့်ခံ တွေ့ဆုံ

အိုဘားမားက အရှေ့တောင်အာရှ ခေါင်းဆောင်များကို ကန္တာရ အပန်းဖြေ စခန်း၌ ဧည့်ခံ တွေ့ဆုံ
Published 15 February 2016

အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် ပြည်တွင်းရေး ကိစ္စများကို ဘေးဖယ်ကာ အလျင်အမြန် ဖွံ့ဖြိုးလားနေသော အရှေ့တောင်အာရှ နိုင်ငံများနှင့် ရေရှည်ဆက်ဆံရေး မြှင့်တင်သည့် အနေဖြင့် အရှေ့တောင်အာရှ ခေါင်းဆောင်များအား ကယ်လီဖိုးနီးယား ကန္တာရ အပန်းဖြေစခန်းတွင် ဖေဖော်ဝါရီ ၁၅ ရက်၌ ဧည့်ခံ တွေ့ဆုံခဲ့သည်။အိုဘားမားသည် အရှေ့တောင်အာရှ ၁၀ နိုင်ငံမှ ကိုယ်စားလှယ်များကို ဖရန့်ဆွာထရာနှင့် ဒွိုက်အိုင်စင်ဟောင်ဝါးမှ အစပြုသည့် အမေရိကန်သမ္မတများ နှစ်ခြိုက်ရာ ဧက ၂၀၀ ကျယ်သည့် အပန်းဖြေစခန်းဖြစ်သော Sunnylands တွင် ကြိုဆိုခဲ့သည်။ဧည့်သည်များ အနေဖြင့် အိမ်ဖြူတော်သို့ လည်ပတ်ရန်နှင့် Oval Office ၌ ဓာတ်ပုံရိုက်ကူးရန် ပိုမို နှစ်ခြိုက်နိုင်ဖွယ် ရှိသော်လည်း အိုဘားမားသည် သူ၏ရှေ့မှ အမေရိကန်သမ္မတများ နည်းတူ ခြောက်သွေ့သော လေထု၊ ကြည်လင်သန့်စင်သော ကောင်းကင်နှင့် စိမ်းလန်းစိုပြေသော ဂေါက်ကွင်းရှိရာ နေရာကို ပိုမိုနှစ်ခြိုက်ခဲ့သည်။ထိပ်သီးဆွေးနွေးပွဲ မစမီ အိုဘားမားသည် ရောက်ရှိလာသော ကိုယ်စားလှယ်များနှင့် နှစ်ရက်ကြာ အချိန်ဖြုန်းခဲ့သေးသည်။အိုဘားမား အနေဖြင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီ၌ သမ္မတရာထူးမှ မထွက်ခွာမီ ယခု ထိပ်သီးဆွေးနွေးပွဲနှင့် ဂုဏ်သိက္ခာမြင့်မားသော နေရာကို အာဆီယံ၏ အရေးကြီးပုံအား ပြသရန် အခွင့်အလမ်းတစ်ရပ်အဖြစ် အိမ်ဖြူတော်က ရှုမြင်ထားသည်။အာဆီယံနှင့် ဆက်ဆံရေးကို မြှင့်တင်သည့် အနေဖြင့် အိုဘားမားသည် ယခုနှစ် နောက်ပိုင်းတွင် ဗီယက်နမ်နှင့် လာအိုနိုင်ငံများသို့ သွားရောက်ရန်လည်း ရည်ရွယ်ထားသည်။အာဆီယံ ခေါင်းဆောင်များအနက် ဗီယက်နမ်နှင့် မြန်မာတို့သည် ၎င်းတို့၏ ပြည်တွင်း၌ စိန်ခေါ်မှုများကို ကြုံတွေ့နေရသောကြောင့် အမေရိကန်သို့ လာရောက်ရန် အစီအစဉ်များကို ဖျက်သိမ်းကာ ကိုယ်စားလှယ်များကိုသာ ရွေးချယ်စေလွှတ်ခဲ့ကြသည်။တစ်ချိန်က အမေရိကန်၏ မူဝါဒတွင် အာဆီယံအဖွဲ့ကို ထိထိရောက်ရောက် လုပ်ကိုင်နိုင်ရန်အတွက် သေးငယ်လွန်း၊ ကွဲပြားခြားနားလွန်း၊ အလုပ်မဖြစ်လွန်းသည့် အဖွဲ့ဟု ယူဆထားခဲ့ဖူးသည်။သို့သော် သူ၏ ဘဝအစောပိုင်း နှစ်အနည်းငယ်က အင်ဒိုနီးရှားတွင် နေထိုင်ခဲ့ဖူးသော အိုဘားမားသည် သူ့အနေဖြင့် များစွာ အမွှမ်းတင်ထားသော အာရှအဓိက မူဝါဒအတွက် အာဆီယံကို အဓိကကျသည့် အခန်းကဏ္ဍ၌ ရှိကြောင်း သတ်မှတ်ခဲ့သည်။“အခုတော့ အာဆီယံဟာ အမေရိကန်အတွက် ကြီးကြီးမားမား စိတ်ဝင်စားစရာ ဖြစ်လာပါပြီ” ဟု အိုဘားမား၏ ထိပ်တန်း နိုင်ငံခြားရေး မူဝါဒ အကြံပေးပုဂ္ဂိုလ် ဘင်ရိုဒက်က ပြောကြားခဲ့သည်။“အာဆီယံ ၁၀ နိုင်ငံ ပေါင်းလိုက်ရင် ကမ္ဘာ့သတ္တမမြောက် စီးပွားရေး အင်အားအကြီးဆုံး ဖြစ်ပါတယ်။ သူ့ရဲ့ ရေကြောင်းလုံခြုံရေး၊ အကြမ်းဖက်မှု တန်ပြန်ရေးနဲ့ ပင်လယ်ဓားပြ တန်ပြန်ရေးတွေ ဘယ်လိုပဲရှိရှိ လုံခြုံရေး အကြောင်းအရာအတွက် အရေးကြီးတဲ့ ဆက်စပ်မှု ရှိပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။အိုဘားမား အစိုးရအဖွဲ့သည် ဒေသတွင်း၌ သြဇာလွှမ်းမိုးနေသော တရုတ်ကို တန်ပြန်မှု တစ်စိတ်တစ်ပိုင်းအဖြစ် အာဆီယံ နိုင်ငံများ ပိုမိုခိုင်မာစွာ ပူးပေါင်းဆောင်ရွက်ကြစေရန် ကြိုးပမ်းခဲ့သည်။Ref: AFP

Most Read

Most Recent