ပုပ်ရဟန်းမင်းကြီးက မက္ကဆီကိုတွင် မူးယစ်မှောင်ခိုဂိုဏ်းဝင်များ ကင်းစင်ရန် လိုလား

ပုပ်ရဟန်းမင်းကြီးက မက္ကဆီကိုတွင် မူးယစ်မှောင်ခိုဂိုဏ်းဝင်များ ကင်းစင်ရန် လိုလား
Published 15 February 2016

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ရာဇဝတ်မှုများဖြင့် ပြည့်နှက်နေသော မက္ကဆီကိုစီးတီးတွင် လူပေါင်း ၃၀၀,၀၀၀ အား ဖေဖော်ဝါရီ ၁၄ ရက်က မိန့်ခွန်းပြောကြားစဉ်အတွင်း မကောင်းဆိုးဝါးများအား ဖယ်ရှားကြရန်နှင့် မူးယစ်မှောင်ခိုဂိုဏ်းဝင်များ ကင်းစင်သည့် နိုင်ငံတစ်နိုင်ငံကို တည်ဆောက်ကြရန် တိုက်တွန်းခဲ့သည်။ပုပ်ရဟန်းမင်းကြီးသည် မိန့်ခွန်းပြောကြားရန်အတွက် မက္ကဆီကိုစီးတီး၏ စရိုက်ကြမ်းသော ဆင်ခြေဖုံးတစ်ခုဖြစ်သည့် အီကာတေပက်ကို ရွေးချယ်ခဲ့ပြီး အဓိက အကြောင်းအရာ နှစ်ခုအဖြစ် မူးယစ်ဂိုဏ်းများနှင့် ပတ်သက်သော အကြမ်းဖက်မှုနှင့် ရွှေ့ပြောင်းအခြေချသူများ မြင့်တက်လာမှုတို့ကို ရွေးချယ်ခဲ့သည်။ပုပ်ရဟန်းမင်းကြီးက မက္ကဆီကိုကို ပိုမိုကောင်းမွန်သော မျှော်လင့်ချက်များအတွက် ရွှေ့ပြောင်းရန် မလိုသော၊ မူးယစ်ဆေး အကြမ်းဖက်ဂိုဏ်းများ၏ လက်ဝယ် သတ်ဖြတ်ခံရသော အမျိုးသားနှင့် အမျိုးသမီးများ၊ ကလေးများနှင့် လူငယ်များအတွက် ကြေကွဲပူဆွေးစရာ မလိုသော အခွင့်အလမ်းများဖြင့် ပြည့်နှက်နေသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ကူးပြောင်းကြရန် လူအုပ်ကြီးအား တောင်းဆိုခဲ့သည်။လူဦးရေ ၁ ဒသမ ၆ သန်းနေထိုင်သည့် မြို့တစ်မြို့ဖြစ်သော အီကာတေပက်သည် အမျိုးသမီးများ မကြာခဏ ပျောက်ဆုံးနေမှုအတွက် နာမည်ကြီးလာသောမြို့ ဖြစ်သည်။ ပျောက်ဆုံးသွားသည့် အမျိုးသမီးများ၏ အလောင်းများကို သစ်တုံးများ သို့မဟုတ် တူးမြောင်းများအတွင်း တွေ့ရှိရမှုများ များပြားလာသောကြောင့် သက်ဆိုင်ရာ အာဏာပိုင်များက လွန်ခဲ့သည့်နှစ်အတွင်း အမျိုးသမီးများ အကြမ်းဖက်မှုဆိုင်ရာ သတိပေးမှုများ ထုတ်ပြန်ခဲ့ရသည်။အဆိုပါမြို့သည် မက္ကဆီကို၏ လူဦးရေများသော ပြည်နယ်အတွင်း တည်ရှိပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီမှ ၂၀၁၅ ခုနှစ် စက်တင်ဘာလအတွင်း အမျိုးသမီးပေါင်း ၆၀၀ ခန့် အသတ်ခံခဲ့ရသည်ဟု အမျိုးသမီးများအား သတ်ဖြတ်မှုဆိုင်ရာ အစိုးရမဟုတ်သော အမျိုးသားအရပ်ဘက် လေ့လာရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ခရစ်တော်၏ ပညတ်ချက်အရ ဖြားယောင်းသွေးဆောင်မှု သုံးရပ်ဖြစ်သော ပကာသန၊ မာန နှင့် စည်းစိမ်ချမ်းသာတို့ကို သစ္စာရှိရှိ တွန်းလှန်ကြရန် တောင်းဆိုခဲ့သည်။“ညီအစ်ကိုတော်တွေနဲ့ ညီအစ်မတော်တို့ ဒါကို ဦးထိပ်ပန်ဆင်ကြပါစို့။ မကောင်းဆိုးဝါးနဲ့ မိတ်မဖွဲ့ပါနဲ့။ သူက ကျွန်တော်တို့ကို အမြဲတမ်း အနိုင်ယူမှာမို့ သူနဲ့ မိတ်မဖွဲ့ပါနဲ့။ ဘုရားသခင်ရဲ့ စကားကသာ သူ့ကို အနိုင်ယူနိုင်ပါတယ်” ဟု အသက် ၇၉ နှစ်အရွယ်ရှိ ပုပ်ရဟန်းမင်းကြီးက အထူးပြု ပြောကြားခဲ့ကြောင်း သိရသည်။Ref: AFP

Most Read

Most Recent