တူရကီက ကာ့ဒ်များကို အမြောက်များဖြင့် ပစ်ခတ်ခဲ့အပြီး ဆီးရီးယား အပစ်အခတ် ရပ်စဲရေး မျှော်လင့်ချက် မှေးမှိန်လာ

တူရကီက ကာ့ဒ်များကို အမြောက်များဖြင့် ပစ်ခတ်ခဲ့အပြီး ဆီးရီးယား အပစ်အခတ် ရပ်စဲရေး မျှော်လင့်ချက် မှေးမှိန်လာ
Published 15 February 2016

တူရကီက ကာ့ဒ်စစ်သွေးကြွများကို အမြောက်များဖြင့် ပစ်ခတ်မှု ပြန်လည်ပြုလုပ်ခြင်းနှင့် အမေရိကန်က ရုရှားကို ဆီးရီးယား သူပုန်များအား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေခြင်းအား ရပ်ဆိုင်းရန် တိုက်တွန်းမှု ပြုလုပ်နေချိန်တွင် ယခု သီတင်းပတ်၌ ဆီးရီးယားတွင် ကျင်းပခဲ့သော ဆွေးနွေးပွဲ၌ အပစ်အခတ် ရပ်စဲရေး မျှော်လင့်ချက်မှာ မှေးမှိန်လာခဲ့ကြောင်း သိရသည်။ သီတင်းပတ်တစ်ပတ်အတွင်း ရန်စတိုက်ခိုက်နေမှုများ အဆုံးသတ်ရန်အတွက် ဖေဖော်ဝါရီ ၁၂ ရက်က  မြူးနစ်မြို့တွင် ကျင်းပခဲ့သော လုံခြုံရေး ကွန်ဖရင့်၌ ကမ္ဘာ့အင်အားကြီး နိုင်ငံများက အဆိုပြုခဲ့သော်လည်း ဆီးရီးယားတွင် တင်းမာမှု ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။အမေရိကန်နှင့် ပြင်သစ်၏ တောင်းဆိုမှုများကို အာခံ၍ တူရကီသည် ဆီးရီးယား မြောက်ပိုင်း အလက်ပိုပြည်နယ်တွင် ချီတက်လာနေသော ကာ့ဒ်-အာရပ် မဟာမိတ်များကို ဖေဖော်ဝါရီ ၁၄ ရက်က ဒုတိယမြောက်နေ့အဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဆီးရီးယား အစိုးရက ကန့်ကွက် ရှုတ်ချခဲ့သည်။ တူရကီကမူ ၎င်းတို့သည် နိုင်ငံတွင်း၌ ပိတ်ပင်ထားသော ကာ့ဒ်အလုပ်သမားပါတီ (PKK) နှင့် ဆက်နွှယ်သည်ဟု ယူဆရသော ကာ့ဒ်တပ်ဖွဲ့ဝင်များကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ကာကွယ် ပြောကြားခဲ့သည်။ဆီးရီးယား မြောက်ပိုင်းရှိ ကာ့ဒ်တပ်ဖွဲ့များနှင့် အမေရိကန်က အနီးကပ် ပူးပေါင်း လုပ်ဆောင်နေခြင်းကြောင့် တူရကီ၏ ယခုကဲ့သို့ တိုက်ခိုက်မှုများသည် ဆီးရီးယားနှင့် အီရတ်ရှိ IS အဖွဲ့ကို တိုက်ခိုက်နေသည့် အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့အတွင်း တင်းမာမှုကို မီးမောင်းထိုးပြနေသည်။ ဆီးရီးယား ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် နိုင်ငံတကာ၏ သံတမန်ရေးရာ ကြိုးပမ်းမှုကို ထောက်ခံသော အမေရိကန်နှင့် ရုရှားတို့ အကြားတွင်လည်း သဘောထား ကွဲလွဲမှု ထင်ရှားနေသည်။ဆီးရီးယား သမ္မတ ဘာရှားအယ်အာဆတ်၏ အဓိက မဟာမိတ်ဖြစ်သော ရုရှားအနေဖြင့် ဆီးရီးယားတွင် သူပုန်များကို လေကြောင်းမှ တိုက်ခိုက်မှုများအား ရပ်ဆိုင်းရန် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ဖေဖော်ဝါရီ ၁၄ ရက်တွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ထံ ဖုန်းဆက်၍ တိုက်တွန်းခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်များကို တူရကီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုသည် အလက်ပိုပြည်နယ်တွင် ယခင်ကတည်းက ရှုပ်ထွေးနေသော အခြေအနေကို ပိုမို ဆိုးရွားစေခဲ့သည်။ အမေရိကန် ကျောထောက်ခံပြု ကာ့ဒ်-အာရပ် ပြည်သူ့စစ်ညွန့်ပေါင်း Syrian Democratic Forces (SDF) တို့သည် မကြာသေးမီ ရက်များအတွင်း မင်နက်ဂ် လေတပ်စခန်းကို သိမ်းယူခဲ့ပြီး တူရကီ နယ်စပ်မှ ၁၂ မိုင်ခန့် အကွာရှိ IS အဖွဲ့က အများစု ထိန်းချုပ်ထားသည့် တယ်ရီဖတ်မြို့ကို ထိန်းချုပ်နိုင်ရန်လည်း ကြိုးပမ်းနေကြောင်း သိရသည်။ ကာ့ဒ်တပ်များသည် ဆီးရီးယားရှိ နယ်စပ်တစ်လျှောက် နေရာ အများအပြားကို ထိန်းချုပ်ထားနိုင်ခဲ့ပြီးဖြစ်ပြီး SDF သည် နယ်မြေများအား ထပ်မံထိန်းချုပ်မည်ကို တူရကီက စိုးရိမ်နေသည်။ဆီးရီးယားရှိ အဇက်မြို့ တစ်ဝိုက်ကို တူရကီ စစ်တပ်က အမြောက်များဖြင့် ပစ်ခတ်မှုများကြောင့် တိုက်ခိုက်ရေးသမား သုံးဦး သေဆုံးခဲ့ကြောင်း SDF က ကြေညာခဲ့သည်။ တယ်ရီဖတ်မြို့ အနောက်ပိုင်းတွင် SDF နှင့် အစ္စလာမ္မစ် စစ်သွေးကြွများအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး သူပုန် ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ ဆီးရီးယား အစိုးရက တူရကီ၏ တိုက်ခိုက်မှုသည် ဆီးရီးယား အချုပ်အခြာအာဏာကို ချိုးဖောက်မှု ဖြစ်ပြီး ကုလလုံခြုံရေး ကောင်စီက အရေးယူပေးရန် တိုက်တွန်းခဲ့သည်။Ref: AFP

Most Read

Most Recent