အယ်လ်နီညိုဖြစ်စဉ်ကြောင့် အာဖရိက တောင်ပိုင်းတွင် မိုးခေါင်မှုဖြစ်ပြီး စားနပ်ရိက္ခာဖူလုံရေး ထိခိုက်စေနိုင်ဟု ကုလသမဂ္ဂ သတိပေး

အယ်လ်နီညိုဖြစ်စဉ်ကြောင့် အာဖရိက တောင်ပိုင်းတွင် မိုးခေါင်မှုဖြစ်ပြီး စားနပ်ရိက္ခာဖူလုံရေး ထိခိုက်စေနိုင်ဟု ကုလသမဂ္ဂ သတိပေး
Published 14 February 2016
Ref: AFP

နှစ် ၅၀ အတွင်း အဆိုးရွားဆုံး အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် အာဖရိကတောင်ပိုင်းတွင် ဆိုးရွားသည့် မိုးခေါင်မှုဖြစ်ပွားခဲ့မှုက ယင်းဒေသ၏ စားနပ်ရိက္ခာဖူလုံရေးကို အကြီးအကျယ် ထိခိုက်စေနိုင်သည်ဟု ကုလသမဂ္ဂစားနပ်ရိက္ခာအေဂျင်စီက ဖေဖော်ဝါရီ ၁၂ ရက်တွင် သတိပေးခဲ့သည်။ဇင်ဘာဘွေ၊ မာလာဝီ၊ ဇမ်ဘီယာ၊ တောင်အာဖရိက၊ မိုဇမ်ဘစ်၊ ဘော့ဆွာနာနှင့် မက်ဒါဂါစကာနိုင်ငံတို့၏ ဒေသအများအပြားတွင် မိုးရာသီသည် ပြီးခဲ့သည့် ၃၅ နှစ်အတွင်း အဆိုးရွားဆုံးဖြစ်ခဲ့သည်ဟု ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့ (FAO) ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။နှစ် ၅၀ အတွင်း အဆိုးရွားဆုံး အယ်လ်နီညိုဖြစ်စဉ် စတင်ခဲ့သည့် ၂၀၁၅ -၂၁၀၆ ခုနှစ် စိုက်ပျိုးရေးရာသီ၏ အစောပိုင်းတွင် အာဖရိက တောင်ပိုင်း၌ ဆိုးရွားသည့် မိုးခေါင်မှုပျံ့နှံ့လာခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။အာဖရိကတောင်ပိုင်းရှိ ဒေသအများအပြားသည် စိုက်ပျိုးချိန် နောက်ကျမှု၊ ကောက်ပဲသီးနှံ ကြီးထွားရင့်သန်မှုနှင့် စားကျက်မြေ ပြန်လည်ဖြစ်ထွန်းမှုတို့တွင် ဆိုးရွားသည့် အခြေအနေများနှင့် ကြုံတွေ့ခဲ့ပြီးဖြစ်သည်ဟု FAO ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ဌာနမျိုးစုံ၏ ကြိုတင်ခန့်မှန်းမှုများသည် တညီတညွတ်တည်း ဖြစ်ပြီး အာဖရိကတောင်ပိုင်း၏ ဒေသအများအပြားတွင် ကျန်ရှိသည့် စိုက်ပျိုးရေးရာသီ၌ ပျမ်းမျှမိုးရေချိန်အောက် ကျဆင်း  ပြီး ပျမ်းမျှအပူချိန်ထက် မြင့်မားမှုများ ဆက်လက်ဖြစ်ပေါ်မည်ဟု ခန့်မှန်းထားသည်။မိုးခေါင်မှုဖြစ်ပွားပြီး ပြည်နယ်အများစုတွင် အရေးပေါ်အခြေအနေ ထုတ်ပြန်ထားသည့် တောင်အာဖရိကနိုင်ငံ၏ ပြောင်းဖူး စိုက်ပျိုးထုတ်လုပ်မှုသည့် လာမည့်ရိတ်သိမ်းချိန်၌ တန် ၇ ဒသမ ၄ သန်းသာ ရှိမည်ဟု အကြိုခန့်မှန်းချက် ထုတ်ပြန်ထားသည်။ ယင်းသည် ယခင်နှစ် စိုက်ပျိုးရေးရာသီက အထွက်နှုန်းထက် ၂၅ ရာခိုင်နှုန်း ကျဆင်းမည်ဖြစ်သည်။ဇင်ဘာဘွေနှင့် လီဆိုသိုတို့ တွင်လည်း မိုးခေါင်မှုကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ထားရသည်။ ဘော့ဆွာနာ၊ ဆွာဇီလန်၊ တောင်အာဖရိကနှင့် နမ်မီဘီးယားတို့တွင် မိုးရေချိန်ကျဆင်းမှုကြောင့် ရေကို အကန့်အသတ်ဖြင့် သုံးစွဲနေရသည်။ ၂၀၁၆- ၂၀၁၇ ခုနှစ်တွင် အရေးပေါ်လိုအပ်နေသော လူဦးရေသည် သိသိသာသာ မြင့်တက်လာမည်ဟု ယင်းအစီရင်ခံစာက ဆိုသည်။                           

Most Read

Most Recent