ကိုရီးယား ကျွန်းဆွယ်၏ ကွဲလွဲမှုများ ပိုမိုကြီးထွားလာ

ကိုရီးယား ကျွန်းဆွယ်၏ ကွဲလွဲမှုများ ပိုမိုကြီးထွားလာ
Published 14 February 2016

တောင်နှင့် မြောက်ကိုရီးယားကြားတွင် ဆက်ဆံရေး မတည်ငြိမ်မှုများ အမြဲတစေ ဖြစ်ပေါ်လေ့ရှိ သော်လည်း ယခုတစ်ကြိမ်တွင်မူ နှစ်နိုင်ငံကြားမှ တရားဝင် ဆက်သွယ်ရေးလိုင်းများ အားလုံးကိုပြတ်တောက်သွားပြီး တင်းမာမှုများကို မြင့်တက်စေသည့် အကြောင်းရင်းများမှာလည်း တစ်ပြုံတစ်ခေါင်းကြီး ဖြစ်နေသည့်အတွက် နှစ်နိုင်ငံဆက်ဆံရေးမှာ အန္တရာယ်ဖြစ်နိုင်လောက်အောင် နိမ့်ဆင်းနေသည်။
ပြီးခဲ့သည့် ဆယ်စုနှစ်ခြောက်ခုလုံး သဘောတရားပိုင်းအရ စစ်ဖြစ်နေသည့် အခြေအနေတွင် ရှိနေသော ကိုရီးယားပြိုင်ဘက်နှစ်နိုင်ငံသည် ပဋိပက္ခပေါင်းများစွာနှင့် တွေ့ကြုံခဲ့ရသည်။ သို့သော်လည်း မြောက်ကိုရီးယားက လေးကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုနှင့် တာဝေးပစ် ဒုံးကျည်ပစ်လွှတ်မှုတို့ကို  ပြုလုပ်ပြီးချိန်ဖြစ်သည့်အတွက် လက်ရှိ နှစ်နိုင်ငံဆက်ဆံရေးမှာ အထူးတင်းမာ ခက်ထန်နေသည်။
မြောက်ကိုရီးယားခေါင်းဆောင်က နျူကလီးယားလက်နက် ဖွံ့ဖြိုးရေးကို မဆုတ်မနစ် ဆက်လုပ်သွားမည်ဟု အသေအချာ ပြောကြားနေပြီး တောင်ကိုရီးယား အစိုးရကလည်း မြောက်ကိုရီးယား၏ မည်သည့် ရန်စမှုမျိုးကိုမဆို တင်းတင်းမာမာ တုံ့ပြန်ရန်နှင့် လက်ဦးမှု ရယူရန် ဆုံး ဖြတ်ထားချိန်တွင် နှစ်နိုင်ငံကြား၌ ညှိနှိုင်းခြင်းနှင့် စေ့စပ်ဆွေးနွေးခြင်း တို့မှာလည်း အချိန်ကာလတစ်ခုအထိ ဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိသေးပေ။
မြောက်ကိုရီးယားဘက်တွင် တရုတ်နှင့်ရုရှားတို့ရှိပြီး အခြားတစ်ဖက်တွင် အမေရိကန်၊ တောင်ကို ရီးယား၊ ဂျပန်တို့ ရှိနေသောကြောင့် လက်ရှိအခြေအနေသည် စစ်အေးခေတ်ကာလက အခြေအနေနှင့် ပိုမို ဆင်တူလာခဲ့သည်။
တောင်-မြောက်နှစ်နိုင်ငံ ပူးတွဲ ဖွင့်လှစ်ထားသော ကေဆောင်စက်မှုဇုန်အား ယခုသီတင်းပတ်အတွင်း ပိတ်လိုက်ချိန်တွင် ကိုရီးယားနှစ်နိုင်ငံကြားမှ ကွဲလွဲမှုများမှာ အခြေအနေ အသစ်တစ်ခုထဲသို့ ရောက် ရှိလာခဲ့သည်။ ကိုရီးယားနယ်စပ်မှ ခြောက်မိုင်အကွာ မြောက်ကိုရီးယား နယ်မြေထဲတွင် ရှိနေသော ကေဆောင်စက်မှုဇုန်သည် ပိတ်ပစ်ရမည့်အန္တရာယ်နှင့် တွေ့ကြုံရနိုင်ခြေ မြင့်မားသော်လည်း စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၀၄ ခုနှစ်မှစပြီး ကိုရီးယား ပဋိပက္ခများစွာကို ဖြတ်ကျော်နိုင်ခဲ့သည်။ “ကေဆောင်ရဲ့ အံ့သြဖွယ် အနေအထားဟာ ဒီအထိပဲ ခံခဲ့ပါတယ်”ဟု သြစတြေးလျအမျိုးသားတက္ကသိုလ်မှ မြောက်ကိုရီးယားဆိုင်ရာ ကျွမ်းကျင်ပညာရှင် လီယိုနက်ပီထရို့က ပြောကြားခဲ့သည်။
တောင်ကိုရီးယားကုမ္ပဏီပေါင်း ၁၂၄ ခု ရှိနေသည့် ကေဆောင်စက်မှုဇုန်၏ လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းလိုက်ရန် ဖေဖော်ဝါရီ ၁၀ ရက်က တောင်ကိုရီးယားက ကြေညာလိုက်သည်။ ထိုကြေညာချက်ကို ပြန်လည်တုံ့ပြန်သည့်အနေဖြင့် မြောက်ကိုရီးယားသည် စက်မှုဇုန်ထဲမှ လုပ်ငန်းမန်နေဂျာများ အားလုံးကို မောင်းထုတ်လိုက်ပြီး စက်ရုံများ၏ ပိုင်ဆိုင်မှုများအားလုံးကို ထိန်းချုပ်လိုက်သည်။ လက်ရှိတွင် တောင်ကိုရီးယားက ကေဆောင်စက်မှုဇုန်သို့ ပံ့ပိုးပေးထားသော လျှပ်စစ်နှင့် ရေသွယ်တန်းပေးမှုများကို ဖြတ်တောက်ထားပြီး မြောက်ကိုရီးယားက စက်မှုဇုန်ဝင်းတစ်ခုလုံးကို စစ်အုပ်ချုပ်ရေးအောက်တွင် ထားရှိထားသည်။ “ ကျွန်တော်ကတော့ ကေဆောင်ပြန်ဖွင့်မယ့် အခြေအနေတစ်ခုမှ မမြင်ပါဘူး”ဟု ပီထရို့က ဆိုခဲ့သည်။ ၁၉၉၀ ပြည့်နှစ်များ နှောင်းပိုင်းက ကိုရီးယားနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးမူဝါဒအရ ကေဆောင်စက်မှုဇုန်မှာ ထွက်ပေါ်လာခြင်းဖြစ်သည်။
“ကေဆောင်မရှိတော့တဲ့အတွက် တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံကြားမှာ အခြေခံ ပုံမှန် ဆက်သွယ်စရာတောင် မရှိတော့ပါဘူး။ ဒါဟာ ကြီးမားတဲ့ နောက်ပြန်ဆုတ်မှုကြီးပါပဲ”ဟု ဗြိတိန်မှ ကိုရီးယားဆိုင်ရာကျွမ်းကျင်သူ အေဒင်ဖိုစတာကာတာက ဆိုခဲ့သည်။
ဖေဖော်ဝါရီ ၁၁ ရက်ကလည်း မြောက်ကိုရီးယားသည် နှစ်နိုင်ငံကြားတွင် နောက်ဆုံးကျန်ရှိသော အရေးပေါ် ဆက်သွယ်ရေးဖုန်းလိုင်းနှစ်ခုကို ဖြတ်တောက်လိုက်ကြောင်း ကြေညာခဲ့သည်။ ထိုဖုန်းလိုင်းများသည် ကိုရီးယားနှစ်နိုင်ငံကြားတွင် တွေ့ဆုံမှုများ ပြုလုပ်ရန် စီစဉ်ရာ၌  အဓိကအခန်းကဏ္ဍမှပါဝင်ကြသည်။ နျူကလီးယား စမ်းသပ်မှုနှင့် ဒုံးပျံလွှတ်တင်မှုအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ချမှတ်မည့် မည့်သည့် အရေးယူပိတ်ဆို့မှုကိုမဆို မြောက်ကိုရီးယားက ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်ဖွယ်ရှိနေသည်။
မြောက်ကိုရီးယားက ကျူးကျော်ရန် လေ့ကျင့်နေမှုဟု ရှုမြင်နေသည့် တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ နှစ်ပတ်လည် စစ်ရေး လေ့ကျင့်မှုကြီးများသည်လည်း နောက်လတွင် စတင်တော့မည်ဖြစ်သည်။ ထိုစစ်ရေးလေ့ကျင့်မှုကြီးများ ပြုလုပ်တိုင်း ကိုရီးယားနှစ်နိုင်ငံကြားမှ တင်းမာမှုများမှာ မြင့်တက်လာလေ့ရှိသည်။ တောင်ကိုရီးယားနှင့် အမေရိကန်ကလည်း ယခုနှစ် မတ်လတွင်ပြုလုပ်မည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုကြီးသည် ပုံမှန်ထက် ကြီးမားမည်ဟု ဆိုထားသည့်အတွက် မြောက်ကိုရီးယား ဘက်မှလည်း ပိုမိုပြင်းထန်စွာ ပြန်လည်တုံ့ပြန်လာနိုင်သည်။ “ဒီအခြေအနေတွေကြောင့် တင်းမာမှုတွေဟာ ပြီးခဲ့တဲ့နှစ်အတွင်း မည်သည့် ကာလကထက်မဆို မြင့်တက်လာလိမ့်မယ်လို့ ကျွန်တော် ထင်မြင်မိပါတယ်”ဟု ဆိုးလ်အမျိုးသား တက္ကသိုလ်မှ အဆင့်မြင့်လေ့လာသူတစ်ဦးဖြစ်သည့် ချောင်ယောင်ဆွတ်က ပြောကြားခဲ့သည်။

Most Read

Most Recent